【 နိုင်ငံတကာဆောင်းပါး 】 အမျိုးသားလုံခြုံရေးအတွက် သမ္မတ ရှီ၏ မိန့်ခွန်း

【 နိုင်ငံတကာဆောင်းပါး 】 အမျိုးသားလုံခြုံရေးအတွက် သမ္မတ ရှီ၏ မိန့်ခွန်း

သမ္မတ ရှီကျင့်ဖျင်သည် ၂၀၁၄ ခုနှစ် ဧပြီလ၌ ကျင်းပခဲ့သော အမျိုးသားလုံခြုံရေးကောင်စီ ပထမဆုံးအစည်းအဝေးတွင် တရုတ်အမျိုးသားလုံခြုံရေး၏ စာမျက်နှာသစ် စတင်ပြီဟု မိန့်ခွန်းပြောကြားခဲ့သည်။
 
တရုတ်ကွန်မြူနစ်ပါတီ၏ ဗဟိုကော်မတီသည် ပြည်တွင်း၊ ပြည်ပမှ စိန်ခေါ်မှုများကို နည်းစနစ် တကျ တုံ့ပြန်ရန် အမျိုးသားလုံခြုံရေးကောင်စီကို ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။ထိုသို့ဖွဲ့စည်းခြင်းဖြင့် အမျိုးသားအုပ်ချုပ်ရေးအစိုးရ၏ ခေတ်မီတိုးတက်မှုကို အားပေးမြှင့်တင်နိုင်ပြီး ရေရှည်အတွက် တည်ငြိမ်မှုကို အထောက်အပံ့ဖြစ်စေမည်ဟု သမ္မတ ရှီက ဆိုသည်။
 
တရုတ်အမျိုးသားလုံခြုံရေး၏ အခြေအနေများအပေါ် မူတည်ပြီး ညီညွှတ်ပြီး သက်ရောက်မှုအားကောင်းသော ဗဟိုပြု လုံခြုံရေးမူဘောင်တစ်ခု တည်ဆောက်ရန်နှင့် အမျိုးသားလုံခြုံရေးအပေါ်တွင် ဦးဆောင်မှု အားကောင်းစေရန် ပန်းတိုင်များ ချမှတ်ခဲ့သည်။
 
လက်ရှိတွင် ပြည်တွင်းနှင့် ပြည်ပ အခြေအနေများသည် ရှုပ်ထွေးလျက်ရှိပြီး အမျိုးသားလုံခြုံရေးသည် အထိခိုက်မခံသော အခြေအနေတွင် ရှိနေသည်။ပြည်တွင်း၌ ပြုပြင်ပြောင်းလဲမှုများကို လုပ်ဆောင်နေသောကြောင့် လူမှုရေးအပြောင်းအလဲတွင် အရန်လိုသောအဖွဲ့များက အခွင့်ကောင်းယူကာ လူမှုရေးဟန်ချက်ညီမှုနှင့် တည်ငြိမ်မှုကို ဖျက်ဆီးရန် ကြံရွယ်လျက်ရှိသည်။ခွဲထွက်ရေးသမားများက အခြေအနေကို စောင့်ကြည့်ကာ တိုက်ခိုက်မှုများပြုလုပ်ရန် ရည်ရွယ်နေသည်။ထို့အပြင် သဘာဝဘေးအန္တရာယ်များ၊ ကပ်ရောဂါနှင့် ရာသီဥတုပြောင်းလဲမှုများကလည်း အခြေအနေကို ပို၍ဆိုးရွားစေသည်။
 
အင်အားကြီးနိုင်ငံများအကြား ပြိုင်ဆိုင်မှုများကလည်း စီးပွားရေးနှင့် ဩဇာလွှမ်းမိုးရေးအရ ပြင်း ထန်လာလျက်ရှိသည်။တရုတ်နှင့် အိမ်နီးချင်းနိုင်ငံများ၏ ရေပြင်အငြင်းပွားမှုကို အခွင့်ကောင်းယူကာ အမေရိကန်သည် အာရှ-ပစိဖိတ်ကို လွှမ်းမိုးရန် ကြိုးစားလျက်ရှိသည်။
 
ဂျပန်သည်လည်း စစ်ရေးအရ အင်အားဖြည့်တင်းလျက်ရှိပြီး နိုင်ငံရေးအရ ဩဇာကြီးထွားလာရန် လုပ်ဆောင်လျက်ရှိသည်။
 
