【 ဆောင်းပါး 】 ပရိုမိုးရှင်းပြီးချိန် အရောင်းမကျအောင် ဘယ်လိုလုပ်မလဲ ?

【 ဆောင်းပါး 】 ပရိုမိုးရှင်းပြီးချိန် အရောင်းမကျအောင် ဘယ်လိုလုပ်မလဲ ?

ဈေးကွက်ထိုးဖောက်သူ တော်တော်များများ ကြုံရတတ်တဲ့ ပြဿနာက ပရိုးမိုးရှင်းအစီအစဉ်တွေ လုပ်နေတုန်းက အရောင်းတွေ ထိုးတက်ခဲ့ပြီး ပျော်ခဲ့ရသလောက်၊ ပရိုးမိုးရှင်းလည်းပြီးလို့ ရပ်လိုက်ရော အရောင်းပြန်အေးသွားပြီး အရောင်းက နဂိုဒုံရင်းအတိုင်း ပြန်ဖြစ်သွားလို့၊ ဒါမှမဟုတ် အရောင်းတွေ ထိုးကျကုန်လို့ ခြေမကိုင်မိ လက်မကိုင်မိ ချွေးပြန် ခေါင်းခဲရတဲ့ ပြဿနာပါပဲ။

ပရိုးမိုးရှင်းနဲ့ ရောင်းနေတုန်းက ကိုယ့်ကို ပြုံးချို မျက်နှာသာပေးခဲ့တဲ့ လက်လီလက်ကားဆိုင်တွေကလည်း ကိုယ့်ကို အဖက်သိပ်မလုပ်ချင်တော့ဘူး။အရင်က အချိုပေါ်သကာဆမ်း အပြုံးတွေ ပျူငှာလှိုက်လှဲတဲ့ ကြိုဆိုမှုလေးတွေက လေစိမ်းတွေ ဖြစ်ကုန်ပြီ။ “ဝယ်သူကျနေလို့ နောက်မှ တစ်ခေါက်ပြန်လှည့်ခဲ့နော်” ၊ “ပစ္စည်းလက်ကျန်များနေလို့ မဝယ်သေးဘူး” စတဲ့ စကားလေးတွေက အရောင်းဝန်ထမ်းတွေ ဆိုင်ဝရောက်တာနဲ့ ကြားရတဲ့ စကားရပ်တွေအဖြစ် ပြောင်းကုန်ပါပြီ။

အရောင်းဝန်ထမ်းတွေလည်း အရင်လို ဘောနပ်စ်တွေ စူဖြိုးနေတာမလို့ လစာထုတ်ဖို့မေ့နေလို့ ငွေစာရင်းဌာနက လစာလာထုတ်ဖို့ တကြော်ကြော်ခေါ်နေရတဲ့ အနေအထား မဟုတ်တော့လို့၊ နှုတ်ခမ်းစူကာ ဖြူပြာကာ တက်ကြွရွှင်လန်းမှုတွေ ပျောက်ကွယ်ကုန်ကြပြီ။လူကြီးခိုင်းတာကို အရင်လို ဖင်ပေါ့ပေါ့ မလုပ်ပေးချင်တော့ဘဲ တွက်ကပ်လာတတ်ကုန်ကြပြီ။

ဒါလေးတွေက ကုမ္ပဏီအတော်များများအတွက် ဖြစ်ရိုးဖြစ်စဉ်လို ဖြစ်ကုန်ကြပြီမဟုတ်လား။အဲဒီတော့ ဒီဖြစ်စဉ်ကို ရှောင်ကျဉ်တဲ့အနေနဲ့ အရောင်းမြှင့်တင်ရေး ပရိုမိုးရှင်းတွေ အဆက်မပြတ် လုပ်ကြရတော့တာပေါ့။ဆိုတော့ ပရိုမိုးရှင်းရှိတဲ့ အချိန်ရောင်းကောင်းပြီး၊ ပရိုမိုးရှင်းပြီးတာနဲ့ အရောင်းကပြန်ကျပြီး နဂိုရ်အနေအထားကို ဘာလို့ပြန်ဖြစ်သွားရတာလဲ။များစွာသော ကုမ္ပဏီတွေက ဆူလွယ်နပ်လွယ် အရောင်းမြှင့်တင်ရေးသက်သက်ဖြစ်စေမယ့် ပရိုမိုးရှင်းတွေပဲ လုပ်ခဲ့လို့ဖြစ်ပါတယ်။ (ဥပမာ - အထူးလျှော့ဈေး၊ ၂ ခုဝယ် တစ်ခုလက်ဆောင် စတဲ့ အရောင်းမြှင့်တင်ရေးသက်သက် ပရိုမိုးရှင်းများ)

