【 တစ်ပတ်အတွင်း နိုင်ငံတကာသတင်း သုံးသပ်ချက် 】 ရုရှားခြိမ်းခြောက်မှုတွေက ပြဿနာရှိလာပြီလား

【 တစ်ပတ်အတွင်း နိုင်ငံတကာသတင်း သုံးသပ်ချက် 】 ရုရှားခြိမ်းခြောက်မှုတွေက ပြဿနာရှိလာပြီလား

ယခုတစ်ပတ် နိုင်ငံတကာသတင်းတွေထဲမှာ သတိထားစရာ သတင်းတွေများသလို စိတ်ဝင်စားစရာ သတင်းတွေလည်း ရှိခဲ့ပါတယ်။

အမေရိကမှာ ဘဏ်အကျပ်အတည်းတွေ ဆက်တိုက်ဖြစ်နေပြီး အမေရိကန်စီးပွားရေး အလားအလာကို ထိခိုက်နိုင်တာ၊ အာရှမှာ တရုတ်စီးပွားရေးတွန်းအားကြောင့်  စီးပွားရေးတိုးတက်မှုနှုန်း ၄ ဒသမ ၆ ရာခိုင်နှုန်း တိုးမယ်လို့ အိုင်အမ်အက်ဖ်က ပြင်ဆင်ခန့်မှန်းခဲ့တာ၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ကိုဗစ် ၁၉ ကို ကမ္ဘာလုံးဆိုင်ရာ အရေးပေါ်အခြေအနေ ကြေညာထားခြင်းမှ အဆုံးသတ်လိုက်တာ၊ ဗြိတိန်မှာ တတိယမြောက် ချားလ်စ်ဘုရင် နန်းတက်ပွဲ ကျင်းပတာ၊ မြောက်ကိုရီးယားက ရုရှားကို အလုပ်သမားရာနဲ့ချီပြီး စေလွှတ်ခဲ့တာ စတဲ့ သတင်းတွေ ရှိခဲ့ပါတယ်။

ဒီတစ်ပတ်မှာ ယူကရိန်းစစ်ပွဲနဲ့ပတ်သက်ပြီး စိတ်ဝင်စားစရာ သတင်းအချို့ ရှိခဲ့ပါတယ်။ဒါက ကရင်မလင်ကို ဒရုန်းနဲ့တိုက်ခိုက်ဖို့ ကြိုးစားတဲ့ သတင်း၊ ဘတ်ခ်မွတ်ကနေ ဝက်ဂနာအုပ်စု ဆုတ်ခွာမယ်ဆိုပြီး ပရီဂိုဇင်က ပြောခဲ့တဲ့ သတင်း၊ ရုရှားဘက်က အားထားရတဲ့ ဟိုက်ပါဆိုးနစ် ဒုံးကျည်ကို အမေရိကန်လုပ် ပက်ထရီယော့ဒုံးကျည်က ပစ်ချခဲ့တဲ့ သတင်းတွေလို စိတ်ဝင်စားဖွယ်ရာ ချိတ်ဆက်နေတဲ့ သတင်းတွေ ရှိနေပါတယ်။

          ရုရှားခြိမ်းခြောက်မှုက တကယ့်ပြဿနာလား၊ ဟန်ပြလား

မေ ၂ ရက် ညမှာ ပူတင် နေထိုင်တဲ့ ကရင်မလင်နန်းတော်ကို ဒရုန်းဖြင့်တိုက်ခိုက်ရန် ကြိုးစားတာကို ရုရှားက ပစ်ချရတဲ့ သတင်းတွေ တက်လာခဲ့ပါတယ်။ဒီတိုက်ခိုက်မှုက မအောင်မြင်ခဲ့သလို ထိခိုက်ဒဏ်ရာရသူလည်း မရှိခဲ့ပါဘူး။ဒီတိုက်ခိုက်မှုနဲ့ပတ်သက်ပြီး ရုရှားဘက်က ယူကရိန်းလက်ချက်လို့ စွပ်စွဲခဲ့သလို နောက်ပိုင်းမှာ အမေရိကန်နဲ့ အနောက်အုပ်စုလည်း ပါဝင်ပတ်သက်နေတယ်ဆိုပြီး စွပ်စွဲခဲ့ပါတယ်။ဒီလိုစွပ်စွဲမှုကို ယူကရိန်းဘက်က ငြင်းခဲ့သလို ရုရှားဟာ ယူကရိန်းစစ်ပွဲ အရှိန်မြှင့်တင်ဖို့ အကြောင်းပြချက်နဲ့ ဒီစွပ်စွဲချက်ပြုလုပ်တာလို့ တုံ့ပြန်ခဲ့ပါတယ်။ဒီလိုစွပ်စွဲမှုနဲ့ပတ်သက်ပြီး ဖင်လန်နိုင်ငံ ဟယ်လ်ဆင်ကီးမှာ နော်ဒစ်နိုင်ငံခေါင်းဆောင်များနှင့်တွေ့ဆုံဖို့ ရောက်နေတဲ့ ယူကရိန်းသမ္မတ ဇီလန်စကီးက "ကျနော်တို့က ပူတင်ကိုဖြစ်စေ မော်စကိုကိုဖြစ်စေ တိုက်နေတာ မဟုတ်ဘူး။ကျနော်တို့မြေပေါ်မှာ ကျနော်တို့ တိုက်နေတာ။အဲဒီလိုလုပ်ဖို့ ကျနော်တို့မှာ လက်နက် လုံလုံလောက်လောက်မရှိတာ ခင်ဗျားတို့အသိပဲ” လို့ ပြောခဲ့ပါတယ်။

