【 နိုင်ငံတကာဆောင်းပါး 】 အမေရိကန်၏ လုံခြုံရေးအယူအဆက ဘာကိုဦးတည်နေလဲ ?

【 နိုင်ငံတကာဆောင်းပါး 】 အမေရိကန်၏ လုံခြုံရေးအယူအဆက ဘာကိုဦးတည်နေလဲ ?

အမေရိကန်သည် တရုတ်ကို နှစ်ပေါင်းများစွာ စိုးရိမ်နေခဲ့သည်။စစ်အေးခေတ်ပြီးဆုံးကာ ဆိုဗီယက်ပြည်ထောင်စု ပြိုကွဲခဲ့ပြီးနောက် အမေရိကန်သည် တစ်ခုတည်းသော မဟာအင်အားကြီးနိုင်ငံဖြစ်ခဲ့ကာ ထိုကာလအလွန် ရုတ်ခြည်း အင်အားကြီးနိုင်ငံအဖြစ် တရုတ်ပေါ်ထွက်လာသည့်အခါ အမေရိကန်နှင့် အနောက်နိုင်ငံများအဖို့ ၎င်းတို့၏လုံခြုံရေးအယူအဆကို တရုတ်ဘက်သို့ ဗဟိုပြုကာ ပြန်လည်ပြင်ဆင်လာကြသည်။

မကြာသေးမီနှစ်များအတွင်း တရုတ်နှင့် အမေရိကန်အကြား အပြန်အလှန်ကန့်သတ်မှုများ၊ ပွတ်တိုက်မှုများကိုကြည့်ပါက နိုင်ငံတကာကဏ္ဍစုံတွင် တရုတ်အင်အားကြီးထွားလာမှုကို အမေရိကန်နှင့် အနောက်နိုင်ငံများ ကန့်သတ်ရန် ကြိုးစားရာမှ စလာခြင်းကြောင့်ဖြစ်သည်ကို တွေ့ရမည်ဖြစ်ပြီး အနောက်နိုင်ငံများ၏ မူဝါဒပြင်ဆင် ပြောင်းလဲမှုများသည် တရုတ်ကို ဦးတည်ထားနေသည်ကို တွေ့ရမည်ဖြစ်သည်။

ပြီးခဲ့သည့်နှစ်က ဖြစ်ခဲ့သည့် တရုတ်မိုးပျံပူဖောင်း ပစ်ချသည့်ကိစ္စဆိုပါက မလိုအပ်ဘဲ အမေရိကန်၏ အစိုးရိမ်လွန်ကဲမှုအဖြစ် နိုင်ငံတကာက ရှုမြင်ခဲ့ကြသည်။

အမေရိကန်အနေဖြင့် တရုတ်ကို မဟာဗျူဟာပြိုင်ဘက်အဖြစ် ပြောင်းလဲသတ်မှတ်ပြီးနောက် တရုတ်နှင့်ပတ်သက်သမျှကို တင်းတင်းကျပ်ကျပ် လုပ်ဆောင်ခဲ့သည်ကို တွေ့ရသည်။ထိုအကျိုးဆက်က အမေရိကန်နှင့် တရုတ်ကို နှစ်နိုင်ငံလုံး၏ အမျိုးသားလုံခြုံရေးနှင့် စီးပွားရေးလုံခြုံရေးကို ဆယ်စုနှစ်များစွာ အကျိုးသက်ရောက်စေမည့် ကြီးမားသော ပါဝါပြိုင်ဆိုင်မှုအောက် ရောက်သွားတော့သည်။ဤပြိုင်ဆိုင်မှုတွင် နှစ်နိုင်ငံကြား အပြန်အလှန်မှီခိုနေသော စီးပွားရေး၊ စစ်ရေးနှင့် နိုင်ငံရေးကဏ္ဍများကို ယှဉ်တွဲထားသည်။ထိုသည်က အမေရိကန်နှင့် ဆိုဗီယက်ယူနီယံကြား ၂၀ ရာစု စစ်အေးတိုက်ပွဲနှင့် မတူသော ပတ်သက်ဆက်နွယ်နေမှုများဖြစ်သည်။ထို့ကြောင့်လည်း နှစ်ဘက်စလုံးက စစ်အေးတိုက်ပွဲသစ်မဟုတ်ဟု ပြောခဲ့ခြင်းဖြစ်ပြီး များစွာလည်း ခြားနားပေသည်။

