【 နိုင်ငံတကာဆောင်းပါး】အရှိန်အဟုန်ကောင်းလာသည့် BRI

【 နိုင်ငံတကာဆောင်းပါး】အရှိန်အဟုန်ကောင်းလာသည့် BRI

တရုတ်နိုင်ငံက စတင်အဆိုပြုခဲ့သည့် Belt and Road Initiative (BRI) သည် လက်ရှိအချိန်တွင် စိတ်ကူးယဉ်ဖူးသမျှ ရည်မှန်းချက်အရှိဆုံး အရှိန်အဟုန်ကောင်း ကောင်းဖြင့် အကောင်အထည်ဖော်လာနေသည့် အခြေခံအဆောက်အအုံစီမံကိန်းများထဲမှ တစ်ခုဖြစ်သည်။

၂၀၁၃ ခုနှစ်တွင် ဗဟိုအာရှနိုင်ငံတွင် တရုတ်သမ္မတ ရှီကျင့်ဖျင်စတင်အဆိုပြုခဲ့သည့် ယင်းအဆိုပြုချက်မှာ အရှေ့အာရှနှင့် ဥရောပကို ရုပ်ပိုင်းဆိုင်ရာ အခြေခံအဆောက်အအုံများမှတစ်ဆင့် ကြီးမားသောဖွံ့ဖြိုးတိုးတက်မှုနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အစုအဝေးများ ချိတ်ဆက်ရန် ကြံစည်ခဲ့ခြင်းဖြစ်သည်။

ထိုစီမံကိန်းသည် နောက်ပိုင်းတွင် အာဖရိက၊ အိုရှင်းနီးရားနှင့် လက်တင်အမေရိကတို့အထိ ချဲ့ထွင်ခဲ့ပြီး၊ တရုတ်၏ စီးပွားရေးနှင့် နိုင်ငံရေးသြဇာကို သိသိသာသာ ကျယ်ပြန့်လာစေခဲ့သည်။အချို့သော လေ့လာသုံးသပ်သူများက အဆိုပါစီမံကိန်းသည် တရုတ်နိုင်ငံ၏ ဩဇာတိုးမြင့်လာမှုကို ဖြစ်စေသည်ဟု ရှုမြင်ကြပြီး စီမံကိန်း အများအပြားတွင် ကုန်ကျစရိတ်များ တဟုန်ထိုးတက်လာသောကြောင့် အချို့နိုင်ငံများတွင်  အတိုက်အခံများ၏ ဆန့်ကျင်မှုကြီးထွားလာသည်။

သို့သော် ပိုးလမ်းမသစ်ဟု သိကြသည့် BRI အဆိုပြုချက်ပါ သက်ဆိုင်ရာနိုင်ငံများနှင့် လုပ်ဆောင်အကောင်အထည်ဖော်မှုမှာ ကိုဗစ်နှင့် ယူကရိန်းစစ်ပွဲအကျပ်အ တည်းကာလတွင် ဆက်လက်အကောင်အထည်ဖော်နေသည်ကို မြင်နေရသည်။ မူလပိုးလမ်းမသည် တရုတ်ဟန်မင်းဆက် (206 BCE – 220 CE) ၏ အနောက်ဘက်သို့ နယ်မြေချဲ့ထွင်စဉ်တွင် ပေါ်ပေါက်လာခဲ့ပြီး ယနေ့အာဖဂန်နစ္စတန်၊ ကာဇက်စတန်၊ ကာဂျစ္စတန်၊ တာဂျစ်ကစ္စတန်၊ တာ့ခ်မင်နစ္စတန်နှင့် ဥဇဘက်ကစ္စတန်နိုင်ငံများတွင် ကုန်သွယ်မှုကွန်ရက်များ ဖန်တီးပေးခဲ့သည်။ ယနေ့ခေတ်တွင် အိန္ဒိယနှင့် တောင်ပိုင်းတွင် ပါကစ္စတန်ထိ လမ်းမပေါက်ခဲ့သည်။ထိုလမ်းကြောင်းများ သည် ဥရောပသို့ မိုင်လေးထောင်ကျော် ရှည်လျားသည်။

ထို့ကြောင့် ဗဟိုအာရှသည် BRI ဂလိုဘယ်လိုက်ဇေးရှင်း၏ ပထမလှိုင်းလုံးများအနက်မှ အချက်အချာဖြစ်ပြီး အရှေ့နှင့်အနောက်စျေးကွက်များကို ချိတ်ဆက်ကာ ကြီးမားသောကြွယ်ဝချမ်းသာမှုကို လှုံ့ဆော်ပေးကာ ယဉ်ကျေးမှုနှင့် ဘာသာရေးဓလေ့ထုံးတမ်းများကို ရောနှောပေါင်းစပ်ထားသည်။