တစ်ချိန်တည်းတွင် တရုတ်၏ လုံခြုံရေးအန္တရာယ်များသည် မြင့်တက်လျက်ရှိသည်။
 
ဆန်းသစ်သော အတွေးအမြင်များ၊ ယန္တရားများနှင့် ဗျူဟာများရှိမှသာ တရုတ်သည် ထိုစိန်ခေါ်မှု များကို ကျော်လွှားနိုင်မည်ဖြစ်သည်။ထို့အတွက် အလုံးစုံ အမျိုးသားလုံခြုံရေးအမြင်နှင့် တရုတ်ဝိသေသလက္ခဏာများပါသော အမျိုးသားလုံခြုံရေးလမ်းကြောင်းအတွက် အဆိုပြုချက်တစ်ခု ဖန်တီးခဲ့သည်။တရုတ်ဝိသေသလက္ခဏာပါသော အမျိုးသားလုံခြုံရေးလမ်းကြောင်းကို ပြည်သူလူထု၏ လုံခြုံရေးပန်းတိုင်အဖြစ် ပုံဖော်ရန်ဖြစ်ပြီး အခြေခံတာဝန်အဖြစ် နိုင်ငံရေးလုံခြုံရေးကို ထားရှိကာ စီးပွားရေးလုံခြုံရေး၊ စစ်ဘက်နှင့် လူမှုဖူလုံရေးတို့ကို အာမခံချက်အဖြစ် ပံ့ပိုးထားခြင်းဖြစ်သည်။ထိုအဆိုပြုချက်သည် နိုင်ငံ၏ ထူးခြားသော အမျိုးသားရေးအခြေအနေများအပေါ် အခိုင်အမာအခြေခံထားခြင်းဖြစ်ပြီး ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ချဉ်းကပ်မှုအပေါ် တရုတ်၏ ယုံကြည်မှုကို ပြသလျက်ရှိသည်။
 
ဒုတိယအချက်မှာ အရေးပေးမှုတို့ကို ဟန်ချက်မျှစေရန်ဖြစ်သည်။ပြည်တွင်းနှင့် ပြည်ပ လုံခြုံ ရေး တို့အပေါ် အရေးပေးမှုကို တန်းတူဖြစ်ရမည်ဖြစ်သည်။ထို့အပြင် နိုင်ငံလုံခြုံရေးနှင့် ပြည်သူတို့၏လုံခြုံရေးကိုလည်း တန်းတူအရေးပေးရန်ဖြစ်သည်။သမားရိုးကျ လုံခြုံရေးနှင့် သမားရိုးကျမဟုတ်သော လုံခြုံရေးပုံစံများတွင်လည်း တန်းတူအရေးပေးရမည်ဖြစ်သည်။နိုင်ငံရေးလုံခြုံရေး၊ အမိမြေလုံခြုံရေး၊ စီးပွား ရေးလုံခြုံရေးနှင့် ယဉ်ကျေးမှုလုံခြုံရေးမှ စတင်ပြီး နျူကလီးယားလုံခြုံရေးတို့အထိ ပါ၀င်သည့် အမျိုးသားလုံခြုံရေးကွန်ရက်ကို တည်ဆောက်ရမည်ဖြစ်သည်။
 
ဖွံ့ဖြိုးတိုးတက်မှုနှင့် လုံခြုံရေးတို့ကိုလည်း တန်းတူအရေးပေးရမည်ဖြစ်သည်။ဖွံ့ဖြိုးတိုးတက်မှုသည် လုံခြုံရေး၏ အခြေခံဖြစ်သလို လုံခြုံရေးသည်လည်း ဖွံ့ဖြိုးတိုးတက်မှုအတွက် မရှိမဖြစ်လိုအပ်သော အုတ်မြစ်ဖြစ်သည်။ကိုယ်ပိုင်လုံခြုံရေးနှင့် ဘုံလုံခြုံရေးတို့အတွက်လည်း ဦးစားပေးမှုများကို တန်းတူဖြစ်စေရမည် ဖြစ်သည်။အားလုံးအတွက် အကျိုးအမြတ်ရရှိပြီး ဘုံလုံခြုံမှုကို ဖော်ဆောင်ပေးနိုင်သည့် အ သိုက်အဝန်းကို တည်ဆောက်ရန် လိုအပ်သည်။
 
ထိုကဲ့သို့ အမျိုးသားလုံခြုံရေးဆိုင်ရာအတွက် သမ္မတ ရှီ၏ အတွေးအခေါ်သည် ကဏ္ဍနှစ်ရပ်ကို လွှမ်းခြုံထားသည်။မဟာဗျူဟာအဆင့်တွင် နိုင်ငံအနေဖြင့် အလုံးစုံနှင့် ဒေသဆိုင်ရာ မဟာဗျူဟာများကို အကောင်အထည်ဖော်ရန်၊ အမျိုးသားလုံခြုံရေးပတ်ဝန်းကျင်ဆိုင်ရာ သိပ္ပံနည်းကျလေ့လာမှုများ လုပ်ဆောင်ရန်နှင့် လုံခြုံရေးဆိုင်ရာ စိန်ခေါ်မှုများအတွက် ဦးစားပေးစာရင်းကို ပြုစုရန်ဖြစ်သည်။ယန္တရားအဆင့်တွင် နိုင်ငံအနေဖြင့် ပေါင်းစည်းမှုနှင့် တီထွင်ဖန်တီးမှုတို့ကို လုပ်ဆောင်ရန် လိုအပ်သည်။
 
အမျိုးသားလုံခြုံရေးကောင်စီအောက်တွင် တရုတ်နိုင်ငံသည် ကွပ်ကဲမှုစနစ်အား ပေါင်းစည်းကာ အလုံးစုံညှိနှိုင်းဆောင်ရွက်မှုကို ချောမွေ့စေပြီး သက်ဆိုင်ရာအာဏာပိုင်များ၏ ပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်သွားမည်ဖြစ်သည်။
 
စိုးနိုင်ထွန်း
Ref - Xi’s Speech A Rallying-Call For National Security | Chinausfocus