【 တစ်ပတ်အတွင်း နိုင်ငံတကာသတင်း သုံးသပ်ချက် 】 ယူကရိန်းတန်ပြန်ထိုးစစ် ဘယ်အချိန်စမလဲ ?

【 တစ်ပတ်အတွင်း နိုင်ငံတကာသတင်း သုံးသပ်ချက် 】 ယူကရိန်းတန်ပြန်ထိုးစစ် ဘယ်အချိန်စမလဲ ?

ယခုတစ်ပတ် နိုင်ငံတကာသတင်းအများစုကို ယူကရိန်းစစ်ပွဲသတင်းတွေ၊ ဂျပန်နိုင်ငံ ဟီရိုရှီးမားမှာ ကျင်းပတဲ့ G-7 အစည်းအဝေး သတင်းတွေနဲ့ ဖုံးထားခဲ့ပါတယ်။

ဒီတစ်ပတ်မှာ အဆိုပါသတင်းတွေက စိတ်ဝင်စားစရာအကောင်းဆုံးဖြစ်ပေမယ့် ကမ္ဘာ့အခြားနေရာမှာ စိတ်ထိခိုက်ဖွယ်၊ သတိထားဖွယ် သတင်းအချို့ဖြစ်ခဲ့တာတွေရှိပါတယ်။ဒီထဲမှာ ကုန်တင်ကားနဲ့ ခရီးသည်တင်ကားတစ်စီး တိုက်မိလို့ မီးလောင်ပြီး ၂၆ ဦးသေဆုံးခဲ့တဲ့ မက္ကဆီကိုမြောက်ပိုင်းက အဖြစ်အပျက်တွေ၊ နယူးဇီလန်နိုင်ငံ မြို့တော်မှာ ညသန်းခေါင် မီးလောင်လို့ လူအများအပြားသေဆုံးရတဲ့ သတင်းတွေ၊ အိန္ဒိယသမုဒ္ဒရာထဲမှာ တရုတ်ငါးဖမ်းသင်္ဘောတိမ်းမှောက်လို့ သင်္ဘောသား ၃၉ ဦး ပျောက်ဆုံးနေတဲ့ သတင်းတွေ၊ နယူးကယ်လီဒိုးနီးယားမှာ ပြင်းအား ၇.၇ အဆင့်ရှိ ငလျင်လှုပ်ခတ်သွားတဲ့ သတင်းတွေလို သတင်းတွေလည်း ဖြစ်ပျက်ခဲ့တာရှိပါတယ်။

နိုင်ငံတကာအရေးနဲ့ဆိုင်တဲ့ သတင်းတွေမှာဆိုရင် စစ်ပွဲကြောင့် ထိခိုက်လာနေတဲ့ အာဖရိကနိုင်ငံတွေက ယူကရိန်းနဲ့ ရုရှားကို ငြိမ်းချမ်းရေးအဖွဲ့တွေစေလွှတ်ဖို့ ပြင်နေတဲ့ သတင်းတွေ၊ ပြီးခဲ့တဲ့ရွေးကောက်ပွဲမှာ ထရမ့်ကို ရုရှားသမ္မတ ပူတင်နဲ့ ပူးပေါင်းတယ်ဆိုပြီး ဟီလာရီ ကလင်တန်တို့ ပူးပေါင်းလုပ်ကြံခဲတယ်ဆိုတဲ့ သတင်းထွက်ပေါ်လာတာတွေ၊ ယူကရိန်းကိုသွားရောက်ခဲ့တဲ့ တရုတ်အထူးကိုယ်စားလှယ်ခရီးစဉ်မှာ ယုံကြည်မှုတည်ဆောက်ဖို့ ပြောခဲ့တာတွေ၊ ယူကရိန်းဘက်က စစ်ပွဲရပ်ဖို့ ရုရှားကို နယ်မြေပေးအပ်ရမယ်ဆိုတဲ့ မည်သည်ညှိနှိုင်းမှုကိုမဆို ပယ်ချမယ်လို့ တရုတ်ကိုယ်စားလှယ်ကို တုံပြန်ခဲ့တဲ့ သတင်းတွေ၊ တောင်အာဖရိကဆိုင်ရာ အမေရိကန်သံအမတ်က ရုရှားကို တောင်အာဖရိကနိုင်ငံက စစ်လက်နက်တွေ ထောက်ပံ့ခဲ့တာကို အထောက်အထားနဲ့ ဖော်ပြလိုက်တာတွေ၊ ဗဟိုအာရှ ၅ နိုင်ငံနဲ့ ပြုလုပ်တဲ့ ထိပ်သီးအစည်းအဝေးမှာ တရုတ်သမ္မတ ရှီကျင့်ဖျင်က ဗဟိုအာရှ မဟာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းကို ထုတ်ပြောခဲ့တာတွေ စတဲ့ သတင်းတွေမျိုးလည်းရှိခဲ့ပါတယ်။