Brand Equity လို့ခေါ်တဲ့ ကိုယ့်ကုန်အမှတ်တံဆိပ် (Brand) ရဲ့ တန်ဖိုးကို မြှင့်တင်ပေးမယ့် ပရိုမိုးရှင်းကို စိတ်ကူးကြံဆပြီး မလုပ်ခဲ့လို့ပါပဲ။မိမိရဲ့ အမှတ်တံဆိပ်ကို တစ်မူထူးခြားစေပြီး၊ မျိုးတူကုန်ပစ္စည်းတွေထဲမှာ ထိပ်ဆုံးက မှတ်မိနေတဲ့ အမှတ်တံဆိပ်ဖြစ်အောင်၊ စားသုံးသူ/သုံးစွဲသူက အမြဲတမ်းစိတ်ချယုံကြည် ရွေးချယ်တဲ့ အမှတ်တံဆိပ်ဖြစ်အောင်၊ မိမိရဲ့ အမှတ်တံဆိပ်ကနေ အခြားအမှတ်တံဆိပ်ကို အလွယ်တကူပြောင်းလဲ စားသုံး/သုံးစွဲမသွားအောင် ထိန်းထား Brand Loyalty ဖြစ်စေမယ့်၊ သက်မဲ့အမှတ်တံဆိပ်သက်သက်ကနေ သက်ဝင်လှုပ်ရှားပြီး စားသုံးသူ/သုံးစွဲသူတို့ရဲ့ သက်ရှိမိတ်ဆွေသဖွယ်ဖြစ်တဲ့ အမှတ်တံဆိပ်ဖြစ်လာအောင် မဖန်တီးခဲ့မိလို့ပါပဲ။

အထက်ကလို ပရိုမိုးရှင်းလုပ်တုန်းပဲ လူစိတ်ဝင်စားပြီး၊ ပြီးတာနဲ့ မေ့ပစ်ခံရတဲ့ (အရောင်းကျကုန်တဲ့) အမှတ်တံဆိပ်ဘဝကနေ စားသုံးသူရဲ့ နှလုံးသားထဲမှာ အမြဲနေရာယူထားတဲ့ ထာဝရချစ်ခင်တဲ့ အမှတ်တံဆိပ်ဖြစ်အောင် မိမိလုပ်သမျှ ပရိုမိုးရှင်းတွေကို အောက်ပါနည်းတွေနဲ့ ဗျူဟာကျကျ လုပ်ဆောင်ကြည့်လိုက်ပါ။

(၁) ပရိုမိုးရှင်းလုပ်နေတဲ့အချိန်မှာ စားသုံးသူ/သုံးစွဲသူ ဖောက်သည်တွေနဲ့ ရင်းရင်းနှီးနှီး နီးနီးကပ်ကပ် ထိတွေ့ဆက်ဆံခွင့်ရတာကို အခွင့်ကောင်းယူပြီး သူတို့နဲ့ ခိုင်မာတဲ့ ပေါင်းသင်းဆက်ဆံရေးရအောင် ထူထောင်ပါ။သူတို့ရဲ့ ဝေဖန်အကြံပြုချက်တွေကို ရယူပါ။မိမိအမှတ်တံဆိပ်၊ မိမိပြုလုပ်တဲ့ ပရိုမိုးရှင်းအပေါ် သူတို့ရဲ့ သဘောထား၊ ဘယ်အချက်တွေကို နှစ်သက်သဘောကျပြီး၊ ဘယ်အချက်တွေကို မကြိုက်ဘူး၊ သူတို့ကုန်ပစ္စည်း အမှတ်တံဆိပ်ကို ရွေးချယ်ဝယ်ယူရာမှာ ဘယ်အချက်တွေအပေါ်မှာ စဉ်းစားဆုံးဖြတ်တယ် စတာတွေကို သိအောင် လုပ်ယူပါ။

- မိမိဆီက ဝယ်ယူမှုအားအကောင်းဆုံး ဖောက်သည်တွေကို ရွေးထုတ်ပြီး၊ သူတို့ဆီကို သူတို့တစ်ဦးချင်းဆီကို တိုက်ရိုက်ဆက်သွယ်တဲ့ သတင်းပေးရောင်းချမှု လုပ်ဆောင်ပါ။ဆက်သွယ်ရာမှာ သူတို့ရဲ့ အရင်က ဝယ်ယူခဲ့မှု၊ အကြိုက်စရိုက်ပေါ် မူတည်တဲ့ ပရိုမိုးရှင်းသတင်းကို သီးခြားကမ်းလှမ်းချက်ပေးပြီး ဆက်သွယ်နိုင်ရင် အကောင်းဆုံးဖြစ်ပါတယ်။

