【 နိုင်ငံတကာဆောင်းပါး 】တရုတ်နှင့် ဘရာဇီးသံတမန်ရေးခေတ်သစ်

【 နိုင်ငံတကာဆောင်းပါး 】တရုတ်နှင့် ဘရာဇီးသံတမန်ရေးခေတ်သစ်

ဘရာဇီးသမ္မတ လူးရစ်ဇ်အီနာစီယိုလူလာဒါဆေးလ်ဗား (လူလာဟု အများအားဖြင့်သိကြသော) သည် ပြီးခဲ့သည့် သီတင်းပတ်အတွင်း တရုတ်နိုင်ငံသို့ လေးရက်ကြာနိုင်ငံတော်ခရီးစဉ်အဖြစ်သွားရောက်ခဲ့သည်။ ထိုခရီးစဉ်မှာ မူလက မတ်လနှောင်းပိုင်းကတည်းက သွားရောက်ရန်စီစဉ်ထားသည့် ခရီးစဉ်ဖြစ်ပြီး ဘရာဇီးသမ္မတတွင် အဆုတ်ရောင်ရောဂါ ကူးစက်ခံရသဖြင့် ခရီးစဉ်ကို ရွှေ့ဆိုင်းခဲ့ရသောကြောင့် ယခုဧပြီလ ၁၂ ရက်မှ စတင်နိုင်ခဲ့ခြင်းဖြစ်သည်။ 
 
လေးရက်ကြာမည့် ယခုတရုတ်ပြည်ခရီးစဉ်အတွင်း ဘရာဇီးနှင့် တရုတ်နိုင်ငံအကြားသဘောတူညီချက် ၂၀ ခန့်ကို လက်မှတ်ရေးထိုးမည်ဖြစ်ရာ တောင်အမေရိကနိုင်ငံကြီးတစ်ခုဖြစ်သည့် ဘရားဇီးနှင့် တရုတ်နိုင်ငံအကြား သံတမန်ရေးနှင့် စီးပွားရေးဆက်ဆံမှုမှာ ပိုမိုအားကောင်းလာတော့မည် ဖြစ်သည်။
 
လူလာ၏ ယခုခရီးစဉ်သည် တရုတ်နိုင်ငံသို့ ပဉ္စမအကြိမ်လာရောက်လည်ပတ်ခြင်းဖြစ်သည်။ထိုသို့လာရောက်သည့်အကြိမ်တိုင်း တရုတ်ပြည်၏ဖွံ့ဖြိုးမှုမှာ တစ်ခေါက်နှင့် တစ်ခေါက်မတူသဖြင့် ဘရာဇီးအတွက် တရုတ်ခေါင်းဆောင်ရှီ၏ ဦးဆောင်မှုမှာ အားကျဖွယ်ဖြစ်နေမှာ သေချာနေပေသည်။ အထူးသဖြင့် တောင်အမေရိကတွင် ဆင်းရဲနွမ်းပါးမှုများပြားလာသည့် ပြဿနာနှင့် ကြုံတွေ့နေရသည့် ဘရာဇီးအတွက် တရုတ်နိုင်ငံ၏ဆင်းရဲနွမ်းပါးမှုအောက်မှ သန်းပေါင်းရာနှင့်ချီသည့်ပြည်သူများကို ဆွဲထုတ်နိုင်ခဲ့မှုမှာ လူလာအတွက် အားကျဖွယ်ဖြစ်လေသည်။
 
နိုင်ငံတကာအတွက်မူ တရုတ်နှင့်အမေရိကန်ပြည်ထောင်စုကြား တင်းမာမှုမြင့်တက်နေချိန်တွင် လက်တင်အမေရိကနိုင်ငံများနှင့် သံတမန်ရေးနှင့် စီးပွားရေးဆက်ဆံမှုအားကောင်းလာအောင် ကြိုးပမ်းနေသည့် တရုတ်၏ လုပ်ဆောင်ချက်ကို စောင့်ကြည်ချိန်တွင် ယခုလူလာ၏ခရီးစဉ်က အကောင်းဘက်မှ သတိထားဖွယ်ဖြစ်သည်။
 
