【 နိုင်ငံတကာဆောင်းပါး 】နိုင်ငံတကာတွင် အရေးပါလာသည့် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့

【 နိုင်ငံတကာဆောင်းပါး 】နိုင်ငံတကာတွင် အရေးပါလာသည့် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့

၁၉၉၆ ခုနှစ်က စတင်ဖွဲ့စည်းခဲ့သော ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ SCO မှာ ယခုအခါ ကမ္ဘာ့အခင်းအကျင်းတွင် တစတစအရေးပါသည့် အခန်းကဏ္ဍသို့ ရောက်ရှိလာနေသည်ကိုတွေ့ရသည်။ အိန္ဒိယနိုင်ငံ၊ ဂိုအာမြို့၌ ၂၀၂၃ ခုနှစ်၊ မေလ ၄ ရက်မှ ၅ ရက်အထိ ကျင်းပခဲ့သည့် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ SCO ၏ နိုင်ငံခြားရေးဝန်ကြီးများအဆင့်ဆွေးနွေးပွဲမှာ နိုင်ငံတကာက အာရုံစိုက်မိသည်အထိ အရေးပါလာခဲ့သည်။

မူလက တရုတ်၊ ကာဇက်စတန်၊ ကီဂစ်စတန်၊ ရုရှားနှင့် တာဂျစ်ကစ္စတန်စသည့် အဖွဲ့ဝင် ၅ နိုင်ငံသာ ပါဝင်ခဲ့သည့်  ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ SCO မှာ ယခုအခါ မူလအဖွဲ့ဝင် ၅ နိုင်ငံအပြင် ဥဇဘက် ကစ္စတန်၊အိန္ဒိယနှင့် ပါကစ္စတန်တို့ အဖွဲ့ဝင်အဖြစ်တိုးလာပြီး နိုင်ငံအတော်များများမှာ စောင့်ကြည့်လေ့လာသူ သို့မဟုတ် ဆွေးနွေးဖေါ် မိတ်ဖက်နိုင်ငံများအဖြစ်လာခဲ့သည်။ ထိုထဲတွင် တင်းပြည့်အဖွဲ့ဝင်ဖြစ်ရန် အနီးကပ်ဆုံး အဆင့်ဖြစ်သည့် စောင့်ကြည့်လေ့လာသည့် နိုင်ငံများအဖြစ် အာဖဂန်နစ္စတန်၊ ဘဲလားရုစ် ၊မွန်ဂိုးလီးယား၊ ဆွေးနွေးဖေါ် မိတ်ဖက် နိုင်ငံများအဖြစ်  သီရိလင်္ကာ၊တူရကီ၊ကမ္ဘောဒီးယား၊အဇာဘိုင်ဂျန်၊နီပေါ၊ အာမေးနီးယား၊ အီဂျစ်၊ကာတာ၊ဆော်ဒီအာရေဗျတို့ ပါဝင်သည်။ မကြာခင်က မြန်မာ၊ အာရပ်စော်ဘွားများပြည်ထောင်စု၊ ကူဝိတ်၊ မော်လ်ဒိုက်တို့ကို ထိုအဖွဲ့တွင် ဆွေးနွေးဖက်နိုင်ငံအဖြစ်လက်ခံခဲ့ရာ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့တွင် အဖွဲ့ဝင်နိုင်ငံ ၈ နိုင်ငံ၊ လေ့လာသူနိုင်ငံ ၄ နိုင်ငံနှင့်ဆွေးနွေးဖက်နိုင်ငံ ၁၄ နိုင်ငံရှိလာခဲ့သည်။

