【 နိုင်ငံတကာဆောင်းပါး 】 အာရှယဉ်ကျေးမှု ပုံစံတူရှိတဲ့ ဝါးလုံးအက

【 နိုင်ငံတကာဆောင်းပါး 】 အာရှယဉ်ကျေးမှု ပုံစံတူရှိတဲ့ ဝါးလုံးအက

တေးသီချင်းသံမြူးမြူး မြင်ကွင်းဆန်းဆန်းတွေနဲ့အတူ ရင်သပ်ရှုမောဖွယ် စိတ်အာရုံကို ဖမ်းစားနိုင်စွမ်းရှိတဲ့ အကအလှမျိုးစုံ ကမ္ဘာပေါ်မှာ ရှိနေကြပါတယ်။

ဒီအထဲ ဝါးလုံးတွေကို အသုံးပြုတဲ့ ရိုးရာယဉ်ကျေးမှု ကကွက်တွေကိုဆိုရင် မြန်မာနဲ့ အခြားအိမ်နီးချင်းနိုင်ငံတွေမှာ ပုံစံမျိုးစုံနဲ့ရှိနေတာကို တွေ့ရမှာဖြစ်ပါတယ်။

အခုတစ်ခါမှာတော့ အိမ်နီးချင်းနိုင်ငံတွေမှာရှိကြတဲ့ ဝါးလုံးအက ယဉ်ကျေးမှုတချို့ကို လက်လှမ်းမီသလောက် စုစည်းတင်ပြပေးသွားမှာဖြစ်ပါတယ်။

တကယ်တော့ ဝါးလုံးချောင်းတွေကို အသုံးပြုတဲ့ အကပုံစံက အာရှနိုင်ငံတချို့ရဲ့ ယဉ်ကျေးမှုပြယုဂ်တွေဖြစ်ပြီး ရိုးရာအဖြစ် တည်ရှိနေတာကို တွေ့ရမှာဖြစ်ပါတယ်။ဒါဟာ ဒေသတွင်းနိုင်ငံအချင်းချင်းကြား မျိုးရိုးဗီဇနဲ့ ယဉ်ကျေးမှုဆိုင်ရာ ရင်းနှီးတဲ့ ဆက်ဆံရေးတည်ရှိမှုကိုလည်း ကိုယ်စားပြုပြီးသား ဖြစ်နေပြန်ပါတယ်။ဒီတော့ ဝါးလုံးချောင်းကို အသုံးပြုတဲ့ ယဉ်ကျေးမှုနဲ့ ရိုးရာကကွက်တွေ ဘယ်နိုင်ငံတွေမှာရှိနေကြပါသလဲ ..။

           ဝါးလုံးချောင်း အသုံးပြု အကရိုးရာရှိရာ နိုင်ငံများ

ဝါလုံးချောင်း အသုံးပြုတဲ့ ကကွက်တွေကို မြန်မာတိုင်းရင်းသားတချို့ဖြစ်တဲ့ ကရင်နဲ့ ကချင် တိုင်းရင်းသားအကအပြင် နိုင်ငံရပ်ခြားမှာတော့ အမျိုးမျိုးသော မတူညီတဲ့ပုံစံတွေနဲ့လည်း တွေ့ရမှာဖြစ်ပါတယ်။ဒီအထဲ အရှေ့အာရှမှာတော့ ဒီအကတွေကို အများအပြားတွေ့ရမှာဖြစ်ပြီး ဖိလစ်ပိုင်၊ တရုတ်၊ အိန္ဒိယ၊ ထိုင်ဝမ်၊ ဗီယက်နမ်၊ ထိုင်း စတဲ့ နိုင်ငံတွေရဲ့ ယဉ်ကျေးမှုအကတွေ ပါဝင်ပါတယ်။ဒီနေရာမှာဆိုရင် အာရှနိုင်ငံတချို့မှာရှိတဲ့ ဝါးလုံးအသုံးပြုအကလို့ ဖော်ပြပေမယ့် ကမ္ဘာအရပ်ရပ်မှာ ပျံနှံ့တည်ရှိနေတဲ့ ဝါးလုံးအသုံးပြုအကတွေလည်း ရှိသေးပါတယ်။