အမေရိကန်ဒေါ်လာတန်ဖိုးကို လျှော့ချနိုင်မည်ဟု ကျယ်ကျယ်ပြန့်ပြန့်စောင့်ကြည့်ခဲ့သည့် လှုပ်ရှားမှုတစ်ခုဖြစ်သည့် ဘရာဇီးနှင့် တရုတ်နိုင်ငံအကြား ဖေဖေါ်ဝါရီလတွင် ယွမ်ငွေပေးချေမှု သဘောတူညီချက်ကို အကောင်အထည်ဖော်ပြီးနောက် ၎င်းတို့ကြား ကုန်သွယ်မှုတွင် ကုန်စည်ကူးသန်းရောင်းဝယ်ရေး၊ အစိမ်းရောင်ဘဏ္ဍာရေး၊ 5G ဖွံ့ဖြိုးတိုးတက်ရေးနှင့် နှစ်နိုင်ငံရင်းနှီးမြှုပ်နှံမှုအပါအဝင် ကဏ္ဍအမျိုးမျိုးတွင် ပူးပေါင်းဆောင်ရွက်သွားဖွယ်ရှိနေသည်။ 
 
ယခုခရီးစဉ်ထဲတွင် တရုတ်နှင့် လက်မှတ်ရေးထိုးမည့် သဘောတူညီချက်များအနက်မှ တစ်ခုသည် အမေဇုန်မိုးသစ်တောကဲ့သို့သော biomes သို့မဟုတ် ဇီဝအသိုင်းအဝိုင်းများကို စောင့်ကြည့်မည့် ဆဋ္ဌမမြောက် ဂြိုဟ်တုတစ်ခု တည်ဆောက်ရန်အတွက်လည်း ပါဝင်နေသည်။
 
ဘရာဇီးသည် တရုတ်နိုင်ငံ၏ ဒသမမြောက်အကြီးဆုံးကုန်သွယ်ဖက်နိုင်ငံဖြစ်ပြီး နှစ်နိုင်ငံကုန်သွယ်မှု တန်ဖိုးသည် တရုတ်အကောက်ခွန်အချက်အလက်များအရ ယမန်နှစ်တွင် ကန်ဒေါ်လာ ၁၇၁ ဒသမ ၅ ဘီလီယံ အထိ ၄ ဒသမ ၉ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း သိရသည်။ တောင်အမေရိကနိုင်ငံသည် တရုတ်အတွက် သံရိုင်း၊ အမဲသားနှင့် စိုက်ပျိုးရေးထွက်ကုန်များ အဓိက တင်သွင်းသည့် ရင်းမြစ်ဖြစ်သည်။ ပထမသုံးလပတ်တွင် နှစ်နိုင်ငံ ကုန်သွယ်မှုသည် အစောပိုင်းကထက် ၅ ဒသမ ၅ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး အမေရိကန်ဒေါ်လာ ၃၆ ဒသမ ၄ ဘီလီယံအထိ ရှိခဲ့သည်။ ဘရာဇီးအတွက်မူ တရုတ်နိုင်ငံသည် အကြီးမားဆုံး ကုန်သွယ်မှုမိတ်ဖက်ဖြစ်ပြီး ဘရာဇီးလ် လယ်ယာထွက်ကုန်များအများစုကို မောင်းနှင်နေသည့် တရုတ်သွင်းကုန်များ၏ ၂၂ ရာခိုင်နှုန်းကို ပိုင်ဆိုင်ထားသည်။
 
သောကြာနေ့တွင် ဘရာဇီးသမ္မတလူလာသည် တရုတ်သမ္မတ ရှီကျင့်ဖျင်၊  တရုတ်နိုင်ငံ ဝန်ကြီးများ၊ ပြည်နယ်အုပ်ချုပ်ရေးမှူးများနှင့် စီးပွားရေးခေါင်းဆောင်များအဖွဲ့ အများအပြားနှင့်တွေ့ဆုံဖွယ်ရှိနေသည်။ လူလာ၏ခရီးစဉ်တွင် ဘဏ္ဍာရေး၊ သဘာဝပတ်ဝန်းကျင်နှင့် ရာသီဥတုပြောင်းလဲမှု၊ စိုက်ပျိုးရေးနှင့် မွေးမြူရေး၊ သိပ္ပံ၊ နည်းပညာနှင့် ဆန်းသစ်တီထွင်မှု၊ နိုင်ငံခြားရေးရာ၊ လူမှုရေးဖွံ့ဖြိုးတိုးတက်မှု၊ မိုင်းနှင့်စွမ်းအင်ဆိုင်ရာ ဝန်ကြီးများလည်း ပါလာသည်ဖြစ်ရာ ယခုခရီးစဉ်အပေါ် မည်မျှအာရုံစိုက်နေသည်ကို မြင်ရသည်။
 