၂၀၁၃ ခုနှစ်တွင် ကာဇက်စတန်နှင့် အင်ဒိုနီးရှားနိုင်ငံသို့ တရားဝင်လာရောက်လည်ပတ်စဉ်အတွင်း သမ္မတရှီက အဆိုပါ BRI အစီအစဉ်ကို ကြေညာခဲ့သည်။ အဆိုပါအစီအစဉ်မှာ ကုန်းလမ်းပိုးလမ်းမစီးပွားရေး ခါးပတ်နှင့် ရေကြောင်းပိုးလမ်းမဖြစ်သည်။ ၎င်းတို့နှစ်မျိုးကို ပထမဆုံး One Belt, One Road အစပျိုးမှုအဖြစ် စုပေါင်းရည်ညွှန်းခဲ့သော်လည်း နောက်ဆုံးတွင် Belt and Road Initiative ဖြစ်လာခဲ့သည်။

ရှီ၏ မျှော်မှန်းချက်တွင် ရထားလမ်းများ၊ စွမ်းအင်ပိုက်လိုင်းများ၊ အဝေးပြေးလမ်းများနှင့် လွယ်ကူချောမွေ့သော နယ်စပ်ဖြတ်ကျော်မှုများ၊ တောင်တန်းဒေသ ဆိုဗီယက်သမ္မတနိုင်ငံဟောင်းများမှတစ်ဆင့် အနောက်ဘက်နှင့် တောင်ဘက်၊ ပါကစ္စတန်၊ အိန္ဒိယနှင့် အရှေ့တောင်အာရှနိုင်ငံများအထိ ကျယ်ပြန့်သော ကွန်ရက်တစ်ခု ဖန်တီးခြင်းပါဝင်သည်။

ရုပ်ပိုင်းဆိုင်ရာအခြေခံအဆောက်အအုံများအပြင်၊ တရုတ်သည် ရာနှင့်ချီသော အထူးစီးပွားရေးဇုန်များ သို့မဟုတ် အလုပ်အကိုင်များဖန်တီးရန် ဒီဇိုင်းထုတ်ထားသော စက်မှုဇုန်များ၊ ဆက်သွယ်ရေးကုမ္ပဏီကြီး Huawei က ပံ့ပိုးပေးထားသည့် 5G ကွန်ရက်ကဲ့သို့သော နည်းပညာဆိုင်ရာကဏ္ဍများကို နိုင်ငံများတွင် ရင်းနှီးမြှုပ် နှံခဲ့သည်။

ယနေ့အထိ၊ ကမ္ဘာ့လူဦးရေ၏ သုံးပုံနှစ်ပုံနှင့် ကမ္ဘာလုံးဆိုင်ရာ GDP ၏ ၄၀ ရာခိုင်နှုန်းဖြစ်သော နိုင်ငံပေါင်း ၁၄၇ နိုင်ငံသည် ပရောဂျက်များကို လက်မှတ်ရေးထိုးရန် သို့မဟုတ် ထိုသို့လုပ်ဆောင်ရန် စိတ်ဝင်စားကြောင်း ဖော်ပြခဲ့ကြသည်။အဆိုပါစီမံကိန်းများထဲမှာ တစ်ခုဖြစ်သော ဂျာကာတာ-ဘန်ဒေါင်း မြန်နှုန်းမြင့်ရထားလမ်းမှာ မေလ ၂၂ရက်က ပူးတွဲစမ်းသပ်ပြေးဆွဲမှုအထိ အကောင်အထည်ပေါ်လာနေပြီဖြစ်သည်။

အဆိုပါအင်ဒိုနီးရှားတွင် တည်ဆောက်နေသည့် BRI အဆိုပြုချက်ပါ ဂျာကာတာ-ဘန်ဒေါင်း မြန်နှုန်းမြင့် ရထားလမ်းထက် စောကာ အကောင်အထည်ဖော်ခဲ့သည့် တရုတ်-လာအို မြန်နှုန်းမြင့်ရထားပြေးဆွဲမှုတွင်လည်း  နိုင်ငံတကာခရီးသည်တင်ပြေးဆွဲမှုအထိ ရှိလာနေပြီဖြစ်သည်။ မေ၁၃ ရက်က ပြေးဆွဲမှု တစ်လပြည့်ခဲ့သည့် တရုတ် -လာအို နိုင်ငံတကာ ခရီးသည်တင် မီးရထားခရီးစဉ်နှင့် ပတ်သက်ပြီးသတင်းဖော်ပြမှုတွင်  အဆိုပါခရီးစဉ်ကို တရုတ်၊ လာအိုနှင့် ထိုင်းမှ ခရီးသည်အများဆုံးစီးနင်းခဲ့ကြကြောင်း ဖော်ပြခဲ့သည်။

