【 နိုင်ငံတကာဆောင်းပါး 】 အာဖရိက-တရုတ် ဆက်ဆံရေးနှင့် အမေရိကန် အားပြိုင်မှု

【 နိုင်ငံတကာဆောင်းပါး 】 အာဖရိက-တရုတ် ဆက်ဆံရေးနှင့် အမေရိကန် အားပြိုင်မှု

အမေရိကန်နှင့် တရုတ်တို့ကြား ကြီးမားသော ပါဝါပြိုင်ဆိုင်မှုတွင် အာဖရိကတိုက်သည် ဆက်စပ်မှု ပိုမိုများပြားလာနေသည်။

အမေရိကန်သည် အာဖရိကကို တရားဝင်ဖွံ့ဖြိုးတိုးတက်ရေး အကူအညီအများဆုံးပေးနေစဉ်တွင် တရုတ်သည် တိုက်ကြီး၏ ထိပ်တန်း နှစ်နိုင်ငံကုန်သွယ်မှု မိတ်ဖက်နိုင်ငံဖြစ်လာပြီး၊ နှစ်နိုင်ငံစလုံးသည် တိုက်ကြီးတစ်လွှား အမြဲနက်ရှိုင်းသော ဆက်ဆံရေးအတွက် အပြိုင်အဆိုင်ဖြစ်နေသည်။

အမေရိကန်-တရုတ် ပြိုင်ဆိုင်မှု ပြင်းထန်လာသည်နှင့်အမျှ အာဖရိကနိုင်ငံများသည် ဤကမ္ဘာ့အင်အားကြီးနှစ်နိုင်ငံနှင့် ၎င်းတို့၏ဆက်ဆံရေးကို မည်ကဲ့သို့ ဟန်ချက်ညီစေရန် လမ်းကြောင်းကို မည်သို့ပုံဖော်နိုင်မည်ကို နိုင်ငံတကာက စောင့်ကြည့်နေခဲ့သည်။အာဖရိကနိုင်ငံများနှင့် အမေရိကန်နှင့် တရုတ်တို့ကြား ပြောင်းလဲလာသော ဆက်ဆံရေးသည် ယခုဆယ်စုနှစ်သစ်တွင် ထင်ထင်ရှားရှား ပေါ်ထွက်လာသည်။

BRI စတင်သည့် ၂၀၁၃ ခုနှစ်နောက်ပိုင်းတွင် တရုတ်နှင့် အာဖရိကနိုင်ငံများကြား ဆက်ဆံမှုသည် တစ်ဟုန်ထိုး တိုးတက်လာခဲ့သည်။အာဖရိကသည် အစဉ်အလာအရ ကိုလိုနီအရှင်သခင်များဖြစ်ခဲ့သည့် အနောက်အုပ်စုကို စွန့်ခွာရန် ကြိုးစားမှုအဖြစ် တစ်ချိန်က အနောက်နိုင်ငံများ၏ ကိုလိုနီပြုခြင်းခံရပြီး ယခုအခါ ကမ္ဘာ့အင်အားကြီးနိုင်ငံအဖြစ် ပေါ်ထွန်းလာသည့် တရုတ်နိုင်ငံသို့ ပိုရှေးရှုလာသည်။ထုတ်ယူရန် ပေါကြွယ်ဝစွာ ကျန်နေပြီး လူသားအရင်းမြစ်များစွာရှိနေသည့် အာဖရိကနိုင်ငံများအပေါ် အမေရိကန်၏ ဆက်ဆံရေးသည် တရုတ်ဘက်က အခြေတကျဖြစ်အောင် အချိန်လွန်ပြီးမှ ဆက်ဆံရေးပြန်တည်ဆောက်ရန် တစ်ကျော့ပြန် နိုးထလာခြင်းက အာဖရိကကို တွေဝေစေသည်။

တရုတ်ဘက်က အာဖရိကတိုက်ကို ဦးစားပေးဆက်ဆံမှုအဖြစ် ထားရှိသည်မှာ ကြာပြီဖြစ်သည်။နှစ်စဉ် အာဖရိကသို့ နှစ်စသည်နှင့် ချစ်ကြည်ရေးခရီး သွားရောက်လေ့ရှိသည်မှာ ၃၄ နှစ်မြောက်ရှိဖြစ်သည်။ယခုနှစ်တွင်လည်း တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိသည် အာဖရိကတိုက်နိုင်ငံများဖြစ်သည့် အီဂျစ်၊ တူနီးရှား၊တိုဂိုနှင့် အိုင်ဗရီကို့စ်နိုင်ငံများသို့ သွားရောက်ခဲ့သည်။ဝမ်ယိ၏ ခရီးစဉ်နှင့် မရှေးမနှောင်းမှာပင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဘလင်ကန်သည် နိုင်ဂျီးရီးယား၊ အိုင်ဗရီကို့စ်၊ အန်ဂိုလာနှင့် ကိပ်ဗာဒီနိုင်ငံများသို့ သွားရောက်ခဲ့သည်။