နောက်ရက်မှာ ရုရှားဘက်က ဒီလို ပူတင်ကို သုတ်သင်ဖို့ ကြိုးစားတဲ့အထဲမှာ အမေရိကန်ရှိနေတယ်ဆိုပြီး စွပ်စွဲခဲ့ပါတယ်။ဒီလိုစွပ်စွဲတဲ့အပြင် ဒီလိုတိုက်ခိုက်ခံရမှုကို အကြောင်းပြပြီး ယူကရိန်းမြို့တော် ကိယက်ဗ်နဲ့ ယူကရိန်းနိုင်ငံတစ်ဝန်းကို ဒရုန်းတွေ၊ ဒုံးကျည်တွေနဲ့ ဆက်တိုက် တိုက်ခိုက်ခဲ့ပါတယ်။ဒီလိုတိုက်ခိုက်မှုတွေကို ယူကရိန်းတွေက  လေကြောင်းကာကွယ်ရေးစနစ်နဲ့ ပစ်ချခဲ့လို့ ထိရောက်မှု နည်းခဲ့ပါတယ်။

ဒီတစ်ပတ်ထဲမှာပဲ ယူကရိန်းတန်ပြန်ထိုးစစ်နဲ့ပတ်သက်ပြီး အသံတွေ ထွက်လာခဲ့ပါတယ်။မေ ၆ ရက်မှာ ယူကရိန်းလက်နက်ကိုင်တပ်များ အကြီးအကဲနဲ့ အမေရိကန်ပူးတွဲစစ်ဦးစီးချုပ်များအဖွဲ့ ဥက္ကဋ္ဌတို့ တန်ပြန်ထိုးစစ်နဲ့ပတ်သက်ပြီး ဖုန်းနဲ့ ဆက်သွယ်စကားပြောခဲ့တယ် ဆိုပါတယ်။ဒီစကားပြောမှုအတွင်းမှာ ယူကရိန်းလက်နက်ကိုင် တပ်အကြီးအကဲက အမေရိကန်စစ်တပ်အကြီးအကဲကို ယူကရိန်းရဲ့ အနာဂတ်တန်ပြန်ထိုးစစ်နဲ့ပတ်သက်ပြီး ဆွေးနွေးခဲ့တယ် ဆိုပါတယ်။

ယူကရိန်းကို စစ်ရေးနဲ့ ဘဏ္ဍာရေးဆိုင်ရာ ထောက်ပံ့မှုတွေပြုနေတဲ့ အမေရိကန်ဟာ ယူကရိန်းကို ဧပြီ ၂၃ ရက်က ဒေါ်လာ သန်း ၃၀၀ ဖိုးရှိသော လက်နက်များ အကူအညီပေးမည်ဖြစ်ကြောင်း ကြေညာခဲ့တာရှိပါတယ်။ဒီလက်နက်အကူအညီထဲမှာ Hydra-70 လေယာဉ်ပစ် ဒုံးကျည်များ၊ HIMARS များအတွက် ခဲယမ်းများနှင့် အမြောက်ဆံ၊ မော်တာကျည်ဆံတွေ ပါဝင်ပါတယ်။ဒီအပတ်ထဲမှာပဲ နေတိုးအကြီးအကဲက ယူကရိန်းကို ထောက်ပံ့ပေးအပ်မယ်လို့ ကတိပေးထားတဲ့ စစ်လက်နက်ပစ္စည်းတွေ ပေးပို့ပြီးဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။ဒီလိုအခြေအနေကြောင့် ဒီတစ်ပတ်ထဲ ယူကရိန်းလက်နက်ကိုင်တပ်အကြီးအကဲနဲ့ အမေရိကန်ပူးတွဲစစ်ဦးစီးချုပ်များအဖွဲ့ ဥက္ကဋ္ဌကြား ယူကရိန်းတန်ပြန်ထိုးစစ်နဲ့ပတ်သက်ပြီး ဖုန်းနဲ့ ဆက်သွယ်စကားပြောခဲ့တာက နိုင်ငံတကာအတွက် စိတ်ဝင်စားလာပါတယ်။

