【 တစ်ပတ်အတွင်း နိုင်ငံတကာသတင်း သုံးသပ်ချက် 】 ဘတ်ခ်မွတ်တိုက်ပွဲက ရုရှားစစ်ရေး အဖြေလား

【 တစ်ပတ်အတွင်း နိုင်ငံတကာသတင်း သုံးသပ်ချက် 】 ဘတ်ခ်မွတ်တိုက်ပွဲက ရုရှားစစ်ရေး အဖြေလား

  ယခုတစ်ပတ်ဖြစ်ခဲ့တဲ့ နိုင်ငံတကာသတင်းတွေထဲမှာ စိတ်ဝင်စားဖို့ကောင်းခဲ့တာက ယူကရိန်းအရှေ့ပိုင်း မြို့တစ်ခုဖြစ်တဲ့ ဘတ်ခ်မွတ်မြို့မှာ ဖြစ်နေတဲ့ တိုက်ပွဲသတင်းတွေပါပဲ။ဒီသတင်းနဲ့အတူ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးရဲ့ ဗဟိုအာရှ ၅ နိုင်ငံခရီးစဉ်နဲ့ အမေရိကန်ကာကွယ်ရေးဝန်ကြီးရဲ့ အရှေ့အလယ်ပိုင်းခရီးစဉ်ကလည်း လတ်တလော ကမ္ဘာ့အရေးတွေနဲ့ ချိတ်ဆက်ကြည့်ရင်  စိတ်ဝင်စားဖို့ကောင်းနေခဲ့ပါတယ်။

   ဒီသတင်းတွေသာ စိတ်ဝင်စားဖို့ကောင်းနေခဲ့တာ မဟုတ်ပါဘူး။ဒီတစ်ပတ်ထဲမှာ ကမ္ဘာ့နိုင်ငံရေး၊ စီးပွားရေးဆိုင်ရာ သတင်းအချို့ကလည်း စိတ်ဝင်စားဖို့ကောင်းနေပါတယ်။ဒီအထဲမှာ  တရုတ်ကုမ္ပဏီပိုင် TikTok အပ်ပ် သုံးတာကို ကနေဒါ၊ အမေရိကန်နဲ့ အီးယူတို့က ပိတ်ပင်လိုက်တာ၊ ကဘူးလ်မှာ နိုင်ငံတကာသံတမန်ကို လုပ်ကြံဖို့ စီစဉ်နေတဲ့ အိုင်အက်စ်ထိပ်တန်းတပ်မှူးတစ်ဦးကို တာလီဘန်တွေ သုတ်သင်ခဲ့တာ၊ တူရကီမှာ ငလျင်ထပ်လှုပ်ခဲ့လို့ တစ်ဦးသေဆုံးပြီး လူတစ်ရာကျော် ဒဏ်ရာရခဲ့တာ၊ ဟောင်ကောင်မှာ နှာခေါင်းစည်းတပ်ခွင့် မတ် ၁ ရက်က စရုတ်သိမ်းခဲ့တာ၊ တရုတ်ရဲ့ ကာကွယ်ရေးအသုံးစရိတ်ကို ဒေါ်လာ ၂၂၅ ဘီလီယံထိ သတ်မှတ်ခဲ့တာ၊ ရီပတ်ဘလီကန် ထိပ်တန်းအုပ်ချုပ်ရေးမှူးတစ်ဦးက သမ္မတဟောင်း ဒေါ်နယ်ထရမ့် ပါတီရဲ့ သမ္မတလောင်း ဖြစ်မလာနိုင်ဘူးလို့ ပြောခဲ့တာ၊ အင်ဒိုနီးရှားမှာ လောင်စာဆီသိုလှောင်ကန် ပေါက်ကွဲလို့ ၁၈ ဦးသေဆုံးပြီး ၁၆ ဦးပျောက်ဆုံးနေတာ၊ နိုင်ငံတကာအနုမြူစွမ်းအင် အေဂျင်စီ IAEA အကြီးအကဲ အီရန်ကို သွားရောက်နေတာ စတဲ့ သတင်းတွေလည်း အပါအဝင်ဖြစ်ပါတယ်။

