【 နိုင်ငံတကာဆောင်းပါး 】 ပိတ်ဆို့မှုကြောင့် မီးလောင်ရာလေပင့်ဖြစ်လာသည့် ... စစ်ပွဲ

【 နိုင်ငံတကာဆောင်းပါး 】 ပိတ်ဆို့မှုကြောင့် မီးလောင်ရာလေပင့်ဖြစ်လာသည့် ... စစ်ပွဲ

၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလတွင် စတင်ခဲ့သည့် ရုရှား-ယူကရိန်း စစ်ရေးပဋိပက္ခ ဒုတိယမြောက်နှစ်ပတ်လည်မတိုင်မီ အမေရိကန်ပြည်ထောင်စုသည် ရုရှားကို ပိတ်ဆို့အရေးယူရန် ဥရောပသမဂ္ဂနှင့် ဗြိတိန်တို့နှင့် ပူးပေါင်းလိုက်သည်။

သို့သော် တစ်ချိန်တည်းတွင် ရုရှားနိုင်ငံသည် ယူကရိန်းနိုင်ငံအရှေ့ပိုင်းမှ အရေးပါသော အက်ဒစ်ကာကို သိမ်းပိုက်ယူရာတွင် အောင်ပွဲကြောင့် စစ်မြေပြင်တွင် အသာစီးရလာနေသည်။

ယခင်အရေးယူပိတ်ဆို့မှုများသည့် မျှော်မှန်းထားသည့် အဆင့်ရောက်ရန် မဖြစ်နိုင်ဟု သုတေသီများ ယူဆပြီး အမေရိကန်ပြည်ထောင်စုနှင့် အနောက်နိုင်ငံများသည် ၂၀၂၄ ခုနှစ်တွင် ရုရှားနှင့် အပေးအယူလုပ်ရန် ပြင်ဆင်မထားသောကြောင့် ရှေ့မတိုးနောက်မဆုတ်နိုင်သည့် အကျပ်အတည်း လွန်စွာဖြစ်နိုင်ပြီး အပစ်အခတ်ရပ်စဲရေး အလှမ်းဝေးနေဆဲဖြစ်သည်။

တစ်ကမ္ဘာလုံး၏ လုံခြုံရေးပတ်ဝန်းကျင်နှင့် စီးပွားရေး အပြင်းအထန်ထိခိုက်စေပြီး အမေရိကန်ပြည်ထောင်စုသည် အုပ်စုလိုက်ထိပ်တိုက်တွေ့မှုကို အားပေးရန် ဥရောပကို ဓားစာခံအဖြစ်ထားပြီး ဓာတ်ငွေ့နှင့် လက်နက်များကို ဥရောပသို့ရောင်းချပြီး အကျိုးအမြတ်အများဆုံးရနေသည်။သို့သော် ရုရှား-ယူကရိန်း ပဋိပက္ခသည် ဆက်လက်ရှည်ကြာလာပါက အောင်နိုင်သူမရှိသည့် စစ်ပွဲဖြစ်လာမည်ဟု ကျွမ်းကျင်သူများပြောသည်။တရုတ်နိုင်ငံသည် ငြိမ်းချမ်းရေးဆွေးနွေးပွဲများနှင့် အပစ်အခတ်ရပ်စဲရေး အမြန်ဆုံးဖြစ်စေရန် အားထုတ်မှုများ ဆက်လက်လုပ်ဖို့ ကြိုးစားနေသည်။