BRI စီမံကိန်းမှာ ယခုအခါ ကမ္ဘာတစ်ဝန်းရှိ နိုင်ငံများ၏ အခြေခံအဆောက်အအုံမြှင့်တင် တည်ဆောက်မှုတွင် အရေးပါသော အခန်းကဏ္ဍ၌ ရှိနေပြီဖြစ်သည်။ BRI စီမံကိန်းတွင် ယခုအချိန်အထိအကြီးဆုံးမှာ  ခန့်မှန်းခြေ ဒေါ်လာ ၆၂ ဘီလီယံခန့်ရှိသည့် တရုတ်-ပါကစ္စတန် စီးပွားရေးစင်္ကြံ (CPEC) ဖြစ်သည်ဟု ခန့်မှန်းကြသည်။ ယင်း စီမံချက်မှာ ပါကစ္စတန်၏ဂွာဒါ ဆိပ်ကမ်းနှင့် တရုတ်နိုင်ငံကို ဆက်သွယ်ပေးသည့် ပရောဂျက်များ စုစည်းမှုဖြစ်သည်။ လက်ရှိအချိန်ထိ ယင်းစီမံချက်တွင် တရုတ်နိုင်ငံသည် ဒေါ်လာ ၁ ထရီလီယံခန့် သုံးစွဲထားပြီးဖြစ်သည်။ ထို့ကြောင့် ကမ္ဘာတစ်ဝန်း BRI တစ်ခုလုံးအတွက် တရုတ်နိုင်ငံ၏ရင်းနှီးမြှုပ်နှံမှုမှာ ဒေါ်လာ ၈ ထရီလီယံအထိရှိလာနိုင်ကြောင်း ကျွမ်းကျင်သူများက ခန့်မှန်းထားသည်။

မေလ၂၄ရက်နေ့က မော်စကိုတွင် ပြုလုပ်သည့် ဥရောပ-အာရှစီးပွားရေးအဖွဲ့၏ ဒုတိယအကြိမ်မြောက် မျက်နှာစုံညီအစည်းအဝေးဖွင့်ပွဲအခမ်းအနားတွင် BRI နှင့် ပတ်သက်ပြီး တရုတ်သမ္မတရှီကျင့်ဖျင်က ပြောခဲ့သည်။ ဗီဒီယိုကွန်ဖရန့်စင်းဖြင့် ပြောသည့် မိန့်ခွန်းတွင် ရှီက  “ဥရောပ-အာရှမိသားစုကြီး အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံအဖြစ် တရုတ်နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်ရေးမှာ ဥရောပ-အာရှဒေသနှင့်ခွဲမရဘဲ ဥရောပ -အာရှဒေသကိုလည်းအကျိုးဆောင်ကျဉ်းပေးနိုင်ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် Belt and Road အတူ တည်ဆောက်ခြင်းနှင့်ဥရောပ-အာရှစီးပွားရေး အဖွဲ့တည်ဆောက်ရေးချိတ်ဆက် ပူးပေါင်းဆောင်ရွက်ပြီး ပိုမိုနက်ရှိုင်းစွာပိုမိုထိရောက်စွာ အကောင်အထည်ဖော်ရန်၊နိုင်ငံအသီးသီးတို့သည် စည်းလုံးညီညွတ်စွာပူးပေါင်းဆောင်ရွက်ပြီး ဥရောပ-အာရှပူးပေါင်းဆောင်ရွက်ရေး အခြေအနေသစ်ကို လက်တွဲဖန်တီးရန် စိတ်ရင်းမှန်ဖြင့် မျှော်လင့်ပါကြောင်း၊ ယခုနှစ်ဒုတိယနှစ်ဝက်ပိုင်းတွင် တရုတ်နိုင်ငံသည် တတိယအကြိမ်မြောက် Belt and Road နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေး ထိပ်သီးအစည်းအဝေးကို ကျင်းပမည်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံသည် Belt and Road အတူတည်ဆောက်ရေးနိုင်ငံများ၊ဥရောပ-အာရှစီးပွားရေးအဖွဲ့ အဖွဲ့ဝင်နိုင်ငံများနှင့်အတူ ငြိမ်းချမ်းရေး၊ဖွံ့ဖြိုးတိုးတက်ရေး၊ ပူးပေါင်းဆောင်ရွက်ရေး၊ အပြန်အလှန်အကျိုးရှိစေရေးအလံကို ဆက်လက်စွဲကိုင်ထားပြီး အခက်အခဲများကိုအတူတကွရင်ဆိုင်ကျော်လွှားကာ အနာဂတ်ကို အတူတကွဖန်တီးရန်၊multipolarizationကမ္ဘာ့ယဉ်ကျေးမှုဖွံ့ဖြိုးတိုးတက်ရေး အခန်းကဏ္ဍသစ်ကို လက်တွဲဖန်တီးရန်ဆန္ဒရှိကြောင်း ပြောကြားခဲ့သည်။ 