နိုင်ငံတကာအနေနဲ့ ယူကရိန်းတန်ပြန်ထိုးစစ် ဘယ်တော့စမလဲဆိုတာ စိတ်ဝင်စားစရာအကြောင်း ဖြစ်လာပါတယ်။ယူကရိန်းအရှေ့ပိုင်း ဘတ်ခ်မွတ်မြို့ကို သိမ်းယူနေရာမှာ အဓိကနေရာက ပါဝင်နေတဲ့ ဝဂ္ဂနာအုပ်စု အကြီးအကဲ ပရီဂိုဇင်ကတော့ ရုရှားဘက်မှာ ယူကရိန်းတိုက်ခိုက်မှုတွေကြောင့် ရထားလမ်းချော်တိမ်းမှောက်တာတွေ၊ ဒရုန်းတိုက်ခိုက်ခံရတာတွေနဲ့ ရုရှားအခြေခံအဆောက်အအုံများ ဖောက်ခွဲခံရမှုတွေကြောင့် ယူကရိန်းဘက်က တန်ပြန်ထိုးစစ် စတင်နေပြီလို့ ယုံကြည်ကြောင်း ပြောခဲ့ပါတယ်။

ရုရှားအနေနဲ့ ယူကရိန်းတန်ပြန်ထိုးစစ်ကို အတော်လေးသတိထားနေပါတယ်။ဒီတစ်ပတ်မှာ အဲဒီ ဝဂ္ဂနာအုပ်စုပိုင်ရှင် ပရီဂိုဇင်က ယူကရိန်းအရှေ့ပိုင်း ဘတ်ခ်မွတ်မြို့ကနေ ဆုတ်ခွာမယ်ဆိုပြီး ခြိမ်းခြောက်ခဲ့ပါတယ်။ဒါဟာ သူ့ကြေးစားတပ်တွေနဲ့ ရုရှားတပ်တွေအကြားဖြစ်နေတဲ့ ခဲယမ်းထောက်ပံ့မှု ပြတ်တောက်တဲ့အတွက် ဒေါသတကြီးပြစ်တင်ခဲ့ရာကနေ ခြိမ်းခြောက်ခဲ့တာပါ။ဝဂ္ဂနာတပ်ဖွဲ့ဟာ ဘတ်ခ်မွတ်မှာ အတော်လေးကိုရင်းပြီး တိုက်နေတာဖြစ်ပြီး သေကြေမှုက အတော်ကိုများပါတယ်။ဒီလိုနေရာကနေ ဝဂ္ဂနာတပ်တွေသာ ဆုတ်ခွာပေးလိုက်မယ်ဆိုရင် ရုရှားအခက်တွေ့ဖို့ရှိပါတယ်။ဒီလိုအနေအထားရှိတဲ့အတွက် နောက်ပိုင်းမှာ ရုရှားတပ်ဘက်က လက်နက်ခဲယမ်းထောက်ဖို့နဲ့ ဆက်သွယ်ဖို့ ဗိုလ်ချုပ်တစ်ဦးကို ခန့်အပ်ပေးခဲ့တဲ့အတွက် ခြိမ်းခြောက်ထားတဲ့ မေ ၁၀ ရက်မတိုင်ခင် ပြောလည်သွားလို့ ဘတ်ခ်မွတ်ကနေ ဝဂ္ဂနာတပ်တွေ မဆုတ်ဖြစ်တော့ပါဘူး။

ဒါပေမဲ့ ရုရှားအတွက် နောက်ထပ်ပြဿနာက ထပ်ဖြစ်လာပါတယ်။ဒါက  ရုရှားဘက်က အထင်တကြီး အားထားတဲ့ အသံထက်မြန်တဲ့ Kh-47 Kinzhal ပဲ့ထိန်းဒုံးကျည်ကို အမေရိကန်နှင့် ဂျာမဏီဆီကနေ တစ်စုံဆီရထားတဲ့ Patriot ဒုံးကျည်စနစ်နဲ့ ပစ်ချခံလိုက်ရတာပါ။ရုရှားအနေနဲ့ လက်နက်ပိုင်းဆိုင်ရာမှာ စွမ်းဆောင်ရည်တွေကို သာသာထိုးထိုးပြောခဲ့သလားဆိုတာကို ပြန်စဉ်းစားမိစေဖို့ ဒီဖြစ်ရပ်က ပြခဲ့ပါတယ်။အမေရိကန်ရဲ့ Patriot စနစ်ဟာ အီရန်-အီရတ် စစ်ပွဲကတည်းက သုံးလာခဲ့တာဖြစ်ဖို အတော်ကိုကြာနေပါပြီ။ဒီကြားထဲမှာ  အဆင်မြင့်ခဲ့တယ်ဆိုပေမယ့် ရုရှားဘက်က အားထားရတဲ့ အသံထက်မြန်တဲ့ ဒုံးကျည်တွေကို ပစ်ချဖို့ဆိုတာ မလွယ်ပါဘူး။