ဒီလိုသတင်းမျိုးတွေကြား စိတ်ဝင်စားစရာက အစောပိုင်းကပြောခဲ့တဲ့ သတင်းနှစ်ခုပါပဲ။ဒီတစ်ပတ်မှာ အဆိုပါသတင်းတွေကို အခြေခံပြီး နိုင်ငံတကာမှာဖြစ်နေတဲ့ နောက်ဆုံးအခြေအနေကို ဆက်စပ်ကာ ရှေ့ဆက် ဘာတွေဖြစ်လာနိုင်မလဲဆိုတာကို သုံးသပ်ခန့်မှန်းကြည့်ချင်ပါတယ်။

          ယူကရိန်းထိုးစစ် စဖို့ ဘယ်လိုအခြေအနေလဲ

မေ ၁၂ ရက်က ထုတ်လွှင့်ချက်တစ်ခုမှာ ယူကရိန်းသမ္မတ ဇီလင်စကီးက ထိခိုက်သေဆုံးမှုများမရှိဘဲ အောင်ပွဲခံရန် လုံလောက်သော အနောက်တိုင်းလက်နက်များ မရသေးသောကြောင့် ရုရှားတပ်များကို တန်ပြန်ထိုးစစ်ကို ဆိုင်းငံ့ထားကြောင်း ပြောခဲ့ပါတယ်။ဒီလိုပြောပြီး မကြာခင်မှာ ယူကရိန်းကို တရုတ်အထူးကိုယ်စားလှယ် ရောက်လာခဲ့ပြီး ယူကရိန်းသမ္မတ၊ နိုင်ငံခြားရေးဝန်ကြီးတွေနဲ တွေ့ဆုံခဲ့ပါတယ်။ဒီနောက်မှာ လအတန်ကြာ ငြိမ်သက်နေတဲ့ ရုရှားဘက်က လေကြောင်းက တိုက်ခိုက်မှုတွေဟာ တစ်ဖန်ပစ်ခတ်မှုဖြစ်လာပြီး အပြင်းထန်ဆုံးဖြစ်လာခဲ့ပါတယ်။

မကြာခင်ကပဲ ပင်လယ်နက်ကနေ ကောက်ပဲသီးနှံတွေ တင်ပို့ခွင့်ကို သက်တမ်းတိုးချဲ့မှုတွေ လုပ်ခဲ့ပါတယ်။ဒါပေမဲ့ ယူကရိန်းမြို့တော် ကိယက်ဗ်နဲ့ အနီးတစ်ဝိုက်၊ ယူကရိန်းနိုင်ငံတစ်ဝန်းကို လေကြောင်းကနေ တိုက်ခိုက်မှုတွေ ပြင်းထန်လာတဲ့အခါ စစ်ပွဲဟာ နောက်ဆုံး အဆုံးသတ်ကို ရောက်လာနေပြီလားဆိုတဲ့ ခန့်မှန်းမှုတွေ ထွက်ပေါ်လာခဲ့ပါတယ်။

တစ်နှစ်ကျော်ကြာလာပြီဖြစ်တဲ့ ယူကရိန်းကို ရုရှားကျူးကျော်မှုဟာ မကြာခင်မှာ အဖြေတစ်ခုထွက်ဖို့ နှစ်ဘက်စလုံးက လုပ်ဆောင်နေတာကို တွေ့ရပါတယ်။ရုရှားကျူးကျော်မှုကို ရင်ဆိုင်နေရတဲ့ ယူကရိန်းဘက်ကနေ အနောက်နိုင်ငံတွေက တစ်စုတစ်စည်းတည်း ရပ်တည်ပြီး ကျောထောက်နောက်ခံပေးထားလို့ ရုရှားအနေနဲ့ ထင်သလိုလုပ်နိုင်စွမ်းမရှိဘဲ ဖြစ်နေပါတယ်။