           အကျပ်အတည်း ဆက်လက်ဖြစ်မည်

ဆက်လက်ဖြစ်ပွားနေသည့် ယူကရိန်းစစ်ပွဲနှင့် ရုရှားအတိုက်အခံခေါင်းဆောင် နာဗယ်လ်ညီ သေဆုံးခြင်းအတွက် ရုရှားကို ပစ်မှတ်ထားသည့် အရေးယူပိတ်ဆို့မှု ၅၀၀ ကျော်ကို ထုတ်ပြန်မည်ဖြစ်ကြောင်း သောကြာနေ့တွင် ကြေညာသည်။အမေရိကန်ပြည်ထောင်စုသည် ရုရှားကို ထောက်ပံ့သည့် အဖွဲ့အစည်း ၁၀၀ ကျော်ကိုလည်း ပို့ကုန် ကန့်သတ်ချက်များ ချမှတ်ပြီး ရုရှား၏ စွမ်းအင်ဝင်ငွေ လျှော့ချရန်လည်း ထပ်မံအရေးယူမည် ဖြစ်သည်။၎င်း၏မဟာမိတ်များ၏ လှုပ်ရှားမှုများနောက်တွင် အမေရိကန်ပြည်ထောင်စုက ယခုနောက်ဆုံး အရေးယူပိတ်ဆို့မှုများ ချမှတ်ခြင်းဖြစ်သည်။

ဗြိတိန်နိုင်ငံသည် ရုရှားကို နောက်ထပ်အရေးယူပိတ်ဆို့မှုသစ် ၅၀ ကျော်ကို ကြာသပတေးနေ့တွင် ကြေညာပြီး မော်စကို၏ စစ်ရေးအားထုတ်မှုများကို ထောက်ကူသည့် လူပုဂ္ဂိုလ်နှင့် အဖွဲ့အစည်းများကို ပစ်မှတ်ထားသည်။

ဗုဒ္ဓဟူးနေ့တွင် ဥရောပသမဂ္ဂသည် ရုရှားကို ၁၃ ကြိမ်မြောက် ပိတ်ဆို့အရေးယူမှုကို အတည်ပြုလိုက်ပြီး တရုတ်နှင့် အိန္ဒိယမှ ကုမ္ပဏီများအပါအဝင် မော်စကို၏ စစ်ဆင်ရေးနှင့်ပတ်သက်သည်ဟုဆိုသော လူပုဂ္ဂိုလ်နှင့် အဖွဲ့အစည်း ၂၀၀ နီးပါးကို ပစ်မှတ်ထားသည်။ထိုအရေးယူပိတ်ဆို့မှုကို သောကြာနေ့တွင် စတင်ကျင့်သုံးသည်။

သို့သော် အမေရိကန်ပြည်ထောင်စုနှင့် အနောက်တိုင်း အရေးယူပိတ်ဆို့မှုများသည် ရုရှားအပေါ် ကြီးကြီးမားမားသက်ရောက်မှု မရှိကြောင်း သုတေသီများ သုံးသပ်သည်။တစ်ချိန်တည်းတွင် မော်စကိုသည် အမေရိကန်အရာရှိများ မျှော်လင့်ထားသလောက် အထီးကျန်သွားခြင်းမရှိဘဲ ကျယ်ပြန့်လှသော ရုရှား၏ ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းတွင် အမြစ်တွယ်နေသည့် ရုရှား၏ ပင်ကိုယ်အင်အားသည် ဘဏ္ဍာရေးနှင့် နိုင်ငံရေးခံနိုင်ရည်ရှိစေကြောင်း နယူးယောက်တိုင်းမ်စ် သတင်းတစ်ပုဒ်က ဖော်ပြသည်။

ရုရှားကို အနောက်တိုင်းက အရေးယူပိတ်ဆို့မှုများသည် ရုရှားစီးပွားရေးအပေါ် ကာလတိုသက်ရောက်သော်လည်း မကြာမီ ရုရှားက မူဝါဒများကို ချိန်ညှိလိုက်သောအခါ စီးပွားရေးတိုးတက်မှု ပြန်လည်ရရှိကြောင်း တရုတ်လူမှုသိပ္ပံပညာရပ်များအကယ်ဒမီမှ ရုရှား၊ အရှေ့ဥရောပနှင့် ဗဟိုအာရှ လေ့လာရေး အင်စတီကျူမှ ဝါရင့်သုတေသီ ကျောင်ဟုန်က ဂလိုဘယ်တိုင်းမ်စ်သို့ သောကြာနေ့တွင် ပြောသည်။