- မိမိရဲ့ ကုန်ပစ္စည်းအမှတ်တံဆိပ်ကိုသာ သစ္စာရှိစွာ စွဲမြဲသုံးစွဲ စားသုံးတဲ့ အခိုင်အမာဖောက်သည်တွေ များသထက်များလာအောင် စည်းရုံးဆောင်ရွက်ရမယ့် နည်းဗျူဟာတစ်ခုကို လုပ်ဆောင်မယ့် ပရိုမိုးရှင်းအစီအစဉ်မှာ စနစ်တကျ ထည့်သွင်းပါ။ (ဥပမာ - ထပ်မံဝယ်ယူတဲ့ အကြိမ်နဲ့ အရေအတွက်အလိုက် အထူးလျှော့ဈေး ဒါမှမဟုတ် အမှတ်တံဆိပ် (Brand Logo) ပါတဲ့ သီးသန့်လက်ဆောင်များပေးခြင်း၊ အထူးဧည့်ခံတဲ့ အခမ်းအနားအစီအစဉ်/ဂုဏ်ပြုအခမ်းအနားတွေသို့ ဖိတ်ကြားခြင်း - စသည်)

(၂) ပရိုမိုးရှင်းအရှိန်ကြောင့် ရောင်းအားတွေ မြင့်တက်တာကိုပဲ ရောင့်ရဲမနေဘဲ၊ ဒီအားကိုယူပြီး စားသုံးသူနဲ့ ဝယ်ယူသုံးစွဲသူအတွက် သူတို့အသုံးပြုရတဲ့ ငွေကြေးနဲ့ ထိုက်တန်အောင်၊ ပိုမိုတန်ဖိုးထားလာအောင် မိမိကုန်ပစ္စည်းကို အရည်အသွေးပိုကောင်းအောင်လည်း တစ်ဖက်တစ်လမ်းက ကြိုးစားနေသင့်ပါတယ်။

- မိမိရဲ့ ကုန်ပစ္စည်းနဲ့ပတ်သက်တဲ့ အရည်အသွေးဆိုင်ရာ၊ တစ်မူထူးခြားမှု၊ ထူးခြားတဲ့ အသုံးဝင်ပုံ ဒါမှမဟုတ် စွဲမက်စရာကောင်းပုံ၊ ပိုကောင်းအောင် ဘယ်လို စားသုံး/အသုံးပြုသင့်တယ်၊ ဘာနဲ့တွဲဖက်သင့်တယ် စတဲ့ စားသုံးသူ/သုံးစွဲသူ သိသင့်တဲ့ ဗဟုသုတတွေကို အချိန်ကာလအားလျော်စွာ ပေးသင့်ပါတယ်။မိမိရဲ့ လှုပ်ရှားမှုမှန်သမျှကို သူတို့သိအောင်ပြောပြ တင်ပြတာကလည်း ကောင်းတဲ့အချက်ဖြစ်ပါတယ်။သူတို့ နှစ်သက်ရွေးချယ်တဲ့ ကုန်ပစ္စည်းအမှတ်တံဆိပ်နဲ့ပတ်သက်သမျှ အလုံးစုံကို စဉ်ဆက်မပြတ် သိနေတာကလည်း သူတို့ရဲ့ brand အပေါ် ချစ်ခင်ရင်းနှီးမှုကို ပိုမိုတိုးပွားစေသလို ဂုဏ်ယူစိတ်ကိုလည်း တိုးပွားစေပါတယ်။

- မိမိက ကိုယ့်ကုန်ပစ္စည်းအရည်အသွေး တိုးတက်နေအောင် အစဉ်ဆောင်ရွက်နေသလို ဒီလိုလုပ်ဆောင်နေတာကို စားသုံးသူ/သုံးစွဲသူတွေက သတိထားမိရဲ့လား၊ မိမိမြှင့်တင်ထားတဲ့ တိုးတက်မှုကို နှစ်သက်မှု အသိအမှတ်ပြုမှုရှိသလားဆိုတာကိုလည်း အခါအားလျော်စွာ တွေ့ဆုံမေးမြန်းပြီး၊ သူတို့ရဲ့ တုံ့ပြန်ဝေဖန် အကြံပြုမှုကို အလေးအနက်ပြုရယူပြီး အများစုရဲ့အကြံအတိုင်း လိုက်နာဆောင်ရွက်သင့်ပါတယ်။အဲဒီလို သူတို့အကြံအတိုင်း ဆောင်ရွက်နေကြောင်းလည်း သူတို့ကို သိပါစေ၊ ဒါဆိုရင် စားသုံးသူ/သုံးစွဲသူရဲ့ စိတ်ချယုံကြည်မှုကိုရရှိပြီး ရေရှည်အရောင်းအားကို ထိန်းထားနိုင်ရုံမက ပိုမိုတိုးတက်အောင် လုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။