ပြီးခဲ့တဲ့ရက်သတ္တပတ်မှာ စစ်ရေးထောက်ပံ့မှုတွေရရှိဖို့ ယူကရိန်းသမ္မတရဲ့ ဥရောပမဟာမိတ်တွေဆီ မာရသွန်ခရီးနှင်မှုက စိတ်ဝင်စားစရာကောင်းခဲ့ပါတယ်။ ရောမ၊ ဘာလင်၊ ပါရီ၊ လန်ဒန်တွေကို ရက်ပိုင်းအတွင်း သွားရောက်တဲ့ ဇီလင်စကီးရဲ့ ခရီးစဉ်မှာ ငြိမ်းချမ်းရေးအတွက် ပုပ်ရဟန်းမင်းကြီးကို ကြားဝင်ဆောင်ရွက်ပေးဖို့ ပြောခဲ့သလို ဘာလင်မှာ စစ်ရေးအကူအညီအဖြစ် ယူရို ၂.၇ ဘီလီယံ (ဒေါ်လာ ၃ ဘီလီယံ) တန်ဖိုးရှိတဲ့ ဟောင်ဝစ်အမြောက်တွေနဲ့ ကျည်တွေ၊ လေယာဉ်ပစ် IRIS-T SLM နဲ့ IRIS-T SLS လောင်ချာတွေနဲ့ ဒုံးကျည်တွေ Leopard 1A5 တင့်ကား အစီး ၃၀၊ Marder သံချပ်ကာလူသယ်ယာဉ် အစီး ၂၀ နဲ့ တိုက်ယာဉ် ၁၀၀ ကျော်၊ ကင်းထောက်ဒရုန်း ၂၀၀ ကျော် ထောက်ပံ့ပေးဖို့ ကတိကဝတ်ရခဲ့ပါတယ်။

ပါရီခရီးစဉ်မှာ ပြင်သစ်က AMX-10RC လို သံချပ်ကာကားတွေ အပေါ့စား တင့်ကားတွေနဲ့ ယူကရိန်းတွေကို တပ်ရင်းလိုက် လေ့ကျင့်ပေးဖို့နဲ့ ကီလိုမီတာ ၂၅၀ ရောက်တဲ့ Storm Shadow ပြင်သစ်ဗားရှင်းကိုပေးဖို့ ကတိရခဲ့ပါတယ်။

လန်ဒန်ခရီးစဉ်မှာတော့ ဗြိတိန်က ယူကရိန်းကို ရာချီတဲ့ လေကာဒုံးကျည်တွေ နောက်ထပ်ပေးမယ့်အပြင် ကီလိုမီတာ ၂၀၀ ကျော်အထိသွားနိုင်တဲ့ တာဝေးပစ် တိုက်ခိုက်ရေး ဒရုန်းတွေ ရာနဲ့ချီပြီးပေးမယ်ဆိုတဲ့ ကတိကဝတ်ကို ရခဲ့ပါတယ်။ဒါ့အပြင် ယူကရိန်းလိုအပ်နေတဲ့ တိုက်လေယာဉ်ရဖို့ မဟာမိတ်အဖွဲ့ ဖွဲ့ဖို့လည်း ဗြိတိန်က နယ်သာလန်နဲ့အတူ သဘောတူလိုက်ခဲ့ပါတယ်။    

ဒီလိုဥရောပခရီးစဉ်လှည့်လည်ပြီး ပြန်ရောက်တဲ့ညမှာပဲ ရုရှားက ကိယက်ဗ်ကို ဦးတည်ပြီး ဒုံးကျည်တွေနဲ့ အတွဲလိုက်ပစ်ခဲ့ပါတယ်။ဒီလိုပစ်ရာမှာ ယူကရိန်းရထားတဲ့ အမေရိကန်လုပ် ပက်ထရီယော့ တပ်ခွဲနှစ်ခွဲကို အဓိကပစ်မှတ်ထားပြီး ဟိုက်ပါဆိုးနစ်ဒုံးကျည်တွေနဲ့ ပစ်ချခဲ့တာပါ။ယူကရိန်းဘက်က ရုရှားဒုံးကျည်တွေ အားလုံးနီးပါး ပစ်ချနိုင်တယ်လို့ ကြေညာခဲ့ပါတယ်။ဒီထဲမှာ ရုရှားက အားကိုးတဲ့ ဟိုက်ပါဆိုးနစ်ဒုံးကျည်တွေအားလုံး ဖျက်ချလိုက်နိုင်တယ်လို့ ပြောခဲ့သလို ရုရှားဘက်ကလည်း ပက်ထရီယော့တပ်ခွဲ တစ်ခွဲကို ချေမှုန်းနိုင်ခဲ့တယ်လို့ ကြေညာခဲ့ပါတယ်။