ဝါးလုံးအသုံးပြုအကတွေက အရှေ့အာရှတစ်လျှောက်မှာ ပုံစံဆင်ဆင်တွေ့ရပေမယ့် ဖြစ်တည်မှုနဲ့ ကပုံကကွက်တွေကတော့ ခြားနားကြပါတယ်။ဒီအထဲက မြန်မာနဲ့ အခြားထင်ရှားတဲ့ နိုင်ငံတွေက အကတွေကို ဖော်ပြပေးသွားချင်ပါတယ်။

           မြန်မာတိုင်းရင်းသား ဝါးညှပ်အက

မြန်မာမှာတော့  ဝါးလုံးအသုံးပြုအကကို ဝါးညှပ်အကလို့ သိကြပါတယ်။ကရင်နဲ့ ကချင်ရိုးရာ ဝါးညှပ်အကတွေက ထင်ရှားပြီး ဒီအထဲ ကချင်ရိုးရာ ဝါးညှပ်အက-ကတော့ ရိုးရာဝါးညှပ်အကအဖြစ် လူသိပ်မသိခင်က ပြောစမှတ်ရှိကြတာက ရှေးက ကိုယ်ဝန်ပျက်ကျဖူးတဲ့ အမျိုးသမီးတစ်ဦးကို နှစ်သိမ့်ဖို့ ဝါးကိုကိုင်ထားရတယ်ဆိုတဲ့ ဓလေ့ရှိခဲ့ဖူးပြီး အခြားတစ်ဖက်မှာ သေဆုံးသွားတဲ့ မွေးကင်းစကလေးကို ထားရစ်ခဲ့ရတဲ့ မိခင်ရဲ့ စိတ်ဝိညာဉ်ကို စိတ်သက်သာရာရဖို့ မျှော်လင့်ချက်နဲ့ အကနဲ့ဖျော်ဖြေခဲ့တာလို့ ဆိုပါတယ်။ဒီဝါးညှပ်အကတွေကို မြင်ဖူးကြမှာဖြစ်ပြီး တိုင်ပင်နဲ့ ညီညီညွတ်ညွတ် အချက်မှန်မှန် လှုပ်ရှားရတဲ့ အကဖြစ်ပြီး ရိုးရာသီချင်းသံတွေနဲ့ မြူးကြွတဲ့ အကတွေအဖြစ် သိကြမှာဖြစ်ပါတယ်။

           တရုတ်နိုင်ငံ တိုင်းရင်းသား ဝါးအက

ဝါးလုံးအသုံးပြုအကကို တရုတ်နိုင်ငံတောင်ပိုင်းမှာလည်း ပုံစံမျိုးစုံနဲ့တွေ့ရပါတယ်။တရုတ်နိုင်ငံတောင်ပိုင်းမှာရှိတဲ့ တိုင်းရင်းသားတွေဖြစ်တဲ့ လီ (Li)၊ မြောင်(Miao)၊ ယောင် (Yao)၊ ကျွမ်း (Zhuang)၊ ဝ (Wa)၊ ရှဲ(She) နဲ့ ကျင်း (Jing) စတဲ့ တိုင်းရင်းသားလူမျိုးတွေရဲ့ ရိုးရာဓလေ့တစ်ခုအဖြစ် ဝါးလုံးအသုံးပြုအကတွေ ရှိနေပါတယ်။ဒီအထဲ လီ (Li) လူမျိုး တွေရဲ့ ဝါလုံးအကဟာဆိုရင် ‘Sanyuesan လို့ သိကြတဲ့ (မတ်လ ၃ ရက်)’ ပွဲတော်နဲ့အတူ ကမ္ဘာလှည့်ခရီးသွားဆွဲဆောင်ရာအဖြစ် ရှိနေပါတယ်။