အရေးယူပိတ်ဆို့မှုများသည် အနောက်တိုင်း နိုင်ငံရေးမှန်ကန်မှု လက္ခဏာတစ်ခုဖြစ်သော်လည်း ရည်ရွယ်သော ရည်မှန်းချက်ပန်းတိုင်များ ဖြစ်မလာကြောင်း ကျောင်ပြောပြီး အရေးယူပိတ်ဆို့မှုများသည် ယူကရိန်းအကျပ်အတည်းတွင် ရုရှား၏အနေအထားကို မပြောင်းလဲစေကြောင်းနှင့် ရုရှားအတွက် အဓိကကျသည့် စီးပွားရေးအခက်အခဲများ မဖြစ်စေကြောင်း သူဆက်လက်ပြောကြားသည်။

“တစ်နည်းအားဖြင့် ပြောရရင် မအောင်မြင်ဘူး” ဟု သူပြောသည်။

ထိုကျွမ်းကျင်သူ၏ အဆိုအရ ယခင်က အစီအမံများနှင့် နှိုင်းယှဉ်ပါက မကြာသေးမီက ချမှတ်သည့် အရေးယူပိတ်ဆို့မှုများ ရုရှား၏ အခြားနိုင်ငံများနှင့် ကုန်သွယ်ရေးနှင့် ဘဏ္ဍာရေးအဆက်အသွယ်ကို ကန့်သတ်ကာ ရုရှား၏ ပြည်ပစီးပွားရေးကို ကျဉ်းမြောင်းသွားစေပြီး တိုက်ရိုက်အရေးယူမှုကို ပိုမိုအာရုံစိုက်ကြောင်း သိရသည်။

လွန်ခဲ့သောအပတ်တွင် ယူကရိန်းအရှေ့ပိုင်း မြို့ကြီး အက်ဒစ်ကာကို သိမ်းပိုက်ပြီး စစ်မြေပြင်တွင် ရုရှားက အသာစီးရနေချိန်တွင် ထိုအရေးယူပိတ်ဆို့မှုသစ်များ ချမှတ်ခြင်းဖြစ်သည်။ယူကရိန်းသည် လက်နက်ခဲယမ်းနှင့် တပ်အင်အား မလုံမလောက်ဖြစ်နေကြောင်း မီဒီယာသတင်းများက ဖော်ပြသည်။

ထိုအကျပ်အတည်း နှစ်ပတ်လည်နေ့မတိုင်မီတွင် ရုရှားလုံခြုံရေးကောင်စီ ဒုဥက္ကဋ္ဌ ဒီမီထရီ မက်ဗီဒက်က ရုရှားသည် အိုဒက်ဆာကမ်းခြေမြို့နှင့် မြို့တော် ကိယက်ဗ်ကို သိမ်းပိုက်ပြီးသည်အထိ ယူကရိန်းတွင် ဆက်လက်တိုက်မည်ဖြစ်ကြောင်း ကြာသပတေးနေ့တွင်ပြောသည်ဟု RT သတင်းက ဖော်ပြသည်။

ရုရှားသည် အရှိန်အဟုန်  ပြန်လည်ရရှိလာပြီး ရှေ့မတိုးနောက်မဆုတ်သာသည့် အခြေအနေကို ချိုးဖျက်တော့မည်ဟု သူထင်ကြောင်း အမေရိကန်ဗဟိုထောက်လှမ်းရေးဌာန ညွန်ကြားရေးမှူးဟောင်းနှင့် ကာကွယ်ရေးဝန်ကြီးဟောင်း ရောဘတ်ဂိတ်အပါအဝင် လေ့လာသူအချို့ပြောသော်လည်း တရုတ်ကျွမ်းကျင်သူများက ယခုဖြစ်နေသည့် အနိမ့်အမြင့်များသည် ၂၀၂၄ ခုနှစ်တွင် ဆက်လက်ဖြစ်နေမည်ဟု ပြောသည်။