ရုရှားစစ်ရေးအခြေအနေ

   ဒီတစ်ပတ်မှာ ထုံးစံအတိုင်း စိတ်ဝင်စားဖို့ကောင်းခဲ့ပြန်တာကလည်း ရုရှားရဲ့ စစ်ဘက်ဆိုင်ရာသတင်းတွေပါပဲ။ယူကရိန်းအရှေ့ဘက် အချက်အခြာကျတဲ့  ဘတ်ခ်မွတ်မြို့ကို ရုရှားဘက်က ဝက်ဂနာကြေးစားတပ်ဖွဲ့တွေသုံးပြီး တိုက်ခိုက်နေရာမှာ အတော်လေးကို ပြင်းပြင်းထန်ထန် တိုက်ခိုက်နေတဲ့ သတင်းတွေ ထွက်နေခဲ့ပါတယ်။လပေါင်းများစွာ အဓိကပစ်မှတ်ထား၍ အပြင်းအထန်တိုက်ခိုက်ခဲ့ပေမယ့် ယူကရိန်းဘက်က အပြင်းအထန်ခုခံ တွန်းလှန်နေဆဲဖြစ်ပါတယ်။

   ဒီရက်ပိုင်းမှာ ရုရှားဘက်က တိုက်နေတဲ့ ဝက်ဂနာအုပ်စုအကြီးအကဲက မြို့ရဲ့ထွက်ပေါက် အားလုံးနီးပါးကို ဝိုင်းပတ်ပိတ်ဆို့ထားနိုင်ပြီလို့ ပြောခဲ့သလို ဘက်ခ်မွတ်မြို့ကို သိမ်းယူခါနီး အခြေအနေမှာရှိနေပြီဆိုပြီး ပြောခဲ့တာကို တွေ့ရပါတယ်။ဒါပေမဲ့ မတ် ၃ ရက်မှာ ယူကရိန်းကြည်းတပ် ဗိုလ်ချုပ်ကြီး အိုလက်ဇန်ဒါ ဆီယက်စကီးက ဘက်ခ်မွတ်မြို့ကို သွားရောက်ပြီး စစ်ဒေသမှူးများကို ညွှန်ကြားခဲ့တာကို တွေ့ရပါတယ်။

   ယူကရိန်းထိပ်ပိုင်းခေါင်းဆောင်တွေ ရှေ့တန်းစစ်မျက်နှာဆီကို သွားရောက်တာကို တုံ့ပြန်တဲ့အနေနဲ့ ရုရှားကာကွယ်ရေးဝန်ကြီးဟာ ဆာဂေး ရှိုးဂူက ယူကရိန်းအရှေ့ပိုင်းက စစ်မြေပြင်ကို သွားရောက်ကြည့် ရှုအားပေးတယ်လို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့ပါတယ်။ဒီလိုသတင်းထုတ်ပြန်ပြီးနောက်မှာ ဝက်ဂနာကြေးစားတပ်ပိုင်ရှင်က ရုရှားကာကွယ်ရေးဝန်ကြီးနဲ့ စစ်ဗိုလ်ချုပ်တွေအနေနဲ့ တိုက်ပွဲပြင်းထန်နေတဲ့ ဘတ်ခ်မွတ်ကို လာရောက်ကြည့်ရှုဖို့ ပြောလိုက်တဲ့အတွက် ရုရှားစစ်တပ်နဲ့ ဝက်ဂနာကြေးစားစစ်သားအုပ်စုကြား အပြန်အလှန် အမြင်မကြည်မှုတွေရှိနေတာကို တွေ့ရပါတယ်။

   အစောပိုင်းကလည်း ရုရှားစစ်ဦးစီးချုပ်ရုံးက ယူကရိန်းကို ကျူးကျော်နေတဲ့ တပ်တွေမှာ လက်နက်ခဲယမ်းတွေ စနစ်တကျကူညီပေးမယ့် ညွှန်ကြားချက်ကို ထုတ်ပြန်ခဲ့ရာမှာ ရုရှားနိုင်ငံသားဖြစ်ရမယ်ဆိုတဲ့ ညွှန်ကြားချက်ကြောင့် မပြေလည်မှုရှိခဲ့ပါတယ်။ဝက်ဂနာအကြီးအကဲက ယူကရိန်းဘက်က ကြောက်စရာကောင်းအောင် ခုခံနေတဲ့ ဘတ်ခ်မွတ်မြို့ တိုက်ပွဲတွေအတွက် ရုရှားကာကွယ်ရေးဝန်ကြီးဌာနအနေနဲ့ လက်နက်ခဲယမ်းတွေကို အမြန်ဆုံးကူညီပံ့ပိုးပေးလိမ့်မယ်လို့ မျှော်လင့်တယ်ဆိုပြီး ပြောခဲ့တာ ရှိခဲ့ပါတယ်။