အဖွဲ့ဝင်သစ် တိုးချဲ့လာပြီးနောက် နိုင်ငံပိုင်နက်များ၊ လူဦးရေနှင့် စီးပွားရေး ခိုင်မာမှု ကြီးမားလာ သည် နှင့်အမျှ SCO က ကမ္ဘာတွင် ခိုင်မာသော သြဇာလွှမ်းမိုးမှုရှိလာခဲ့သည်။ အဖွဲ့ဝင် ၈ နိုင်ငံပါဝင်သည့် SCO မှာ အာရှနှင့် ဥရောပ ဆက်စပ်မြေပမာဏ၏ ၆၀ ရာခိုင်နှုန်းကျော်ရှိပြီး ကမ္ဘာ့လူဦးရေ၏ ထက်ဝက်နီးပါးရှိကာ ကမ္ဘာလုံးဆိုင်ရာ GDP ၏ ၃၀ ရာခိုင်နှုန်းကျော်ရှိလာသည်။ စတင်ဖွဲ့စည်းစဉ်ကတည်းက နိုင်ငံရေး၊ စီး ပွားရေးနှင့် လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုပြုကြရန် ဖွဲ့စည်းထားသည့် အဖွဲ့အစည်းတစ်ခုဖြစ်ရာ  SCO သည် ကမ္ဘာ့ကုလသမဂ္ဂနှင့် ဆက်ဆံရေးကို ၂ဝဝ၄ ခုနှစ်ကစတင်ခဲ့ပြီး လွတ်လပ်သောနိုင်ငံများ၏ ဓနသဟာယအဖွဲ့နှင့် ၂ဝဝ၅ ခုနှစ်တွင်လည်းကောင်း၊ အရှေ့တောင်အာရှနိုင်ငံများအသင်း အာဆီယံနှင့် ၂ဝဝ၅ ခုနှစ်တွင်လည်းကောင်း၊ စုပေါင်းလုံခြုံရေးစာချုပ်အဖွဲ့အစည်း Collective Security Treaty Organization နှင့် ၂ဝဝ၇ ခုနှစ်တွင်လည်းကောင်း၊ စီးပွား‌ရေးပူးပေါင်းဆောင်ရွက်မှု အဖွဲ့အစည်းနှင့် ၂ဝဝ၇ ခုနှစ်တွင်လည်းကောင်း၊ မူးယစ်ဆေးဝါးနှင့် ရာဇဝတ်မှုဆိုင်ရာ ကမ္ဘာ့ကုလသမဂ္ဂရုံးနှင့် ၂ဝ၁၁ ခုနှစ်တွင်လည်းကောင်း၊ အာရှတိုက်တွင်း အပြန်အလှန်တုံ့ပြန်‌ရေးနှင့် ယုံကြည်မှုတည်ဆောက်ရေးကွန်ဖရင့် ( CICA) နှင့် ၂ဝ၁၄ ခုနှစ်တွင် လည်းကောင်း၊ အာရှနှင့် ပစိဖိတ်ဒေသဆိုင်ရာ ကမ္ဘာ့ကုလသမဂ္ဂ၏ စီးပွားရေးနှင့် လူမှုရေးကော်မရှင်နှင့် ၂ဝ၁၅ ခုနှစ်တွင်လည်းကောင်း၊ အသီးသီးဆက်ဆံရေးများထူထောင်ခဲ့သည်။

ယခုနှစ်တွင် အိန္ဒိယက ပထမဆုံးအကြိမ်အဖြစ် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ အလှည့်ကျဥက္ကဋ္ဌ နိုင်ငံအဖြစ်တာဝန်ယူခဲ့ရာ မေ ၅ရက်ကကျင်းပခဲ့သည့် နိုင်ငံခြားရေးဝန်ကြီးအဆင့်အစည်းအဝေးကို ဂိုအာမြို့ တွင် ကျင်းပခဲ့သည်။ထိုအစည်းအဝေးတွင် တရုတ်နိုင်ငံခြားရေးဝန်ကြီး ချင်ကန်းက ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (SCO) အဖွဲ့ဝင်နိုင်ငံများအနေဖြင့် မဟာဗျူဟာမြောက် သီးခြားလွတ်လပ်မှုနှင့် နက်ရှိုင်း သော လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုကို ထိန်းသိမ်းရန် တိုက်တွန်းခဲ့သလို နိုင်ငံတကာအခြေအနေက ပိုမိုရှုပ်ထွေးလေ၊ ကမ္ဘာကြီးနှင့် ဒေသတွင်းရေးရာများ၌ အဓိကကျ၍ အပြုသဘောဆောင်သော အင်အားအဖြစ် SCO က ပိုမိုခိုင်မာလေဖြစ်ကာ ရှန်ဟိုင်း စိတ်ဓာတ်ကို ပြသရမည်ဖြစ်ကြောင်း ပြောခဲ့သည်။         