မက်ဗီဒက်၏ မှတ်ချက်က ရုရှားသည် ၎င်း၏အထူးစစ်ဆင်ရေးကို ဆက်လက်လုပ်ဆောင်နိုင်မည်ဟု ယုံကြည်ကြောင်း ပြသနေသည်ဟု ကျောင်ပြောကြားပြီး မော်စကိုသည် ၎င်းတို့ထိန်းချုပ်နိုင်သည့်အန္တရာယ် နယ်ပယ်အတွင်း လုံခြုံရေးအကျိုးစီးပွားကို အများဆုံးအနေအထားအထိ ချဲ့ထွင်ရန် ကြိုးစားနေသည်ဟု သူပြောသည်။

သို့သော် ယခုနောက်ဆုံး အရေးယူပိတ်ဆို့မှုများက အမေရိကန်ပြည်ထောင်စုနှင့် အနောက်တိုင်းသည် ရုရှားနှင့် အပေးအယူ စေ့စပ်ညှိနှိုင်းမှုလုပ်ရန် ပြင်ဆင်ထားခြင်းမရှိကြောင်း ပြသနေသည်ဟု ကျောင်ပြောပြီး ယူကရိန်းသည် စစ်မြေပြင်တွင် မကြာသေမီက လက်ဦးမှုဆုံးရှုံးနေသော်လည်း ချေမှုန်းခံရမည့် အခြေအနေမရှိကြောင်း သူပြောသည်။

ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် ဥရောပသမဂ္ဂခေါင်းဆောင်များသည် ယူကရိန်းသို့ ၂၀၂၄ ခုနှစ်မှ ၂၀၂၇ ခုနှစ်အတွင်း ယူရို ၅၀ ဘီလီယံထောက်ပံ့ရန် အတည်ပြုခဲ့သည်။ “ဒါဟာ ယူကရိန်းကို အနောက်နိုင်ငံတွေက လတ်တလောစွန့်လွှတ်ဖို့ ပြင်ဆင်ထားတာမရှိဘူးဆိုတာ ပြသနေတယ်” ဟုလည်း သူပြောသည်။

ရေရှည်တွင် စစ်မြေပြင်အခြေအနေသည် အမေရိကန်ပြည်ထောင်စုက ကိယက်ဗ်ကို ကူညီရေး အတွက် ပြည်တွင်းနှစ်ပါတီအကြား အငြင်းပွားမှုကို ကျော်ဖြတ်နိုင်၊ မကျော်ဖြတ်နိုင်ဆိုသည့် အချက်နှင့် ဖြစ်နိုင်ခြေရှိသော ထရမ့် သမ္မတပြန်လာလျှင် မူဝါဒအကြီးအကျယ်ပြောင်းလဲမှု ရှိ၊ မရှိအပေါ် မူတည်နေကြောင်း ကျွမ်းကျင်သူများပြောသည်။

၂၀၂၄ ခုနှစ်အတွင်းတွင် ရှေ့မတိုးနောက်မဆုတ်သာသည့် အကျပ်အတည်း ဆက်လက်ဖြစ်နေပြီး ယူကရိန်းဘက်မှ စစ်မြေပြင်တွင် ထိခိုက်သေဆုံးမှု မြင့်မားနိုင်ကြောင်း တရုတ်နိုင်ငံခြားရေးတက္ကသိုလ်မှ ပါမောက္ခ လီဟိုင်ဒုန် ပြောသည်။

“ပဋိပက္ခက ဆက်လက်ဖြစ်နေပြီး အနည်းဆုံး လတ်တလောမှာတော့ အဆုံးကို မမြင်ရသေးဘူး” ဟုလည်း လီ ပြောသည်။

           အနိုင်ရသူမရှိသော စစ်ပွဲ

ဗြိတိန်နှင့် ဥရောပသမဂ္ဂ၏ ရုရှားအပေါ် နောက်ဆုံး အရေးယူပိတ်ဆို့မှုများတွင် တရုတ်ကုမ္ပဏီများကိုလည်း ဖော်ပြထားသောကြောင့် ဗြိတိန်မှ တရုတ်သံရုံးသည် အပြင်အထန်ဆန့်ကျင်ကြောင်း ပြောကြားပြီး တရုတ်နိုင်ငံသည် ယူကရိန်းအကျပ်အတည်းတွင် ဓမ္မဓိဋ္ဌာန်ကျပြီး တရားမျှတသည့် သဘောထားသာ အမြဲတမ်းထားရှိကြောင်း ပြောသည်။