   ပူတင်အနေနဲ့ ဒီလိုမပြေလည်မှုမှာ မှတ်ချက်ပေးတာကို မတွေ့ရပေမယ့် ဒါဟာ ရုရှားစစ်တပ်အတွက်တော့ နာလိုခံခက် ဖြစ်နေပုံရပါတယ်။တိုက်ပွဲပြင်းထန်တဲ့နေရာမှာ ကြေးစားတပ်ကို ယူသုံးနေရတဲ့အတွက် ရုရှားစစ်တပ်ရဲ့ အသုံးဝင်မှုက မေးခွန်းထုတ်ခံရတဲ့ ဖြစ်နေတာကို ရုရှားစစ်တပ်ဘက်က သိပ်ကျေနပ်ပုံမရပါဘူး။လက်တလောမှာလည်း တစ်နှစ်ကျော်လာတဲ့ စစ်ပွဲကြောင့် နှစ်ဘက်လုံးမှာ လက်နက်ခဲယမ်းမီးကျောက် ရှားပါးလာနေပြီး ရုရှားဘက်က ပိုအခြေအနေဆိုးနေတဲ့ အနေအထားဖြစ်နေပါတယ်။  

   ပြီးခဲ့တဲ့ မတ် ၃ ရက်မှာဆိုရင် ပူတင်က နိုင်ငံတော်ကာကွယ်ရေး လိုအပ်ချက်တွေကို ဖြည့်ဆည်းမပေးနိုင်တဲ့ လက်နက်ထုတ်လုပ်ရေးကုမ္ပဏီတွေကို “လုပ်ပိုင်ခွင့်ရပ်ဆိုင်းမယ့်ဥပဒေ” ကို လက်မှတ်ရေးထိုးခဲ့ပါတယ်။ဒါဟာ ဘယ်လောက်ထိ လိုအပ်ချက်ကြီးမားနေလဲဆိုတာ သိသာတဲ့အချက်ပါပဲ။ပူတင်အတွက် စစ်ရေးတင်မကပါဘူး။ပြည်တွင်းနိုင်ငံရေးမှာလည်း အခက်တွေ့မှုတွေ စလာနေပါပြီ။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီတုန်းက ယူကရိန်းကို ကျူးကျော်တာ တစ်နှစ်ပြည့်ချိန်မှာပြောတဲ့ မိန့်ခွန်းကို ရုရှားကွန်မြူနစ်ပါတီ အမတ်က နားရွက်မှာ ခေါက်ဆွဲချိတ်ပြီး နားထောင်တဲ့ပုံစံလုပ်ခဲ့လို့ ရှေ့တန်းပို့အထိ ပူတင်ရဲ့ ရုရှားနိုင်ငံသစ်ပါတီက တောင်းဆိုခဲ့တာကို တွေ့ရပါတယ်။ဒီလိုလုပ်တဲ့ ပုံစံက ပူတင် လိမ်နေတယ်ဆိုတဲ့ အမှတ်သင်္ကေတပါ။  

   ဒီတစ်ပတ်မှာ သဘောထားတင်းမာတဲ့ ရုရှားလွှတ်တော်အမတ် အလက်ဇီ ဇူရာလောဗ်က မတ်လ ၁ ရက်နေ့ က ထုတ်လွှင့်တဲ့ ရုရှားအစိုးရရုပ်သံ ဆွေးနွေးခန်းမှာ ဆောင်းရာသီမှာ ဥရောပနဲ့ ယူကရိန်းမှာ အေးခဲသေဆုံးကြသူတွေ ပြည့်နှက်နေလိမ့်မယ်ဆိုတဲ့ မျှော်လင့်ချက်ဟာ နွေဦးရာသီရောက်လာပြီဖြစ်လို့ ပျက်ပြယ်သွားပြီလို့ ပြောခဲ့ပါတယ်။ဒါဟာ ပူတင်အနေနဲ့ ပြည်တွင်းမှာ ဒီထက်ပိုပြင်းထန်တဲ့ အတိုက်အခံပြုမှုတွေ လာတော့မယ်ဆိုတဲ့ အရိပ်လက္ခဏာတွေပါ။ဒီအခြေအနေကို ကျော်ဖြတ်ဖို့ဆိုရင် ပူတင်အနေနဲ့ ဘတ်ခ်မွတ်လို အချက်အခြာကျတဲ့ မြို့ကို သိမ်းပြမှ ရပါလိမ့်မယ်။