လီ (Li) လူမျိုးတွေရဲ့ အကကို လေ့လာရာမှာ သူတို့ရဲ့အကတွေက အဓိကအနေနဲ့ လယ်ကွင်းမှာ သူတို့ရဲ့အလုပ်နဲ့ ဘိုးဘွားတွေကို ကိုးကွယ်ခြင်းကနေ အစပြုတယ်လို့ဆိုပြီး အဲဒီအကတွေထဲမှာ ဝါးလုံးအက-က ဆွဲဆောင်မှုအရှိဆုံးလို့ ဆိုပါတယ်။

ဒါပေမဲ့ ဝါးလုံးအကလို့ဆိုရာမှာ အများစုပုံစံက ကုန်းပေါ်မှာသာ ပြုလုပ်လေ့ရှိတာကို တွေ့ရမှာဖြစ်ပြီး တရုတ်နိုင်ငံမှာတော့ ပိုပြီးထူးခြားတဲ့ ဝါးလုံးအသုံးပြုတဲ့ အကပုံစံတစ်မျိုး ရှိနေပြန်ပါတယ်။

           ဝါးမျှောခြင်းအနုပညာ (The art of bamboo drifting)

ချင်းမင်းဆက် (ဘီစီ ၂၂၁-၂၀၆) မှာ သယ်ယူပို့ဆောင်ရေးနည်းလမ်းအဖြစ် ပေါ်ပေါက်ခဲ့ရာကနေ ဝါးမျှောခြင်းအနုပညာ (The art of bamboo drifting) ပေါ်ပေါက်လာတယ်လို့ ဆိုပါတယ်။သမိုင်းတွေအရ Guizhou ဒေသရှိ Zunyi မြို့ဟာ အလွန်အဖိုးတန်ပြီး ဈေးကြီးတဲ့ သစ်သားထုတ်လုပ်မှုရှိခဲ့ပါတယ်။ဒေသဟာ သစ်ကြောင့် ကျော်ကြားမှုနဲ့အတူ တရုတ်နိုင်ငံမြောက်ပိုင်းက ဧကရာဇ်တွေရဲ့ တောင်းဆိုမှုများပြားခဲ့တယ်လို့ ဆိုပါတယ်။ဒါပေမဲ့ Guizhou ဒေသမှာက သစ်လုံးတင်ဆောင်ပေးဖို့ လှေကြီးကြီးမားမားမရှိလို့ လှေတွေရှိတဲ့နေရာအထိ ပို့ဆောင်နိုင်ရေး သစ်လုံးတစ်ခုစီပေါ်မှာရပ်ကာ ရွက်လွှင့်သွားလာကြရာကနေ ဆင်းသက်လာတယ်လို့ ဆိုပါတယ်။

ဝါးလုံးမျှောပြိုင်ပွဲဟာ လေးနှစ်တစ်ကြိမ် ကျင်းပတဲ့ တရုတ်နိုင်ငံရှိ တိုင်းရင်းသားလူမျိုးစုတွေရဲ့ အမျိုးသားရိုးရာအားကစားပြိုင်ပွဲမှာလည်း စာရင်းဝင်ပါတယ်။ဒီအနုပညာမှာဆိုရင် ရေထဲမှာရှိတဲ့ ဝါးလုံးပေါ်မှာ အကဟန်နဲ့အတူ ဝါးလုံးကို အသုံးပြုပြီး ဟန်ချက်ထိမ်းသိမ်းလှုပ်ရှားမှုတွေက ရင်သပ်ရှုမောဖွယ်ဖြစ်ပါတယ်။တရုတ်နိုင်ငံ Guizhou ဒေသရှိ ဒီအကဟာ တရုတ်နိုင်ငံရဲ့ ယဉ်ကျေးမှုအရှိဆုံး ဒေသဖြစ်တာနဲ့အညီ ဝါးလုံးမျှောခြင်းကလည်း လူမျိုးတစ်မျိုးတည်းရဲ့ ကိုယ်စားပြုမဟုတ်ဘူးလို့ ဆိုပါတယ်။