အမေရိကန်နှင့် တရုတ်တို့သည် ကမ္ဘာလုံးဆိုင်ရာ ကျယ်ပြန့်သော ဈေးကွက်များနှင့် ရှုပ်ထွေးသော ကမ္ဘာ့ထောက်ပံ့ရေး ကွင်းဆက်များအတွင်း ပြင်းထန်သော ပြိုင်ဆိုင်မှုတွင် ရှိနေသည်။ထို့ကြောင့် နှစ်ဘက်စလုံးက တစ်ဘက်နှင့် တစ်ဘက်အပေါ် မှီခိုနေရမှုကို လျှော့ချဖို့ ကြိုးစားကြသည်။

၂၀၁၅ ခုနှစ်တွင် ထုတ်ပြန်ခဲ့သော “Made in China 2025” အစီအစဉ်သည် နိုင်ငံခြားနည်းပညာအပေါ် တရုတ်နိုင်ငံ၏ မှီခိုမှုကို လျှော့ချရန်နှင့် ကမ္ဘာ့စျေးကွက်တွင် တရုတ်နိုင်ငံ၏ နည်းပညာဆိုင်ရာ ရပ်တည်ချက်ကို မြှင့်တင်ရန် တရုတ်နိုင်ငံ၏ ဆယ်နှစ်စီမံကိန်းဖြစ်သည်။ဤအစီအစဉ်သည် ၂၀၂၅ ခုနှစ်တွင် တရုတ်ပြည်တွင်း၌ ပင်မအစိတ်အပိုင်းများနှင့် ပစ္စည်းများပါဝင်မှုကို ၇၀ ရာခိုင်နှုန်းထိ မြှင့်တင်ရန် ဖွဲ့စည်းတည်ဆောက်ထားသည်။ထိုထဲတွင် သတင်းအချက်အလက်နည်းပညာ၊ စက်ရုပ်များ၊ ပစ္စည်းအသစ်များနှင့် အာကာသယာဉ်ကိရိယာများ ပါဝင်သည်။

မကြာမီက တရုတ်၏ နည်းပညာတိုးတက်မှုသည် အရှိန်အဟုန်ရလာပြီး ကမ္ဘာ့နည်းပညာနယ်ပယ်တွင် သိသိသာသာ ဖြစ်လာခဲ့သည်။ထိုတိုးတက်မှုက အမေရိကန်အတွက် အထူးသတိထားစရာဖြစ်လာကာ ဆက်တိုက်ဆိုသလို အမေရိကန်ရှိ တရုတ်နည်းပညာကုမ္ပဏီများမှာ ပစ်မှတ်ဖြစ်လာခဲ့သည်။ထိုထဲတွင် အထင်ရှားဆုံးမှာ 5G နည်းပညာ ဦးဆောင်ကုမ္ပဏီ ဟွာဝေဖြစ်ပြီး ဟွာဝေဘဏ္ဍာရေးအကြီးအကဲဖြစ်သူ မန်ဝမ်ကျိုကို အီရန်နိုင်ငံအပေါ် အမေရိကန်က ချမှတ်ထားတဲ့ အရေးယူပိတ်ဆို့မှုတွေကို ချိုးဖောက်သည့် စွပ်စွဲချက်ဖြင့် ကနေဒါတွင် ဖမ်းဆီးခဲ့သည်။ထိုသို့ဖမ်းဆီးခံရပြီးနောက် နှစ်နှစ်အကြာ ၂၀၂၁ ခုနှစ် စက်တင်ဘာတွင် အမေရိကန်အစိုးရရှေ့နေများနှင့် သဘောတူညီမှုရရှိသဖြင့် ပြန်လွတ်လာကာ တရုတ်သို့ ပြန်သွားခဲ့သည်။