အဖွဲ့ဝင် ၈ နိုင်ငံ၊ လေ့လာသူ ၄ နိုင်ငံနှင့်ဆွေးနွေးဖက် ၁၄ နိုင်ငံရှိလာသည့် နိုင်ငံအများစု အဖွဲ့ဝင်ရန် ဆန္ဒပြုမှုတိုးလာနေသည့် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့မှာ နိုင်ငံတကာပဋိပက္ခတိုးတက်လာနေသည့် ယခုအချိန်တွင် နိုင်ငံတကာ၏ အာရုံစိုက်မှုကို ပိုတိုးတိုးပြီး ခံလာနေရသည်။ ထိုသည်နှင့် ပတ်သက်ပြီး ပြီးခဲ့သည့်ရက်ပိုင်းကကျင်းပခဲ့သည့် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ အတွင်းရေးမှူးရုံးသတင်းစာရှင်းလင်းပွဲတွင် အထွေထွေအတွင်းရေးမှူးချုပ် ကျန်းမင်က "Shanghai Spirit" နှင့် "SCO ပဋိညာဉ်စာတမ်း" ကိုအသိအမှတ်ပြုသည့် နိုင်ငံတိုင်းရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့သို့ ဝင်ရောက်ရန် လျှောက် ထားနိုင်ကြောင်း၊ နိုင်ငံအများအပြားရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ မိသားစုကြီးသို့ လျှောက်ထားဝင်ရောက်လာခြင်းသည် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့မှ လက်ကိုင်ထားသော "Shanghai Spirit" အယူအဆလူတို့၏ နှလုံးသားထဲတွင် နက်ရှိုင်းစွာအမြစ်တွယ်နေသည်ကိုအပြည့်အဝဖော်ပြနေကြောင်း၊ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့၏ သြဇာသက်ရောက်မှုသည် အဆက်မပြတ် ကြီးထွားလာနေကြောင်း၊ ထို့ကြောင့် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့အားတိုးချဲ့ခြင်းသည် တမင်တကာတောင်းဆိုနေခြင်း မဟုတ်ဘဲ သဘာဝကျကျရှိနေကြောင်းပြောကြားခဲ့သည်။

လက်ရှိတွင် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ အဖွဲ့ဝင်နိုင်ငံများသည် လေ့လာသူနိုင်ငံအဖြစ် လျှောက်ထားမှု ၆ ခုနှင့် ဆွေးနွေးဖက်နိုင်ငံအဖြစ် လျှောက်ထားမှု ၃ ခုကိုဆွေးနွေးနေကြသည်။ ထိုသည်မှာ ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့မှ နှစ်ပေါင်း ၂၀ ကျော်အတွင်း တောက်လျှောက်လိုက်နာခဲ့သော အခြေခံစံနှုန်းများနှင့် စံတန်ဖိုးများကိုပိုမိုကျယ်ကျယ်ပြန့်ပြန့် အသိအမှတ်ပြုလာကြသည်ဟုပြသနေခြင်းဖြစ်သည်။ထိုနိုင်ငံများသည် လွန်ခဲ့သောနှစ် ၂၀ ကျော်အတွင်း "Shanghai Spirit" ၏ လမ်းညွှန်မှုအောက်တွင် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့သည် ဒေသတွင်းငြိမ်းချမ်းရေး၊ လုံခြုံရေး၊ တည်ငြိမ်ရေးတို့ကို ထိရောက်စွာထိန်းသိမ်းနိုင်ခဲ့ပြီးဒေသတွင်း စီးပွားရေး၊ လူမှုရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် ကောင်းမွန်သောပတ်ဝန်းကျင်နှင့် အခြေအနေများပံ့ပိုးပေးခဲ့သည်ကို စောင့်ကြည့်သဘောကျနေခြင်းကြောင့်ဖြစ်သည်။

ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့၏ အတွေးအခေါ်သည် အကျိုးတူပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ပြီး ရည်ရွယ်ချက်မှာအပြန်အလှန်အကျိုးပြု၍ တန်းတူညီမျှသောပူးပေါင်းဆောင်ရွက်မှုဖြင့် အတူတကွဖွံ့ဖြိုး တိုးတက်ရေးနှင့် ဒေသတွင်းတည်ငြိမ်ရေးကို မြှင့်တင်ရန် ဖြစ်သည်။ ၎င်းအဖွဲ့သည် စစ်ရေးမဟာမိတ် မဟုတ်သည့် အပြင် တတိယဘက်ကိုလည်းပစ်မှတ်မထားခြင်းကြောင့် ကမ္ဘာ့အရေးများ အေးဘက်မရှိဘဲ ရပ်တည်လိုသည့် နိုင်ငံများအတွက် ရွေးချယ်စရာ အင်အားစုတစ်ရပ်အဖြစ်ပေါ်ထွက်လာရန် အလားအလာအကောင်းဆုံး ဖြစ်နေရခြင်းပင်ဖြစ်လေသည်။

လင်းသစ်အောင်