၂၀၁၃ ခုနှစ်က အစပြုခဲ့သည့် Belt and Road Initiative သည် ယခုအခါ အာရှ၊ အာဖရိကနှင့် ဥရောပ တစ်ဝှမ်းရှိ ကမ္ဘာ့ကုန်သွယ်ရေးကွန်ရက်များကို ချိတ်ဆက်ပေးသည့် ဖွံ့ဖြိုးတိုးတက်မှုဗျူဟာအဖြစ် စတင်လည်ပတ်နေပြီဖြစ်သည်။ ယင်းလည်ပတ်မှုက ကမ္ဘာ့ပါဝါချိန်ခွင်လျှာသစ်ကို သတ်မှတ်ပေးမည့် ပရောဂျက်တစ်ခု အစပျိုးမှုအဖြစ် ကမ္ဘာ့နိုင်ငံအများအပြားက ရှုမြင်ထားသည်။ အရှေ့အလယ်ပိုင်းနိုင်ငံတွေက ဥရောပသမဂ္ဂနဲ့အတူ ကမ္ဘာ့စီးပွားရေးဆက်ဆံရေးမှာ တရုတ်က ပိုကြီးတဲ့အခန်းကဏ္ဍကနေ ပါဝင်လာမယ်လို့ မျှော်လင့်ထားသည်။ ၂၀၂၂ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၅၀၇.၁၅  ဘီလီယံအထိရောက်ရှိခဲ့သော တရုတ်နှင့်အရှေ့အလယ်ပိုင်း နိုင်ငံများအကြားကုန်သွယ်မှုပမာဏကိုကြည့်လျှင် BRI ၏ သက်ရောက်မှုကို မြင်နိုင်မည် ဖြစ်သည်။

တရုတ်အစိုးရက BRI အဆိုပြုချက်အောက်မှ တစ်ဆင့် ၂၀၂၂ ခုနှစ် ဇန်နဝါရီလမှ နိုဝင်ဘာလအထိ “Belt and Road” တွင်ပါဝင်သော နိုင်ငံများ၌ ငွေကြေးမဟုတ်သော တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုများတွင် အမေရိကန် ဒေါ် လာ ၁၉.၆ ဘီလီယံခန့် စီးပွားရေးလုပ်ငန်းများက ရင်းနှီးမြှုပ်နှံခဲ့ကြောင်း စီးပွားကူးသန်းဝန်ကြီးဌာန (MOFCOM) ၏ အချက်အလက်များအပေါ်အခြေခံ၍ China Daily သတင်းစာတွင် ဖော်ပြခဲ့သည်။ ထို့အပြင် အသစ်ချုပ်ဆိုထားသော ပရောဂျက်များ၏ တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၉၈.၁၉ ဘီလီယံရှိကြောင်းဆိုသည်။ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလထိ Belt and Road Initiative မူဘောင်အောက်တွင် လုပ်ဆောင်ရန် တရုတ်နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်ရေး သဘောတူစာချုပ် ချုပ်ဆိုထားသည့် နိုင်ငံပေါင်း ၁၄၇ နိုင်ငံထိရှိလာကြောင်းဆိုရာ အရှိန်အဟုန်ပြင်းပြင်းဖြင့် အကောင်အထည်ပေါ်လာနေသည့် BRI ၏ အခန်းကဏ္ဍကို ခေတ်သစ်ကမ္ဘာ့စီးပွားရေးတွင် မြင်ရမည် ဖြစ်လေသည်။

လင်းသစ်အောင်