မေ ၁၈ ရက်မှာတော့ ယူကရိန်းစစ်ပွဲသတင်းတွေက ပိုပြီးများလာပါတယ်။သတင်းတွေက အတည်ပြုဖို့ခက်နေပေမယ့် ဘတ်ခ်မွတ်မှာ တိုက်ပွဲပြင်းထန်နေတာတော့ အသေအချာပါပဲ။ရုရှားက ယူကရိန်းဘက်ကို လေကြောင်းကနေ အင်အားအပြည့်နဲ့ တိုက်ခိုက်ခဲ့သလို အမေရိကန်နဲ့ ဂျာမနီက ထောက်ပံ့ထားတဲ့ ယူကရိန်းရဲ့  ပက်ထရီယော့စနစ်ကလည်း ရုရှားပစ်သမျှကို ဖျက်ချခဲ့နိုင်တယ်ဆိုတာ လူ (၃) ယောက် ထိခိုက်ဒဏ်ရာရတာကလွဲလို့ သေဆုံးသူမရှိဘူးဆိုတဲ့ ထုတ်ပြန်မှုကိုကြည့်ရင် သိနိုင်ပါတယ်။ယူကရိန်းကလည်း ရုရှားတို့ ထိန်းချုပ်ထားတဲ့ ယူကရိန်းအရှေ့ပိုင်းက လူဟန့်စ်ခ် Luhansk မြို့ထဲကို တာဝေးပစ်ဒုံးကျည်တွေကို အသုံးပြုခဲ့ပြီး ရုရှားစစ်ရေး အမိန့်ပေးဌာနတွေနဲ့ ထိန်းချုပ်စခန်းတွေကို တိုက်ခိုက်ခဲ့ပါတယ်။  

မေ ၂၀ ရက်မှာတော့ ရုရှားကြေးစားတပ်ဖွဲ့ဖြစ်တဲ့ ဝဂ္ဂနာတပ်ဖွဲ့က ဘတ်ခ်မွတ်မြို့ကို အပြည့်အဝသိမ်းပိုက်ပြီးဖြစ်ကြောင်း ထကြေညာခဲ့ပါတယ်။ဒါဟာ ရုရှားအတွက် ရှားရှားပါးပါးအောင်ပွဲလို့ ပြောရမှာဖြစ်ပြီး ရုရှားဘက်မှာ အနိုင်ရမှု ဘယ်လောက်ကင်းမဲ့နေသလဲဆိုတာကို ဝဂ္ဂနာတပ်ဖွဲ့နဲ့ နောက်ပိုင်းက လက်နက်ကြီးပစ်ကူပေးတဲ့ ရုရှားတပ်ဖွဲ့ဝင်တွေကို  ဂုဏ်ပြုမယ်ဆိုပြီး ကြေညာခဲ့တဲ့အထိပါပဲ။

ယူကရိန်းဘက်ကတော့ ဒီလိုကြေညာမှုကို ပယ်ချခဲ့ပြီး ဘတ်ခ်မွတ်မှာရှိတဲ့ စက်ရုံများနှင့် အခြေခံအဆောက်အအုံ နယ်ပယ်အချို့ကို ထိန်းသိမ်းထားတယ်လို့ ထုတ်ပြန်ခဲ့သလို ယူကရိန်းစစ်ရေးရည်မှန်းချက်အတိုင်း လုပ်ဆောင်ခဲ့တဲ့သဘောမျိုး ပြောခဲ့ပါတယ်။