အာဖရိကတွင် တရုတ်-အမေရိကန် ပြိုင်ဆိုင်မှုအကြောင်း ပြောသောအခါ အဓိကအားဖြင့် အာဖရိက ဆာဟာရအောက်ပိုင်းအကြောင်းသာ ပြောခဲ့ကြသည်။လွန်ခဲ့သည့် ရာစုနှစ်များအတွင်း စီးပွားရေး၊ နိုင်ငံရေးနှင့် စစ်ရေးဆိုင်ရာ အကြောင်းပြချက်များကြောင့် အမေရိကန်သည် မြောက်အာဖရိကတွင် အသာစီးရနေသော်လည်း တရုတ်သည် လျင်မြန်စွာ လိုက်မီနေသည်။အထူးသဖြင့် ၁၉၉၀ ပြည့်လွန်နှစ်များက အာဖရိက ဆာဟာရအောက်ပိုင်းကို နိုင်ငံတကာအာရုံစိုက်မှုပမာဏသည် တုန်လှုပ်ချောက်ချားစရာဖြစ်သည်။ ယနေ့အချိန်တွင် ကြွယ်ဝလှသော အာဖရိက သံယံဇာတရင်းမြစ်များနှင့် လူသားရင်းမြစ်များအပေါ် ဘရာဇီး၊ တူရကီ၊ ဆော်ဒီ၊ ယူအေအီးနှင့် အီရန်တို့ကဲ့သို့သော နိုင်ငံများပင် လွန်ခဲ့သည့်ဆယ်စုနှစ်များအတွင်းကပင် စိတ်ဝင်စားမှု မြင့်တက်လာခဲ့သည်။ ၁၈၈၄ မှ ၁၉၁၀ ကြားတွင် ဥရောပကိုလိုနီနယ်ချဲ့ အာဏာရှင်များသည် အာဖရိကတိုက်၏ ကြွယ်ဝသော သဘာဝအရင်းအမြစ်များကို ထုတ်ယူသုံးစွဲရန် ဥရောပကိုလိုနီအာဏာစက်များ ထူထောင်ခဲ့သည်။ယနေ့ခေတ်တွင် အာဖရိကကို တရုတ်နှင့် အမေရိကန်တို့၏ စိတ်ဝင်စားမှုသည် ရှုထောင့်ခြင်းမတူဘဲ လက်ရှိတွင် ပေကျင်းက  ပိုမိုအသာစီးရနေကာ  ဝါရှင်တန်က အမီလိုက်နေရသည်။

အာဖရိကတိုက်သည် အရွယ်အစားကြီးမားသော ရေနံနှင့် သဘာဝဓာတ်ငွေ့သိုက်များ ပိုင်ဆိုင်ထားသည်။ပိုအရေးကြီးသည်အချက်မှာ တရုတ်နိုင်ငံအပါအဝင် အခြားနေရာများတွင် လူဦးရေအများစု အသက်ကြီးနေချိန်တွင် အာဖရိကနိုင်ငံများ၏ လူဦးရေသည် အလွန်ငယ်ရွယ် နုပျိုနေခြင်းဖြစ်သည်။လာမည့် ဆယ်စုနှစ်သုံးခုအတွင်း လူငယ်ဦးရေ သန်း ၅၀၀ ကျော် တိုးလာမည်ဖြစ်ရာ ရလဒ်အနေဖြင့် ကမ္ဘာလုံးဆိုင်ရာ အလုပ်သမားအရွယ် လူဦးရေရဲ့ ၄၂ ရာခိုင်နှုန်းမှာ အာဖရိကတွင်ရှိနေခြင်းဖြစ်သည်။ထိုသည်မှာ အာဖရိကသည် အလုပ်သမားနှင့် စွမ်းအင်အတွက် အဓိကအရင်းအမြစ်နှင့် စျေးကွက်နှစ်ခုလုံးဖြစ်လာရန် အသင့်ရှိနေခြင်းဖြစ်ပြီး ကမ္ဘာ၏ အနာဂတ်မောင်းနှင်မှုနေရာ ဖြစ်လာမည်ဖြစ်သည်။