(၃) မိမိကုန်ပစ္စည်း အမှတ်တံဆိပ်ကို စားသုံးသူ/သုံးစွဲသူတွေ အမြဲထိတွေ့ မြင်တွေ့နိုင်စေမယ် မြင်ကွင်းကောင်းနေရာမှာ brand display လုပ်ဆောင်တာလို မြင်သာထင်သာ visibility ကောင်းစေမယ့် လုပ်ဆောင်မှုတွေကို ဆိုင်အမျိုးအစားမျိုးစုံမှာ တတ်စွမ်းသမျှ ဆက်လက်တိုးချဲ့ လုပ်ဆောင်နေသင့်သလို၊ မိမိကုန်ပစ္စည်း အမှတ်တံဆိပ်ကို အမြဲမြင်တွေ့ပြီး အစဉ်သိရှိ အမှတ်ရနေစေအောင် လူမှုကွန်ရက်ပေါင်းစုံကနေ လှုံ့ဆော်ဆွဲဆောင်နေတာကိုလည်း စဉ်ဆက်မပြတ်ဆောင်ရွက်ပါ။

- မိမိအမှတ်တံဆိပ်နဲ့ပတ်သက်တဲ့ အညွှန်းကောင်းကောင်းလေးတွေ ထည့်သွင်းထားတဲ့ စာသားပါတဲ့ ကြော်ငြာမျိုးစုံကို မိမိရဲ့ ဖောက်သည် စားသုံးသူ/သုံးစွဲသူဆီ ရောက်အောင် Blog post, YouTube, Tiktok, Facebook, Viber, Instagram စသည်တို့ကတစ်ဆင့် အရောက်ပို့ဆောင်ပါ။

- အရောင်းပုံမှန်လုပ်ဆောင်နိုင်တဲ့ အရောင်းမြှင့်တင်ရေး ဗျူဟာတွေဖြစ်တဲ့ Cross Selling (မိမိတို့ကုန်ပစ္စည်းနဲ့ တွဲဖက်ရင်သင့်တော်မယ့် အခြားကုန်ပစ္စည်းနဲ့ အတူဝယ်ယူအောင်စီစဉ်ခြင်း) နဲ့ Upselling (ဝယ်ယူတဲ့ အရေအတွက်အလိုက် လျော့ဈေးပိုပိုရစေမယ့်နည်း၊ အသုံးအဆောင်ပစ္စည်းအတွက်ဆို အပိုပစ္စည်းနဲ့ တွဲဖက်ရောင်းချခြင်း၊ စားသောက်ကုန်ဆိုရင် Cheese topping စတဲ့ အပိုထပ်ဆောင်းအမည် ထည့်သွင်းဝယ်ယူမှုဖြစ်အောင် လုပ်ဆောင်ခြင်း) တို့ကိုလည်း ဆက်လက်ဆောင်ရွက်နေသင့်ပါတယ်။ဝယ်ယူသုံးစွဲတဲ့ကာလအလျောက် အဖွဲ့ဝင်အဆင့် တိုးမြှင့်ပေးပြီး၊ ခံစားခွင့်တွေ တိုးမြှင့်ပေးတဲ့ နည်းကိုလည်း လုပ်ဆောင်နိုင်ပါတယ်။