ထိုကာလကြားထဲ အမေရိကန်ဘက်မှ 5G နည်းပညာကွန်ရက်ကို လုံခြုံရေးဆိုင်ရာ ခြိမ်းခြောက်မှုရှိနိုင်ကြောင်း ကန့်သတ်မှုနှင့် လှုံ့ဆော်မှုကြောင့် ဟွာဝေ၏ 5G ဆက်သွယ်ရေးဆိုင်ရာကွန်ရက် တည်ဆောက်မည့် သဘောတူညီချက်ရထားပြီးသား နိုင်ငံတကာကန်ထရိုက်အတော်များများကို လက်လွတ်ခဲ့ရသည်။ထိုထဲတွင် ဗြိတိန်နိုင်ငံ၏ မြန်နှုန်းမြင့် မိုဘိုင်းဖုန်းကွန်ရက်အသစ်အတွက် တရုတ်ရဲ့ ဟွာဝေဆက်သွယ်ရေးစက်ပစ္စည်းကုမ္ပဏီရဲ့ အခန်းကဏ္ဍကို ဗြိတိန်အစိုးရက ကန့်သတ်ပိတ်ပင်မှုလည်း ပါခဲ့သည်။

ထရမ့်လက်ထက် အမေရိကန်နှင့် တရုတ်ကြား ကုန်သွယ်ရေးစစ်ပွဲတွင် ဒေါ်လာဘီလျံပေါင်း ရာနှင့်ချီ တန်ဖိုးရှိသော ကုန်ပစ္စည်းများအပေါ် သွင်းကုန်အခွန်စည်းကြပ်မှုများ အပြန်အလှန်တိုးမြှင့်ကောက်ခံခြင်းဖြင့် အပြန်အလှန်ကုန်သွယ်မှုစည်းကြပ်ရာတွင် ဟွာဝေကုမ္ပဏီသည် အဓိကဇာတ်ကောင်ဖြစ်ခဲ့သည်။အထူးသဖြင့် အမေရိကန်က ဟွာဝေကို နည်းပညာခိုးယူမှုဖြင့် ဆက်တိုက်ပုံဖျက်ခဲ့ပြီး ထိုစဉ်က အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ခ်ပွန်ပီအိုက အမေရိကန်နဲ့ လုံခြုံရေးဆိုင်ရာ ထိပ်တန်းလျှို့ဝှက်အချက်အလက်တွေ မျှဝေသုံးစွဲနေတဲ့ ဥရောပမဟာမိတ်တွေအနေနဲ့ အန္တရာယ်ရှိတဲ့ ဟွာဝေကုမ္ပဏီရဲ့ ကွန်&က်ကို မသုံးကြဖို့ တိုက်တွန်းခဲ့သည်အထိ ဖြစ်ခဲ့သည်။

ထိုသို့ တရုတ်ကုမ္ပဏီများအပေါ် အမေရိကန်၏ ကန့်သတ်မှုများသည် ထရမ့်လက်ထက်မှ ဘိုင်ဒင် လက်ထက်tထိ ဆက်တိုက်အားကောင်းခဲ့သည်။ထိုအမေရိကန်သမ္မတနှစ်ဆက် သက်တမ်းအတွင်း တရုတ်ကုမ္ပဏီနှင့် လူပုဂ္ဂိုလ်များအပေါ် အမေရိကန်အာဏာပိုင်များ၏ ကန့်သတ်မှုစုစုပေါင်းမှာ မနည်း။အမေရိကန်ပြည်ထောင်စု ကူးသန်းရောင်းဝယ်ရေးဌာန၏ အဆိုအရ၊ တရုတ်စီးပွားရေးလုပ်ငန်း၊ အဖွဲ့အစည်းများနှင့် လူ ပုဂ္ဂိုလ် ၇၂၁ ဦးကို အမေရိကန်ပြည်ထောင်စုမှ ကုန်ပစ္စည်းများ ဝယ်ယူနိုင်မှုကို ကန့်သတ်သည့် “entity list” တွင် ထည့်သွင်းထားသည်။