အာဖရိကတွင် တရုတ်နိုင်ငံက ဒေသဖွံ့ဖြိုးတိုးတက်မှုကို ဦးဆောင်နေချိန်တွင် အမေရိကန်နှင့် အနောက်ဥရောပနိုင်ငံများက အာဖရိက၏ နိုင်ငံရေးကို ထိန်းချုပ်ရန် ကြိုးစားနေခြင်းကြောင့် အာဖရိကသည် တရုတ်နိုင်ငံနှင့် ပိုနီးစပ်လာသည်။သမ္မတ ရှီ လက်ထက်တွင် အာဖရိကသည် ပိုမိုအရေးပါလာခဲ့ပြီး ငွေကြေးပိုလျှံနေသော တရုတ်နိုင်ငံသည် အာဖရိကအခြေခံအဆောက်အအုံများ တည်ဆောက်ရာတွင် ကြီးကြီးမားမား ရင်းနှီးမြှုပ်နှံလာကြသည်။

၂၀၀၀ ခုနှစ်တွင် ပေကျင်းသည် တရုတ်-အာဖရိက ပူးပေါင်းဆောင်ရွက်ရေးဖိုရမ် FOCAC ကို တရုတ်နှင့် အာဖရိကကြား မူဝါဒညှိနှိုင်းရေး ယန္တရားအဖြစ် တည်ထောင်ခဲ့သည်။ဝန်ကြီးအဆင့် အစည်းအဝေးကို သုံးနှစ်တစ်ကြိမ် ပြုလုပ်ခဲ့သည်။တရုတ်-အာဖရိက ထိပ်သီးအစည်းအဝေးလေးခုကိုလည်း ၂၀၂၃ ခုနှစ်တွင် တောင်အာဖရိကနိုင်ငံ ဂျိုဟန်နစ္စဘတ်တွင် နောက်ဆုံးကျင်းပခဲ့သည်။

ဥရောပနဲ့ အရှေ့အလယ်ပိုင်းတွင် ပဋိပက္ခများလွှမ်းမိုးနေပြီး တရုတ်နဲ့ အနောက်နိုင်ငံတွေကြား ပထဝီဝင် စီးပွားရေးတင်းမာမှုတွေ ကြီးစိုးနေချိန်တွင် တရုတ်-အာဖရိက ဆက်ဆံရေးဟာ တည်ငြိမ်ကာ တိုးတက်နေခဲ့သည်။တရုတ်သည် အာဖရိကနိုင်ငံများ၏ ဖွံ့ဖြိုးတိုးတက်မှုကို ပံ့ပိုးပေးရန်အတွက် အဓိကတာဝန်ယူသူအဖြစ် ထင်ထင်ရှားရှား ပေါ်ထွက်လာသည်။ပဋိပက္ခများ ဒင်းကြမ်းဖြစ်နေသည့် ၂၀၂၃ ခုနှစ်တွင် တရုတ်-အာဖရိက ကုန်သွယ်မှု ကုန်စည်ပြပွဲကို တတိယအကြိမ်မြောက်အဖြစ် ဟူနမ်ပြည်နယ် Changsha တွင် ဇွန်လက ကျင်းပခဲ့သည်။ယခုနှစ် ကုန်စည်ပြပွဲတွင် လာရောက်ကြည့်ရှုသူ တစ်သိန်းခန့်ရှိကာ ပြပွဲကာလအတွင်း အမေရိကန်ဒေါ်လာ ၁၀ ဒသမ ၃ ဘီလီယံ တန်ဖိုးရှိ ပရောဂျက်ပေါင်း ၁၂၀ ကို သဘောတူညီ ချုပ်ဆိုခဲ့ကြသည်။

ဂျိုဟန်နစ္စဘတ်တွင် ကျင်းပသည့် တရုတ်-အာဖရိက ခေါင်းဆောင်များ ဆွေးနွေးပွဲတွင် အချက်နှစ်ချက်ကို အဓိကထား ဆွေးနွေးခဲ့သည်။

ပထမအချက်မှာ အာဖရိကပေါင်းစည်းမှုကို မြှင့်တင်ရန်နှင့် အာဖရိကအတွင်း ကုန်သွယ်မှုကို မြှင့်တင်ရန်ဖြစ်သည်။