ထို့ပြင် ယခုခရီးစဉ်၌ ဘရာဇီးနိုင်ငံမြောက်ပိုင်း Bahia တွင် မော်တော်ယာဉ် ထုတ်လုပ်ရေးစက်ရုံတစ်ခု တည်ထောင်ရန် စီစဉ်ထားကြောင်း အောက်တိုဘာလတွင် ပြောကြားခဲ့သည့် တရုတ်နိုင်ငံ၏ အကြီးမားဆုံး လျှပ်စစ်ကားထုတ်လုပ်ရေး BYD ၏ အကြီးအကဲနှင့်လည်း တွေ့ဆုံရန် စီစဉ်ထားသည်။
 
လူလာ၏ခရီးစဉ်မှာ ဖေဖော်ဝါရီလတွင် သမ္မတ ဂျိုးဘိုင်ဒန်နှင့် အိမ်ဖြူတော်တွင် တွေ့ဆုံပြီးနောက် ယခုဧပြီတွင် တရုတ်ပြည်သို့ရောက်ရှိလာခြင်းဖြစ်ရာ ဘရာဇီးသမ္မတအဖြစ်ပြန်လည်တာဝန်ယူလာသည့် လူလာမှာ ဘရာဇီးကို ကမ္ဘာ့နိုင်ငံများအလယ်တွင် ပြန်လည်အရေးပါလာရန် နိုင်ငံရေးနှင့် စီးပွားရေးအတွက် သူ၏သက်တမ်းအတွင်း အားထုတ်သွားဖွယ်ရှိနေပေသည်။ 
 
နှစ်နိုင်ငံကြား ပူးပေါင်းဆောင်ရွက်မှုနယ်ပယ်များမှာ တိုးပွားလာနေပြီး ရှုပ်ထွေးပြီး အဆက်မပြတ် ပြောင်းလဲနေသော နိုင်ငံတကာ အခြေအနေကို ရင်ဆိုင်ရာတွင် တရုတ်နှင့် ဘရာဇီး နှစ်နိုင်ငံတို့သည် ဖွံ့ဖြိုးဆဲ နိုင်ငံများ၏ ရှေ့ဆောင်သူများအဖြစ်နေရာယူလာကြသည်။ နှစ်နိုင်ငံတို့သည် ကုလသမဂ္ဂ၊ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၊ G20နှင့် BRICSစသည့် နိုင်ငံတကာ အဖွဲ့အစည်းနှင့် ဘက်ပေါင်းစုံ ယန္တရားများတွင် ရင်းနှီးသော ပူးပေါင်းဆောင်ရွက်မှုများကို ထိန်းသိမ်းထားပြီး ဖွံ့ဖြိုးဆဲ နိုင်ငံများ၏ အသံကို ကျယ်လောင်လာစေပြီး ယူကရိန်းအကျပ်အတည်းတွင် တရုတ်နှင့် ဘရာဇီးနှစ်နိုင်ငံစလုံးသည် ပဋိပက္ခတွင် ကြားဝင်ဖျန်ဖြေသူများ အဖြစ် ရပ်တည်ခဲ့ကြရာ နှစ်နိုင်ငံစလုံးမှာ  ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး အသံကိုလည်း ကျယ်လောင် လာစေနေသည်ကိုတွေ့ရသည်။
 