ဒီဖြစ်ရပ်ဟာ ယူကရိန်းစစ်ပွဲအစောပိုင်းက ဂျဗလင်တင့်ဖျက်တွေကြောင့် ရုရှားရဲ့ T-92 တွေ အထိနာခဲ့ရသလို HIMARS ကြောင့် ထင်သလို ရှေ့မတိုးနိုင်ခဲ့ရတဲ့ ရုရှားအတွက် လာမယ့် တန်ပြန်ထိုးစစ်မှာ အတော်လေး အခက်တွေ့ဖို့ များနေပါတယ်။ဒီရက်ပိုင်းမှာ ထင်ရှားကျော်ကြားတဲ့ ရုရှားအမျိုးသားရေး စာရေးဆရာ ဇာခါ ပရီ လင်ပင် ကားဗုံးဖောက်ခွဲခံရလို ထိခိုက်ခဲ့တဲ့ ဖြစ်ရပ်ရှိတဲ့အတွက် ရုရှားအတွင်းထဲထိ ယူကရိန်းက စိမ့်ဝင်နေတာလား၊ ရုရှားတွေကိုယ်တိုင်က ပူတင်ကို မလိုလားလို့ လုပ်နေကြလားဆိုတာ ဒွိဟဖြစ်စရာပါ။

သေချာတာကတော့ ရုရှားရဲ့ စစ်လက်နက်ခြိမ်းခြောက်မှုတွေဟာ ထင်သလိုမဟုတ်လို့ အမေရိကန်နဲ့ အနောက်အုပ်စုက ဂရုမစိုက်တာဆိုတာ ဒီဖြစ်ရပ်တွေက ပြနေသလိုပါပဲ။   

ဒီလိုသတင်းတွေအပြင် ကနေဒါက တရုတ်သံတမန်အချို့ကို နှင်ထုတ်ဖို့ စဉ်းစားနေတာ၊ ကနေဒါမှာ တောမီးတွေလောင်နေလို့ ဒေသခံတွေကို ဘေးလွတ်ရာပြောင်းရွှေ့ဖို့ ကြိုးစားနေတာ၊ ပီရူးမှ မိုင်းတွင်းမီးလောင်လို့ မိုင်းလုပ်သား ၂၇ ဦး ပျောက်ဆုံးနေတာ၊ အိန္ဒိယမှာ မော်တော်မှောက်လို့ ခရီးသည် အနည်းဆုံး ၂၁ ဦးသေဆုံးခဲ့တာ၊ ကွန်ဂိုမှာ ရေကြီးလို လူ ၂၀၀ ကျော်သေဆုံးပြီး အများအပြားပျောက်ဆုံးနေတာ၊ အီရန်သမ္မတ ရိုင်စီ ဆီးရီးယားကို ပထမဆုံးခရီးစဉ်အဖြစ် သွားရောက်ခဲ့တာ၊ အမေရိကန်အထူးတပ်များ ထိုင်ဝမ်ကာကွယ်ရေးပုံစံတူ လေ့ကျင့်မှု ပထမဆုံးပြုလုပ်ခဲ့တာ၊ မဏိပူရမှာ လူမျိုးရေးအဓိကရုဏ်းဖြစ်လို့ လူ ၆ ဦးသေဆုံးကာ ဒေသခံတွေကို ဘေးလွတ်ရာရွှေ့ပြောင်းခဲ့တာ၊ ဆီးရီးယားကို အာရပ်အဖွဲ့ချုပ်အတွင်း ပြန်လည်ထည့်သွင်းထားတာ စတဲ့ သတင်းတွေဖြစ်ခဲ့တာကို ဖော်ပြရင်း ယခုရက်သတ္တပတ် နိုင်ငံတကာသတင်း သုံးသပ်ချက်ကို ဒီမှာဘဲရပ်လိုက်ချင်ပါတယ်။  

မင်းထက်