ဒုတိယအချက်မှာ တရုတ်သမ္မတက အာဖရိကအတွက် စိုက်ပျိုးရေး၊ စက်မှုထွန်းကားရေးနှင့် စွမ်းရည်မြှင့်တင်ရေးဆိုင်ရာ အစီအစဉ်သစ် ၃ ခုကို ကြေညာခဲ့ခြင်းဖြစ်သည်။

တရုတ်သည် အာဖရိက၏ ထိပ်တန်းကုန်သွယ်ဖက်အဖြစ် ၁၄ နှစ်ကြာရှိခဲ့ပြီး ကုန်သွယ်မှုပမာဏသည် ၂၀၂၂ ခုနှစ်တွင် စံချိန်တင် ဒေါ်လာ ၂၈၂ ဘီလီယံအထိ ရောက်ရှိခဲ့သည်။

ခြောက်ရက်ကြာသည့် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ၏ အာဖရိကခရီးစဉ်အတွင်း အိုင်ဗရီကို့စ် ခရီးစဉ်တွင် ဝမ်ယိက အိုင်ဗရီကိုစ့်သမ္မတအား “တရုတ်-အာဖရိက ပူးပေါင်းဆောင်ရွက်မှုသည် အာဖရိက၏ ဖွံ့ဖြိုးတိုးတက်မှုကို အရှိန်မြှင့်ရန်နှင့် ကမ္ဘာလုံးဆိုင်ရာ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးအတွက် အရေးပါသော အကူအညီများ ပေးအပ်ခြင်းတွင် သမိုင်းဝင်အောင်မြင်မှုများ ရရှိခဲ့ကြောင်း” ပြောခဲ့သည်။

အစ္စရေး-ပါလက်စတိုင်း ငြိမ်းချမ်းရေးညီလာခံကြီးအတွက် ပါလက်စတိုင်းနိုင်ငံတော်အဖြစ် ရပ်တည်ရေးတွင် တူနီးရှား၊ အီဂျစ်နှင့် တရုတ်တို့သည် ကိုယ်ပိုင်ပြဌာန်းခွင့်နှင့် ရန်လိုမှုများကို အပြီးတိုင်ချုပ်ငြိမ်းစေသည့် ငြိမ်းချမ်းရေးလမ်းစဉ်ကို လိုလားသည့် အချက်ပြမှုကို ပေးခဲ့သည်။

ဝမ်ယိ၏ အာဖရိကခရီးစဉ်သည် အာဖရိကနိုင်ငံများ၏ အာရုံစိုက်မှုကို ရရှိခဲ့သလောက် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး၏ ခရီးစဉ်မှာမူ စိန်ခေါ်မှုများရှိခဲ့သည်။အရှေ့အလယ်ပိုင်းနှင့် ယူကရိန်းတို့အပေါ် အမေရိကန်၏ အာရုံစိုက်မှုကို အာဖရိကသားအများအပြားက မကျေမနပ်ဖြစ်သလို အစ္စရေးကို ထောက်ခံကာ မထိန်းချုပ်နိုင်ခြင်းအတွက်လည်း အာဖရိကနိုင်ငံများက စိတ်ကွက်နေခဲ့သည်။အထူးသဖြင့် သမ္မတ ဂျိုးဘိုင်ဒင်အနေဖြင့် အာဖရိကတိုက်ကြီးသို့ လာရောက်လည်ပတ်ရန် ၂၀၂၃ ခုနှစ်တွင် ကတိပျက်ကွက်ခဲ့မှုကလည်း အာဖရိကကို လျစ်လျူရှုထားမှုရှိနေကြောင်း အမြင်ကလည်း ရှိနေသေးသည်။ထိုအမြင်နှင့် ယူဆချက်များကို ဘလင်ကန်အနေဖြင့် အာဖရိက ခရီးစဉ်အတွင်း အရင်ဖြေရှင်းရဦးမည်ဖြစ်သည်။  