ထိုအရေအတွက်အပြင် အီရန်ကို စစ်ရေးအရ ထောက်ပံ့မှုနဲ့ ဆက်နွယ်တဲ့ ပိတ်ဆို့အရေးယူမှုတွေ၊ အမေရိကန်သည် အီရန်၏ ဒုံးကျည်အစီအစဉ်အတွက် အထောက်အပံ့ပစ္စည်းများ ပံ့ပိုးပေးသည့်အတွက် တရုတ်ကုမ္ပဏီများနှင့် လူပုဂ္ဂိုလ်များအား ဒဏ်ခတ်အရေးယူမှုများ ပြုလုပ်ခဲ့သည်။ ၂၀၁၄ ခုနှစ်တွင် US Treasury Department မှ Sinotech Dalian Carbon နှင့် Graphite Manufacturing Corporation မှ အီရန်အား ပဲ့ထိန်းဒုံးကျည်များ ထုတ်လုပ်ရန် အစိတ်အပိုင်းများ ဝယ်ယူရာတွင် ကူညီခြင်းအတွက် ပိတ်ဆို့အရေးယူခဲ့သည်။ ၂၀၂၃ ခုနှစ် ဇွန်လတွင်၊ အမေရိကန်ဘဏ္ဍာရေးဌာနသည် Zhejiang Qingji နှင့် တရုတ်နှင့် ဟောင်ကောင်ရှိ အခြားသောအဖွဲ့အစည်းများအား အီရန်သို့ centrifuge ကိရိယာများ ရောင်းချခြင်းအတွက် ဒဏ်ခတ်အရေးယူခဲ့သည်။ ၂၀၂၃ ခုနှစ် စက်တင်ဘာလတွင် အီရန်လေယာဉ်ထုတ်လုပ်ရေး စက်မှုလုပ်ငန်း ကော်ပိုရေးရှင်းက ရေနံတင်သင်္ဘောများကို တိုက်ခိုက်ရန်နှင့် ရုရှားစစ်တပ်သို့ တင်ပို့ရန်အတွက် ဒရုန်းများကို ကူညီပေးသည်ဟု စွပ်စွဲခံထားရသော တရုတ်အဖွဲ့အစည်းခြောက်ခုကို ဒဏ်ခတ်ပိတ်ဆို့ခဲ့သည်။

အမေရိကန်အနေဖြင့် လုံခြုံရေးခြိမ်းခြောက်မှု အကြောင်းပြချက် ကြီးကြီးမားမားပြသည်မှာ တစ်ပိုင်းလျှပ်ကူးကဏ္ဍတွင်ဖြစ်သည်။ ၂၀၂၂ ခုနှစ် အောက်တိုဘာလ ၇ ရက်နေ့တွင် အမေရိကန်ကူးသန်းရောင်းဝယ်ရေးဌာန၏ စက်မှုနှင့် လုံခြုံရေးဗျူရိုသည် တရုတ်နိုင်ငံတွင် အဆင့်မြင့်ကွန်ပျူတာနှင့် ဆီမီးကွန်ဒတ်တာ ထုတ်လုပ်ခြင်းဆိုင်ရာ ထိန်းချုပ်မှုများကို အကောင်အထည်ဖော်ခဲ့သည်။ဤထိန်းချုပ်မှုအချို့သည် ချက်ခြင်းစတင်ခဲ့ပြီး အချို့မှာ ၂၀၂၂ ခုနှစ် အောက်တိုဘာလ ၁၂ ရက်နှင့် အောက်တိုဘာလ ၂၁ ရက်အတွင်း အကျိုးသက်ရောက်ခဲ့သည်။

၂၀၂၃ ခုနှစ် မတ်လတွင်၊ အမေရိကန်ကုန်သွယ်ရေးဌာနသည် တရုတ်စစ်တပ် (PLA) ၏ ပံ့ပိုးကူညီမှုဖြင့် အမေရိကန်နည်းပညာကို ရယူရန် ကြိုးစားမှုအတွက် Inspur နှင့် Loongson အပါအဝင် နောက်ထပ် တရုတ်ကုမ္ပဏီ ၂၈ ခုကို Entity List သို့ ထည့်သွင်းခဲ့သည်။ ၂၀၂၃ ခုနှစ် အောက်တိုဘာလတွင် ကုန်သွယ်ရေးဌာနသည် Biren Technology နှင့် Moore Threads များကို Entity List သို့ ထည့်သွင်းခဲ့သည်။

