【 နိုင်ငံတကာ 】 ဂျာမနီရှိ တူရကီကောင်စစ်ဝန်ရုံးကို အကြမ်းဖက်သမားများ တိုက်ခိုက်

【 နိုင်ငံတကာ 】 ဂျာမနီရှိ တူရကီကောင်စစ်ဝန်ရုံးကို အကြမ်းဖက်သမားများ တိုက်ခိုက်

ဟန်နိုဗာ၊ မတ် - ၂၈

ဂျာမနီနိုင်ငံ အနောက်မြောက်ပိုင်းရှိ Lower Saxony မြို့တော် ဟန်နိုဗာမြို့ရှိ တူရကီကောင်စစ်ဝန်ရုံး အဆောက်အအုံကို အကြမ်းဖက်သမား ၁၂ ဦးမှ တိုက်ခိုက်ခဲ့ရာမှာ ရုံးရဲ့အဓိက ဝင်ပေါက်ဝ ပျက်စီးသွားခဲ့ကြောင်း တူရကီအစိုးရသတင်းဌာန Anadolu က ဖော်ပြခဲ့ပါတယ်။

အင်္ဂါနေ့က တိုက်ခိုက်မှုတွင် မည်သူမျှ ထိခိုက်ဒဏ်ရာရခြင်းမရှိသော်လည်း အဆောက်အအုံ ပျက်စီးသွားခဲ့ကြောင်း Anadolu က ပြောကြားပြီး တိုက်ခိုက်သူများသည် ပင်မဝင်ပေါက်တွင် မှန်များကိုခွဲကာ လျင်မြန်စွာ ထွက်ပြေးသွားခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။

တူရကီနိုင်ငံခြားရေးဝန်ကြီးဌာနက ဗုဒ္ဓဟူးနေ့တွင် အဆိုပါဖြစ်ရပ်နှင့်ပတ်သက်၍ ကြေညာချက် ထုတ်ပြန်ခဲ့ပြီး တရားမဝင် ကာဒစ်စတန် အလုပ်သမားပါတီ (PKK) ကို စွပ်စွဲခဲ့ကာ ယင်းအဖွဲ့ကို တူရကီနှင့် နိုင်ငံတကာအသိုက်အဝန်းအများအပြားမှ အကြမ်းဖက်အဖွဲ့အဖြစ် စာရင်းသွင်းထားပြီး အကြမ်းဖက်တိုက်ခိုက်မှုကို ကြိုးကိုင်လျက်ရှိတယ် ဆိုပါတယ်။

ဝန်ကြီးဌာနက “တိုက်ခိုက်မှုအပြီးမှာ ဂျာမန်အရာရှိတွေကို ကျွန်တော်တို့ရဲ့ နိုင်ငံသားတွေနဲ့ သံတမန် မစ်ရှင်တွေရဲ့ လုံခြုံရေးအတွက် သူတို့မှာ တာဝန်ရှိကြောင်းနဲ့ ဥရောပမှာရှိတဲ့ တူရကီအသိုင်းအဝိုင်းအပေါ် ရန်စမှုတွေကို သည်းမခံနိုင်ဘူးလို့ သတိပေးခဲ့တယ်” လို့ ပြောခဲ့ပါတယ်။  

တနင်္ဂနွေနေ့က Nevruz အခမ်းအနားများအပြီး ၎င်းတို့နေရပ်သို့ ပြန်လာသော ကာ့ဒ်မိသားစုများကို လူမျိုးရေးခွဲခြားသည့် တိုက်ခိုက်မှုတစ်ခု ပြုလုပ်ခံခဲ့ရပြီးနောက် မကြာမီ အဆိုပါတိုက်ခိုက်မှု ဖြစ်ပေါ်လာခြင်းဖြစ်ပြီး တိုက်ခိုက်ခံရမှုတွင် တော်တော်များများ ဒဏ်ရာရခဲ့ပါတယ်။

Nevruz အခမ်းအနားကို နွေဦး၏ မတ်လ ဒုတိယအပတ် ပထမနေ့တွင် ကာ့ဒ်တို့က ကျင်းပလေ့ရှိပါတယ်။တိုက်ခိုက်သူများသည် မော်တော်ကားများကို ဖျက်ဆီးကာ လူဒါဇင်ပေါင်းများစွာ ခိုလှုံနေသည့် Heusden-Zolder ရှိ အိမ်တစ်လုံးသို့ အတင်းဝင်ရောက်ရန် ကြိုးပမ်းခဲ့ကြောင်း သိရပါတယ်။

မျက်မြင်သက်သေများ၏ အဆိုအရ တိုက်ခိုက်သူများသည် နေအိမ်ကို မီးတင်ရှို့ရန် ကြိုးစားခဲ့ပြီး နေအိမ်ရှိအတွင်း လူ ၄၀ ခန့်ကို အန္တရာယ်ပြုခဲ့ကြောင်း သိရပါတယ်။

ကာ့ဒ်များသည် တူရကီ၏ အကြီးဆုံးလူမျိုးစုဖြစ်ပြီး လူဦးရေ၏ ၁၈ ရာခိုင်နှုန်းခန့်ရှိပါတယ်။ဒီအစုအဖွဲ့မှာ နိုင်ငံအတွင်း ခွဲခြားဆက်ဆံမှုတွေနဲ့ အကြမ်းဖက်မှုတွေ သမိုင်းရှည်ကြာစွာ ရင်ဆိုင်ခဲ့ရပါတယ်။

မကြာသေးမီက တူရကီတွင် ကာ့ဒ်များအပေါ် အမုန်းပွားစေသော ရာဇဝတ်မှုများ တိုးပွားလာခဲ့ပါတယ်။

စိုးချစ်
သတင်းရင်းမြစ် - Turkishminute