ဘလင်ကန်၏ ခရီးစဉ်သည် အာဖရိကတွင် တရုတ်၏ သြဇာလွှမ်းမိုးလာမှုကို ဖျက်နိုင်ရန်သာဖြစ်ပြီး အာဖရိကအကျိုးအတွက် ရည်ရွယ်ခြင်း ဟုတ်၊ မဟုတ်ကို အာဖရိကသားများက သံသယရှိနေသည်။အထူးသဖြင့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် လက်ထက်တွင်  အာဖရိကကို လျစ်လျူရှုထားခဲ့သည်။ ၂၀၁၄ ခုနှစ်တွင် စခဲ့သည် ပထမဆုံး အမေရိကန်-အာဖရိက ခေါင်းဆောင်များ ထိပ်သီးအစည်းအဝေးကို ကျင်းပခဲ့ပြီးနောက်  ဒုတိယအကြိမ် အာဖရိက-အမေရိကန် ထိပ်သီးအစည်းအဝေးကို ၂၀၂၂ ခုနှစ် ဒီဇင်ဘာလတွင်သာ ကျင်းပနိုင်သည်။ ၂၀၂၄ ခုနှစ်တွင် အမေရိကန်-အာဖရိက ထိပ်သီးစီးပွားရေးအစည်းအဝေးသာ ကျင်းပရန် လျာထားနိုင်သေးသည်။ထိုသို့သော အလေးမထားမှုများကြောင့် အာဖရိကသည် ကိုလိုနီအရှင်သခင်ဟောင်းများနှင့်ဝေးရာ တရုတ်ဘက်သို့ ရှေးရှုလာနေခြင်းဖြစ်သည်။  

ဆင့်ကဲဖြစ်စဉ်အရ ဤရာစုနှစ်အတွင်း အာဖရိကသည် ကမ္ဘာလုံးဆိုင်ရာနှင့် အမေရိကန်အနာဂတ်အတွက် အဓိကအချက်အချာဖြစ်လာတော့မည်ဖြစ်သည်။ထိုအချက်ကို အများစုက အခိုင်အမာယုံကြည်ထားသည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက တိုဂိုသမ္မတ ဖောယား ဂျီနက်စ်ဆင်းဘီနှင့် တွေ့ဆုံရာတွင် ယနေ့ခေတ် မတည်ငြိမ်သော ကမ္ဘာတွင် အာဖရိကသည် ၎င်း၏ ငြိမ်းချမ်းသော ဖွံ့ဖြိုးတိုးတက်မှုအတွက် စိန်ခေါ်မှုသစ်များကို ရင်ဆိုင်နေရပြီး တရုတ်နိုင်ငံ၏ ထောက်ခံမှုနှင့် အာဖရိက-တရုတ် ပူးပေါင်းဆောင်ရွက်မှုကို ယခင်ကထက် လိုအပ်နေကြောင်း ပြောခဲ့သည်။

တိုဂိုနိုင်ငံခြားရေးဝန်ကြီးနှင့် တွေ့ရာတွင်လည်း  အာဖရိကဒေသသည် မျှော်လင့်ချက်အပြည့်ရှိသည့် တိုက်တစ်ခုဖြစ်ပြီး ဝင်ရိုးစုံ ကမ္ဘာတွင် ဝင်ရိုးတစ်ခုဖြစ် ကြောင်း မှတ်ချက်ချပြီး တရုတ်နိုင်ငံသည် လွတ်လပ်ရေးကို လိုက်နာရာတွင်၊ ညီညွတ်ရေးရှာဖွေပြီး ကိုယ့်အားကိုယ်ကိုးရာတွင်နှင့် အာဖရိက ကံကြမ္မာကို အာဖရိကလက်တွင်ထားရန် လုပ်ဆောင်ရေးတွင် အာဖရိကကို ထောက်ခံကြောင်း ပြောခဲ့သည်။

ပြီးခဲ့သောနှစ်များအတွင်း အမေရိကန်၏ လျစ်လျူရှုမှုသည့် အရိုင်းဆန်သော အာဖရိကကို စိတ်ကွက်စေခဲ့သည်။တရုတ်၏ ရင်းနှီးမြုပ်နှံမှုနှင့် နည်းပညာ မျှဝေမှုသာ မရှိခဲ့ပါက ယနေ့ အာဖရိက၏ ဖွံ့ဖြိုးတိုးတက်မှုကို မြင်ရဖွယ်မရှိဟု လက်တွေအကျိုးဖြစ်မှုကိုသာ ကြည့်တတ်သော အာဖရိကနိုင်ငံများက လက်ခံထားကြသည်။ထိုယူဆချက်သည်  အနာဂတ်တွင် တရုတ်ဘက် ပိုယိမ်းဖို့ တွန်းအားများ ဖြစ်လာနိုင်လေသည်။

စိုးငြိမ်း