သမ္မတလူလာ၏ ယခုတရုတ်ပြည် ခရီးစဉ် အပေါ် လွန်စွာ အာရုံစူးစိုက်နေကြခြင်းမှာ အကြောင်းရှိသည်။  အရှေ့ကမ္ဘာခြမ်းနှင့် အနောက်ကမ္ဘာခြမ်းမှ အကြီးဆုံး ဖွံ့ဖြိုးဆဲနိုင်ငံကြီး၂နိုင်ငံဖြစ်သည့် တရုတ်နှင့် ဘရာဇီး ၂နိုင်ငံ အကြားရှိ ဆက်ဆံမှု ဖွံ့ဖြိုးတိုးတက်ရေးသည် နှစ်နိုင်ငံအတွက်ရော၊ တစ်ကမ္ဘာလုံးအတွက်ပါ အကျိုးရှိနိုင်၍ ဖြစ်သည်။ နှစ်နိုင်ငံ ခေါင်းဆောင်တို့၏ ဦးဆောင်မှုဖြင့် တရုတ်နှင့် ဘရာဇီးတို့၏ နယ်ပယ်အသီးသီးမှ အပြန်အလှန် အကျိုးရှိစေသော ချစ်ကြည်ရေး ပူးပေါင်းဆောင်ရွက်မှုများကြောင့်  ဒေသတွင်းနှင့် ကမ္ဘာ့တည်ငြိမ်ရေးနှင့် စည်ပင်သာယာရေးအတွက် အကျိုးပြုမှုသစ်များကို စွမ်းဆောင်ကြနိုင်မည်ဟု ယုံကြည်ထားကြသည်။ စီးပွားရေးအားဖြင့်လည်း လူလာ၏ ၂၀၀၄ ခုနှစ် တရုတ်နိုင်ငံသို့ ပထမဆုံးခရီးစဉ်ပြီးနောက် ယခုကာလတွင် နှစ်နိုင်ငံကုန်သွယ်မှုမှာ ၂၁ ဆတိုးလာခဲ့ရာ ကိုဗစ်နှင့် ယူကရိန်းကို ရုရှားကျူးကျော်မှုကြောင့် ဖြစ်လာသည့် အကျပ်အတည်းကြောင့် နာလန်မထူနိုင်သေးသည့် ကမ္ဘာ့စီးပွားရေးကို သက်ရောက် လာနိုင်မည်ဟု မျှော်လင့်ထားသည်။
 
သို့ဖြစ်ရာ လူလာ၏ ယခုခရီးစဉ်က ဘရာဇီးလ်၏ အခြေခံအဆောက်အအုံ၊ စက်မှုလုပ်ငန်း၊ နည်းပညာနှင့် ဆန်းသစ်တီထွင်မှု ဖွံ့ဖြိုးတိုးတက်မှု၊ မြို့ပြနှင့် ဒေသတွင်း ရွေ့လျားသွားလာမှု တိုးမြှင့်မှုအတွက် ရင်းနှီးမြှုပ်နှံမှုများ လိုအပ်နေမှုအတွက် ဘရာဇီးသို့ တရုတ်ရင်းနှီးမြှုပ်နှံမှုများကို ဆွဲဆောင်ရာတွင် လမ်းညွှန်နိုင်လိမ့်မည်ဖြစ်လေသည်။ 
 
တရုတ်နှင့် ဘရာဇီးခေါင်းဆောင်များက ပြည်သူများ၏ သုခချမ်းသာကို ၎င်းတို့စိုးရိမ်ပူပန်မှု၏ ဗဟိုချက်တွင်ထားကြရာ ဤသဘောအရ နှစ်နိုင်ငံဆက်ဆံရေးသည် တွန်းအားအသစ်နှင့် ခိုင်မာသော ဆက်ဆံရေးရရှိရန် နှစ်နိုင်ငံပြည်သူများအကြား အပြန်အလှန်ဖလှယ်မှုများ၊ အဓိကအားဖြင့် ယဉ်ကျေးမှုနှင့် ပညာရေးဆိုင်ရာ အပြန်အလှန်ဆက်ဆံမှုများကို အရှိန်မြှင့်ဆောင်ရွက်ဖို့ အားစိုက်ကြလိမ့်မည် ဖြစ်သည်။ ထို့ကြောင့် ကုန်သွယ်မှုနှင့် ရင်းနှီးမြုပ်နှံမှုများမှတစ်ဆင့် ထွက်ပေါ်လာသော ကြွယ်ဝမှုအားလုံးသည် နှစ်နိုင်ငံပြည်သူများအတွက် အကျိုးရှိမည်ဖြစ်ရာ ရှီနှင့်လူလာတို့ကြား မျှော်လင့်ထားသည့် တွေ့ဆုံမှုသည် တရုတ်-ဘရာဇီး ဆက်ဆံရေးတွင် စာမျက်နှာသစ်တစ်ခုဖွင့်မည်ကို ပြသနေပေသည်။  
 
 
 လင်းသစ်အောင်