စစ်ပွဲနှစ်ပတ်လည်နေ့မတိုင်မီတွင် အနောက်တိုင်းမီဒီယာအချို့က တရုတ်နိုင်ငံ၏ သဘောထားနှင့်ပတ်သက်သည့် သံသယများကို ဖော်ပြကြသည်။တရုတ်သည် စစ်ပွဲရပ်ရန် ရုရှားကို ဖိအားပေးခြင်းမရှိကြောင်း VOA က ဖော်ပြပြီး ဂျာမန်မီဒီယာအချို့က အရေးယူပိတ်ဆို့များကြောင့် ရုရှားကို တရုတ်လက်သို့ တွန်းပို့နေကြောင်းနှင့် တရုတ်သည် ရုရှား-ယူကရိန်း ပဋိပက္ခတွင် အကြီးမားဆုံး အမြတ်ထွက်သည့် နိုင်ငံဖြစ်လာကြောင်း ရေးသည်။

အနောက်နိုင်ငံများသည် လူထုထင်မြင်ချက်မှတစ်ဆင့် တရုတ်နိုင်ငံက တစ်ဘက်ဘက်မှပါရန် ဖိအားပေးနေသော်လည်း အဓိကအင်အားကြီးနိုင်ငံတစ်ခုအနေဖြင့် တရုတ်သည် ထိုပူညံပူညံအသံများကြောင့် ဘက်မလိုက် သဘောထားကို ထိခိုက်မခံကြောင်း လီက ပြောသည်။

ယူကရိန်းနိုင်ငံခြားရေးဝန်ကြီး ဒီမိုင်ထရို ကူလီဘာနှင့် ဖေဖော်ဝါရီလတွင် တွေ့ဆုံစဉ်အတွင်း တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက တရုတ်သည် ယူကရိန်းပြဿနာနှင့်ပတ်သက်ပြီး ငြိမ်းချမ်းရေးဆွေးနွေးပွဲများကို အားပေးရန် ဆက်လက်ဆုံးဖြတ်ထားကြောင်း မျှော်လင့်ချက်ရေးရေးရှိနေသမျှကာလပတ်လုံး ထိုကိစ္စကို စွန့်လွှတ်မည်မဟုတ်ကြောင်း ပြောကြားခဲ့သည်။

တရုတ်သည် မီးကိုလောင်စာထိုးခြင်း (သို့မဟုတ်) အခြေအနေကို အမြတ်ထုတ်ခြင်း လုပ်ဆောင်မည် မဟုတ်ကြောင်းလည်း ဝမ်ပြောသည်။

အရေးယူပိတ်ဆို့မှုများနှင့် လက်နက်အကူအညီများသည် ရုရှား၏ သဘောထားကို ပြောင်းလဲစေခြင်းမရှိဘဲ ပဋိပက္ခကို ရှည်ကြာစေကာ ယူကရိန်းအတွက် အပျက်အစီးပိုမိုကြီးမားစေမည်ဖြစ်ကြောင်း၊ ယူကရိန်းမှ ထိခိုက်ပျက်စီးမှုများ အမြန်ဆုံးအဆုံးသတ်ရန်အတွက် ဆောလျင်စွာ အပစ်အခတ်ရပ်စဲရေးနှင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ ကျင်းပရမည်ဖြစ်ကြောင်း ကျောင် ပြောသည်။

ထိုပဋိပက္ခကြောင့် တရုတ်အပါအဝင် အဓိကစီးပွားရေးများအားလုံး လုံခြုံရေးပတ်ဝန်းကျင်နှင့် စီးပွားရေးအရ ထိခိုက်ရပြီး တရုတ်-ဥရောပသမဂ္ဂ ဆက်ဆံရေးနှင့် တရုတ်-အမေရိကန် ဆက်ဆံရေးကို ထိခိုက်စေကြောင်း ကျောင် ပြောသည်။