အချုပ်အားဖြင့်ပြောရရင် ရောင်းကောင်းစေခဲ့တဲ့ ပရိုမိုးရှင်းကာလပြီးတဲ့နောက်မှာ အရောင်းပြန်ကျသွားတာမျိုး မဖြစ်စေဖို့အတွက် မိမိရဲ့ ဖောက်သည်တွေနဲ့ ခိုင်မာကောင်းမွန်တဲ့ ရေရှည်ဆက်ဆံရေးကို တည် ဆောက်ပါ၊ မိမိကုန်ပစ္စည်း/ဝန်ဆောင်မှုအရည်အသွေး တိုးတက်ကောင်းမွန်ပြီး စားသုံးသူ/သုံးစွဲသူ စိတ်ကြိုက်ဖြစ်နေစေဖို့ အမြဲကြိုးစားခြင်းဖြင့် စားသုံးသူ/သုံးစွဲသူက ပိုမိုတန်ဖိုးထားတဲ့ ကုန်အမှတ်တံဆိပ်ဖြစ်နေအောင် လုပ်ဆောင်ပါ။မိမိကုန်ပစ္စည်း အမှတ်တံဆိပ် နေရာတိုင်းမှာရှိစေဖို့ မြင်ကွင်းကောင်းတဲ့ နေရာမှာ လှပခမ်းနားစွာ ခင်းကျင်းထားစေဖို့ (A&V- Availability and Visibility) အစဉ်လုပ်ဆောင်ပါ။

မိမိရဲ့ အားထားရတဲ့ ဖောက်သည်တွေနဲ့ အမြဲဆက်သွယ်ပြီး သူတို့ရဲ့ဝေဖန် အကြံပေးတာတွေကို လေးနက်စွာခံယူ ဆောင်ရွက်ပါ။ကိုယ့်ရဲ့ဆောင်ရွက်မှုတွေကို အစဉ်စောင့်ကြည့်ပြီး အားနည်းချက်ကို အားသာချက်ဖြစ်အောင်၊ အားသာချက်ကို ပိုမိုအားပြည့်လာအောင် စိစစ်ဝေဖန်ဆောင်ရွက်ပါ။

နောက်တစ်ခု အထူးသတိပေးချင်တာက မိမိဆောင်ရွက်ခဲ့တဲ့ ပရိုမိုးရှင်းမှာဖြစ်ဖြစ်၊ လက်ရှိလုပ်ငန်းစဉ်ကဖြစ်ဖြစ် စားသုံးသူ/သုံးစွဲသူတွေ ဝယ်ယူမှု၊ ပါဝင်မှု တစ်ခုခုမှာ အဆင်မပြေ၊ မချောမွေ့မှု ဒါမှမဟုတ် စိတ်မကျေနပ်မှုတစ်ခုခု ပေါ်ပေါက်ခဲ့ရင် တိုင်တန်းသူ/နစ်နာသူ စိတ်ကျေနပ်တဲ့အထိ ချက်ခြင်းအရေးတယူ ဖြေရှင်းဆောင်ရွက်ပေးပါ။ဖြတ်လမ်းမသုံးပါနဲ့၊ ဖြစ်နိုင်ရင် မိမိရဲ့အထက်လူကြီးရဲ့ အကူအညီကိုပါ ရယူပြီး ပြေလည်တဲ့အထိ လေးလေးနက်နက် ဖြေရှင်းပေးပါ၊ စားသုံးသူ/သုံးစွဲသူရဲ့ Mouth of Words လို့ခေါ်တဲ့ တစ်ဆင့်စကား တစ်ဆင့်ကြား စကားတွေက မိမိအမှတ်တံဆိပ်ကို ထိပ်တန်းရောက်အောင် တွန်းတင်ရာမှာဖြစ်ဖြစ်၊ မြောင်းထဲရောက်အောင် တွန်းချရာမှာဖြစ်ဖြစ် အလွန်အရေးပါ ထိရောက်တယ်ဆိုတာကို အစဉ်သတိထားရမှာဖြစ်ပါတယ်။

ဒီအချက်လေးတွေကို သတိနဲ့ ဆက်လက်ဆောင်ရွက်သွားရင် အရမ်းအောင်မြင် ရောင်းကောင်းစေခဲ့တဲ့ ပရိုမိုးရှင်းကာလ ပြီးတဲ့နောက်မှာ အရောင်းပြန်ကျသွားတတ်တဲ့ ပြဿနာကို အေးချမ်းလွယ်ကူစွာ ကျော်လွှားနိုင်မယ့်အပြင် မိမိရဲ့ ကုန်အမှတ်တံဆိပ် (Brand) ကလည်း အခိုင်အမာနဲ့ ရောင်းကောင်းတဲ့ အမှတ်တံဆိပ်တစ်ခုအဖြစ် ဆက်လက်ရပ်တည်နေနိုင်မှာဖြစ်ပါကြောင်း လမ်းညွှန်ပေးလိုက်ရပါတယ်။

အောင်မြင်သူများဖြစ်ကြပါစေ။

မေတ္တာဖြင့် ...

သက်ထွန်း (သျှမ်း)