           ဖိလစ်ပိုင်က ဝါးအက

ဖိလစ်ပိုင်မှာတော့ ဒီအကကို Tinkling အကလို့ သိကြပြီး ၁၅၀၀ ခုနှစ်တွေက စတင်ခဲ့တယ်လို့ ဆိုပါတယ်။စပိန်က ဖိလစ်ပိုင်ကို သိမ်းပိုက်စဉ် စပိန်ကိုလိုနီခေတ်မှာ စတင်ခဲ့တာဖြစ်ပြီး သမိုင်းအနေနဲ့တော့ ထောင်ချောက်တွေ၊ တုတ်တွေ၊ ဝါးတွေကို ကျော်တက်ပြီး စပါးခင်းတွေမှာသွားနေတဲ့ ငှက်ရဲ့ နည်းလမ်းတွေကို ကူးယူတယ်လို့ ဖော်ပြပါတယ်။အခြားတစ်ဖက်မှာတော့ စပိန်ကိုလိုနီခေတ် ဖိလစ်ပိုင်လယ်အလုပ်သမားတွေဆီက ဆင်းသက်လာတယ်လို့ ဆိုပါတယ်။

အလုပ်သမားတွေက ဝါးတိုင်တွေရဲ့ ရိုက်ခတ်မှုကို ရှောင်တိမ်းဖို့ လေ့ကျင့်ခဲ့ကြတယ်လို့ ဒဏ္ဍာရီသဖွယ် ပြောဆိုတာရှိပြီး တစ်ချိန်က ပြစ်ဒဏ်ကိုရှောင်ဖို့ နည်းလမ်းက အခုအခါ အနုပညာနဲ့ အကပုံစံအဖြစ် တွေ့လာရတယ်လို့ ဖော်ပြကြပါတယ်။

           ဂင်းနစ်စံချိန်ဝင်တဲ့ ဝါးအက

အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်း၊ မီဇိုရမ်ပြည်နယ်ကလည်း ဝါးအကနဲ့ နာမည်ကျော်ကြားတဲ့ ဒေသတစ်ခုဖြစ်ပါတယ်။ဒီနေရာမှာ လူပေါင်း ၁၀,၇၃၆ နဲ့ ကပြဖျော်ဖြေခဲ့တဲ့ အကြီးဆုံးဝါးအကဟာဆိုရင် ဂင်းနစ်စံချိန် ဝင်ခဲ့ပါတယ်။အဲဒီအကကို ၂၀၁၀ ခုနှစ် မတ်လ ၁၂ ရက်နေ့က အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ အိုင်ဇောလ်မြို့မှာ ကျင်းပပြီး ကမ္ဘာ့ဂင်းနစ်စံချိန် တင်နိုင်ခဲ့တာလည်းဖြစ်ပါတယ်။

အခုဖော်ပြပေးခဲ့တာတွေကတော့ အရှေ့အာရှက စိတ်ဝင်စားဖွယ် ဝါးလုံးအသုံးပြု အကယဉ်ကျေးမှုကို လက်လှမ်းမီသလောက် စုစည်းဖော်ပြပေးခဲ့တာပဲဖြစ်ပါတယ်။

လာမယ့် စာစဉ်တွေမှာလည်း စိတ်ဝင်စားဖွယ်နဲ့ ဗဟုသုတရနိုင်မယ့် အကြောင်းအရာတွေကို ရှာဖွေတင်ဆက်ပေးသွားမှာဖြစ်ကြောင်း တင်ပြရင်း ဒီမှာပဲရပ်နားလိုက်ပါတယ်။

မိုးသား