ထိုကန့်သတ်မှုများသည် တရုတ်၏ အရှိန်အဟုန်ဖြင့် ထိုးတက်နေသော နည်းပညာနှင့် စီးပွားရေးကို မဟန့်တားနိုင်ခဲ့ပေ။အထူးသဖြင့် တရုတ်စျေးကွက်ကို အမေရိကန်နည်းပညာကုမ္ပဏီများ လွှမ်းမိုးထားမှုသည် ထိုတားမြစ်ကန့်သတ်မှုများကြောင့် တရုတ်ပြည်မကုမ္ပဏီများကို စျေးကွက်ပေးလိုက်ရခြင်းသာဖြစ်ခဲ့သည်။

US-China Economic and Security Review Commission အရ ၂၀၂၁ ခုနှစ် မေလအထိ အမေရိကန်တွင် စာရင်းသွင်းထားသော တရုတ်ကုမ္ပဏီပေါင်း ၂၄၈ ခုရှိပြီး စုစုပေါင်းတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၂. ၁ ထရီလီယံရှိခဲ့ရာ တရုတ်ကုမ္ပဏီများကို ပစ်မှတ်ထားမှုသည် အမေရိကန်စီးပွားရေးနှင့် အလုပ်အကိုင်စျေးကွက်ကို ထိခိုက်မှုရှိသင့်သလောက် ရှိခဲ့သည်။

အမေရိကန်ဘက်က တရုတ်အင်အားတောင့်တင်းလာခြင်းကို ဟန့်တားနိုင်ရန်အတွက် အမြဲတမ်းနီးပါးသုံးစွဲသည့် အကြောင်းပြချက်မှာ ပြည်တွင်းလုံခြုံရေးကို ခြိမ်းခြောက်လာခြင်း ခေါင်းစဉ်ဖြစ်သည်။ထိုခေါင်းစဉ်ဖြင့် တရုတ်ကုမ္ပဏီများ၏ လုပ်ငန်းလည်ပတ်မှုနှင့် ကုန်သွယ်မှုကို ရပ်ဆိုင်းသည်အထိ သက်ရောက်နိုင်ရန် ပိတ်ဆို့ကန့်သတ်လိုက်ခြင်းသည် အရှိန်ရနေသည့် တရုတ်စီးပွားရေးကိုပါ သွယ်ဝိုက်ထိုးနှက်ရန်ဖြစ်သည်။ထို့ကြောင့်လည်း အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာန မကြာသေးမီက ထုတ်ပြန်ခဲ့သော “တရုတ်စစ်ရေးလုပ်ငန်းကုမ္ပဏီများ အမည်စာရင်း” အသစ်တွင် တရုတ်ကုမ္ပဏီများစွာ ထည့်သွင်းခဲ့မှုကို တရုတ်ဘက်က ပြင်းပြင်းထန်ထန် တုံ့ပြန်ခဲ့ခြင်းဖြစ်သည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ပုံမှန်ပြုလုပ်လေ့ရှိသည့် ဖေဖော်ဝါရီ ၁ ရက် သတင်းစာရှင်းလင်းပွဲတွင် ပြောရေးဆိုခွင့်ရှိသူ ဝမ်ဝင်ပင်က ထိုသို့ စာရင်းထဲ ထည့်သွင်းခြင်းသည် တရုတ်ကုမ္ပဏီများအပေါ် အကြောင်းမဲ့သက်သက် ဖိနှိပ်ကာ တရုတ် -အမေရိကန် ပုံမှန်စီးပွားကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှုအား ဖျက်ဆီးခြင်းဖြစ်ပြီး တရုတ်ဘက်က ပြတ်ပြတ်သားသား ဆန့်ကျင်ကြောင်း၊ ယင်းလုပ်ရပ်သည် ဈေးကွက်ယှဉ်ပြိုင်မှုအခြေခံမူနှင့် နိုင်ငံတကာစီးပွားကုန်သွယ်ရေး စည်းမျဉ်းဥပဒေကို ကျောခိုင်းခြင်းဖြစ်ကြောင်း ပြောခဲ့သည်။