ရုရှားဘက်က ဝင်တိုက်ပေးနေတဲ့ ဝဂ္ဂနာအဖွဲ့ခေါင်းဆောင်ကတော့ ဘတ်ခ်မွတ်စစ်ပွဲမှာတင် ယူကရိန်းတပ်သား ၅၇,၀၀၀ သေဆုံးပြီး ၈၅,၀၀၀ အပြင်းအထန် ဒဏ်ရာရသွားတယ်။နိုင်ငံခြားကြေးစား ၆,၅၀၀ သေဆုံးသွားပြီ။တိုက်လေယာဉ်နဲ့ ရဟတ်ယာဉ် ၅၀ ကျော်ကို ဘတ်ခ်မွတ်မြို့ပေါ်မှာတင် ပစ်ချနိုင်ခဲ့တယ်။လက်နက်နဲ့ ကျည်မျိုးစုံ ၃၀,၀၀၀ ကျော် သိမ်းဆည်းရမိထားတယ်။ယူကရိန်းတပ်မ ၂၁ ခုစလုံး ဆက်လက်တိုက်ခိုက်နိုင်ဖို့ အင်အားမရှိအောင် ဖျက်ဆီးနိုင်ခဲ့ပြီဖြစ်တယ်။အထူးစစ်ဆင်ရေး ရည်ရွယ်ချက် အောင်မြင်သွားပြီဖြစ်တယ်” လို့ ပြောခဲ့ပါတယ်။

ဒါ့အပြင် မေလ ၂၅ ရက်မှာ ဝဂ္ဂနာအဖွဲ့က လိုအပ်တဲ့ ခံစစ်လိုင်းများ ပြုလုပ်ပြီး ရုရှားစစ်တပ်ကို လက်လွှဲကာ အဖွဲ့သားများ ပြန်လည်ဆုတ်ခွာ အနားယူမယ်ဆိုပြီး ပြောခဲ့လို့ ဒါဟာ ဝဂ္ဂနာအဖွဲ့ ဒီစစ်ပွဲကနေထွက်ဖို့သက်သက် ပြောခဲ့သလားဆိုတာ စိတ်ဝင်စားစရာပါပဲ။

ရုရှားဘက်က ထုတ်ပြန်ချက်တွေမှာ အမှန်ကနည်းပြီး ဝါဒဖြန့်တာများနေလို့ စာရင်းတွေက များနေပါတယ်။ဒါပေမဲ့ လက်တွေ့မှာ ရုရှားလက်ထဲရောက်နေတဲ့ ယူကရိန်းနယ်မြေတွေကို ပြန်ရယူနိုင်ဖို့ ယူကရိန်းကို ဥရောပနိုင်ငံတွေက လက်နက်တွေ လိုအပ်သမျှထက်ပိုပြီး ထောက်ပံ့နေကြပါတယ်။

ဇီလင်စကီးရဲ့ (၃) ရက်အတွင်း ဥရောပနိုင်ငံ မြို့တော် (၄) ခုကို သွားရောက်လည်ပတ်ခဲ့ရာမှာ အရေးကြီးတဲ့ လက်နက်ထောက်ပံ့ကူညီမှုတွေရရှိအောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။မကြာခင်ကပဲ အမေရိကန်က ကာလရှည်ငြင်းဆန်နေတဲ့ F-16 တိုက်လေယာဉ်တွေ မပေးဖို့ဆိုတာ ပြန်ပြင်ပြီး G-7 အစည်းအဝေးမှာ အမေရိကန်ဘက်က ထုတ်ပြန်ခဲ့ပါတယ်။

ယူကရိန်းအနေနဲ့ တန်ပြန်ထိုးစစ် စနေပြီလား၊ မစသေးဘူးလားဆိုတာ မသေချာပေမယ့် F-16 တွေသာ ယူကရိန်းစစ်ပွဲထဲ ဝင်လာခဲ့မယ်ဆိုရင် ယူကရိန်းစစ်က ရုရှားအဖို့ မကောင်းတဲ့ အလားအလာပါပဲ။သေချာတာကတော့ စစ်ပွဲရှုံးနိမ့်မယ်မြင်ရင် ဘယ်ဘက်ကပဲဖြစ်ဖြစ် နျူလက်နက်သုံးမှာမို့ ယူကရိန်းစစ်အဆုံးသတ်က ကမ္ဘာမြေအဆုံးသတ်ဖြစ်ဖို့ များနေပါတယ်။

မင်းထက်