လက်ရှိအချိန်အထိ အမေရိကန်ပြည်ထောင်စုသည့် အကြီးမားဆုံး အကျိုးခံစားရသူဖြစ်ကြောင်း သုတေသီများပြောသည်။အမေရိကန် ဓာတ်ငွေ့ရည်သည် ဥရောပဈေးကွက်သို့ဝင်ရောက်လာပြီး ယခုအခါ ဝေစုအလွန်ကြီးမားနေသည်။လက်နက်များတင်ပို့မှုကြောင့် အမေရိကန် စစ်လက်နက်ပစ္စည်းထုတ်လုပ်သူများသည် ငွေအလွန်မြောက်များစွာရရှိနေသည်။တစ်ချိန်တည်းတွင် ရုရှား-ယူကရိန်း ပဋိပက္ခသည် ဥရောပအပေါ် အမေရိကန်ထိန်းချုပ်မှုကို ပိုမိုခိုင်မာစေပြီး အုပ်စု နိုင်ငံရေးသြဇာသို့ ပြန်လည်ရောက်ရှိစေသည်။

သို့သော် အားလုံးကိုခြုံပြီး ရေရှည်ကိုကြည့်ပါက ထိုပဋိပက္ခသည် အနိုင်ရှိသူမရှိသည့် စစ်ပွဲသာဖြစ်ပြီး ကြေကွဲစရာနှင့် ကပ်ဆိုးများသာဖြစ်မည်ဟု သုတေသီများပြောသည်။အမေရိကန်၏ ရည်မှန်းချက်မှာ ယူကရိန်းကို လုံးဝအင်အားချိနဲ့စေပြီး ရုရှားကို အင်အားချိနဲ့စေရေးဖြစ်လျှင်၊ ထိုရည်မှန်းချက် အောင်မြင်လျှင်ပင် ရုရှားနှင့် အမေရိကန်ပြည်ထောင်စုနှင့် ဥရောပတို့ ပိုမိုနက်ရှိုင်းသော သေနင်္ဂဗျူဟာကျသော ထိပ်တိုက်တွေ့မှုကို အနာဂတ်တွင် ရင်ဆိုင်ရမည်ဟု လီ ပြောသည်။

အမေရိကန်ပြည်ထောင်စုနှင့် အနောက်နိုင်ငံများအနေဖြင့် ရုရှားကို စစ်မြေပြင်တွင် တိုက်ရိုက်မရင်ဆိုင်မီ ယူကရိန်းအင်အား လုံးဝနီးပါးကုန်ခန်းသွားအောင် စောင့်နေပါက ၎င်းတို့သည် မီးနှင့်ကစားခြင်းဖြစ်ကြောင်း လီ ပြောသည်။

နျူကလီးယားအင်အားကြီး နိုင်ငံတစ်ခုကို စစ်မြေပြင်တွင် ချေမှုန်းခြင်းသည် နျူကလီးယားစစ်ပွဲနှင့် တတိယကမ္ဘာစစ်သို့သာ ဦးတည်စေမည်ဖြစ်သည်။ထိုသို့ဖြစ်လာပါက ရုရှားနှင့် ယူကရိန်းသည် အရှုံးသမားများဖြစ်ပြီး အမေရိကန်နှင့် ဥရောပသည်လည်း ရှုံးနိမ့်သူများဖြစ်ကာ ကမ္ဘာ့လုံခြုံရေးသည် မရေမရာဖြစ်သွားပြီး လူသားထုအတွက် နိဂုံးမှာ ကပ်ဆိုးများနှင့် ကြေကွဲစရာများသာ ဖြစ်လာမည်ဖြစ်သည်။

NaYoe
Ref - US escalates sanctions, fans fire as Ukraine crisis enters 3rd year|Global Times