ထိုလုပ်ဆောင်ချက်ကြောင့် အမေရိကန်တွင် နိုင်ငံခြားလုပ်ငန်းကုမ္ပဏီများ၏ ရင်းနှီးမြှုပ်နှံရေး လုပ်ကိုင်ဆောင်ရွက်မှုအပေါ် ယုံကြည်စိတ်ကို ထိခိုက်စေကာ အမေရိကန်လုပ်ငန်းကုမ္ပဏီများနှင့် ရင်းနှီးမြှုပ်နှံသူများ၏ အကျိုးစီးပွားကို ထိခိုက်စေကြောင်း ပြောခဲ့သည်။

ယခုရက်ပိုင်း တရုတ်ကို  ပိတ်ဆို့မှုနှင့်ပတ်သက်ပြီး နောက်ထပ်ထွက်လာသည့် သတင်းများရှိသည်။ထိုထဲတွင် ယူကရိန်းကို ကျူးကျော်နေသည့် ရုရှားကို တရုတ်က ကူညီနေသည်ဆိုသည့် စွပ်စွဲမှုနှင့်ပတ်သက်ပြီး အမေရိကန်ကွန်ဂရက်က တရုတ်ကို ပိတ်ဆို့အရေးယူရန် စဉ်းစားနေသည်ဆိုသည့် သတင်းနှင့် အမေရိကန်ဆိပ်ကမ်းများရှိ အဝေးထိန်းစနစ်ဖြင့် လုပ်ဆောင်နိုင်သော တရုတ်ထုတ် ကရိန်းအစင်း ၂၀၀ ကျော်နှင့်ပတ်သက်ပြီး ဘိုင်ဒင်အစိုးရက အမျိုးသားလုံခြုံရေးခြိမ်းခြောက်မှုကို စိုးရိမ်နေသည့် ဆိုသော သတင်းများပင်ဖြစ်သည်။

ထိုသို့မရောရာသော အကြောင်းပြချက်များကြောင့်ပင် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်နှင့် ဂျာမနီနိုင်ငံ၊ မြူးနစ်မြို့မှာ ကျင်းပသည့် မြူးနစ်လုံခြုံရေးအစည်းအဝေးမှာ တွေ့ဆုံချိန် ၎င်းတို့နိုင်ငံအပေါ် ချမှတ်ထားသည့် အမေရိကန်အစိုးရရဲ့တစ်ဖက်သတ်ပိတ်ဆို့မှုတွေကို ဖယ်ရှားပေးဖို့ တိုက်တွန်းတောင်းဆိုခဲ့ခြင်းပင်ဖြစ်လေသည်။

အမေရိကန်အတွက် တရုတ်သည် တကယ်ခြိမ်းခြောက်မှုဖြစ်ရဲ့လားဆိုသည်မှာ နိုင်ငံတကာကျွမ်းကျင်သူများကြား အဖြေရှာနေရသည့် အကြောင်းအရာဖြစ်ပြီး အမေရိကန်၏ ပြိုင်ဘက်ရှာသည် အယူအဆအရ ရုရှားအားပျော့သွားချိန်တွင် အချိန်ကိုက်ပေါ်လာခြင်းအဖြစ် အများစုက ယူဆကြသည်။

ဘိုင်ဒင်၏ ၂၀၂၀ ရွေးကောက်ပွဲ ကမ်းပိန်းဆောင်ပုဒ်ကို ကြည့်ပါက “တရုတ်နှင့် အနာဂတ်ပြိုင်ပွဲမှာ အနိုင်ရဖို့ အမေရိကန်ကို ဦးဆောင်သွားမည်” ဟု ဖြစ်သည်။

ထို့ကြောင့် အမေရိကန်၏လုံခြုံရေးကို တရုတ်က ခြိမ်းခြောက်နေသည်ဆိုသော စွပ်စွဲချက်သည် မည်သည်ကို ဦးတည်နေသည်ကို သိသာမြင်နိုင်မည်ဖြစ်ပြီး ဘာကြောင့် နယ်ပယ်စုံတွင် တရုတ်နှင့်ပတ်သက်သမျှကို အမေရိကန်က ပိတ်ဆို့ကန့်သတ်နေသည်ကို သိသာနိုင်မည်ဖြစ်လေသည်။

စိုးငြိမ်း