   ဒီလိုဖြစ်နေလို့ သူစိတ်ချရတဲ့ ဝက်ဂနာအုပ်စုကို ဘတ်ခ်မွတ်မြို့သိမ်းတိုက်ပွဲမှာ သုံးနေလို့ ရုရှားစစ်တပ်ဘက်က အမြင်မကြည်မှုတွေရှိနေတာ၊ ဝက်ဂနာအုပ်စုကို မြို့သိမ်းနိုင်ရင် ဩဇာကြီးလာမှာစိုးလို့ ရုရှားစစ်ဘက်က အပြောလွတ်ရုံသာ ကူညီထောက်ပံ့မှုတွေ ပေးနေတာကို တွေ့နေရတာပါ။  

   ဒီဘက်အခြမ်းဖြစ်တဲ့ ယူကရိန်းဘက်မှာတော့  ကိယက်ဗ်မှာ တစ်နှစ်ကို Panther တိုက်ပွဲဝင် တင့်ကားအစီးရေ ၄၀၀ ထုတ်လုပ်နိုင်မယ့် စက်ရုံတစ်ခုတည်ဖို့ ဂျာမန်တင့်ကားထုတ်လုပ်ရေးကုမ္ပဏီ "Rheinmetall" က လုပ်ဆောင်ဖို့တောင် စနေပါပြီ။ဒီလိုသတင်းကြားတော့ ရုရှားလုံခြုံရေးကောင်စီ ဒုတိယခေါင်းဆောင် ဒီမီထရီ မက်ဗီဒက်က ထုံးစံအတိုင်း တင့်ကားအစီးရေ ၄၀၀ ထုတ်ဖို့ မပြောနဲ့ စက်ရုံဖွင့်ပွဲနေ့မှာတင် ရုရှားဒုံးကျည်လက်ချက်နဲ့ နိဂုံးချုပ်သွားစေရမယ်ဆိုပြီး ကြိမ်းဝါးပြန်ပါတယ်။

   ဒီရက်ပိုင်းမှာ ဂျာမနီအဓိပတိ အိုလက်ရှုလ်ဇ်က အမေရိကန်ကိုသွားပြီး ဘိုင်ဒင်နဲ့ အလုပ်သဘော သွားရောက်တွေ့ဆုံခဲ့ပါတယ်။ဒီလိုတွေ့ရာမှာ ရုရှားအပေါ် ဒဏ်ခတ်မှုများ ဆက်လက်ချမှတ်ဖို့ သဘောတူခဲ့သလို ယူကရိန်းအတွက် လိုအပ်သမျှကာလပတ်လုံး မဟာမိတ်နိုင်ငံများအနေနဲ့ ကျောထောက်နောက်ခံပေးသွားမယ်ဆိုပြီး ပြောခဲ့ပါတယ်။ဒီတွေ့ဆုံမှုမှာ တရုတ်က ရုရှားကို စစ်ရေးအကူအညီများပေးလာလျှင် မည်သို့မည်ပုံ တုံ့ပြန်သွားမည်ဟူသော အချက်ကိုပါ ဆွေးနွေးခဲ့တယ်ဆိုတဲ့ သတင်းတွေပါ ထွက်နေပါတယ်။

   ဂျာမန်အဓိပတိ မရောက်ခင် မတ် ၂ ရက်မှာ အိမ်ဖြူတော်ပြောရေးဆိုခွင့်ရှိသူက တရုတ်က ရုရှားကို လက်နက်များပံ့ပိုးရန် ဆုံးဖြတ်ထားတယ်ဆိုတဲ့ လက္ခဏာမရှိပေမယ့် လက်နက်ထောက်ပံ့ရန် ဖြစ်နိုင်ခြေရှိတယ်ဆိုပြီး ပြောခဲ့တာ တွေ့ရပါတယ်။

   ဒီရက်ပိုင်းမှာ အမေရိကန်က ယူကရိန်းအတွက် အမေရိကန်ဒေါ်လာ သန်း ၄၀၀ လောက် စစ်ရေးအကူအညီ ထပ်မံပေးအပ်မှာကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဘလင်ကန်က ကြေညာခဲ့ပါတယ်။ဒီစစ်ရေးအကူအညီထဲမှာ အမေရိကန်က HIMARS အဆင့်မြင့် လက်နက်နဲ့ Howitzers အမြှောက်တွေပါ ပေးအပ်ဖို့ ပါဝင်ပြီး BIFV နဲ့ AVLB မြေပြင်သုံး တိုက်ခိုက်ရေးယာဉ်တွေနဲ့ တခြားစက်တွေမှာသုံးတဲ့ လက်နက်ခဲယမ်းတွေ၊ တခြားစက်ပစ္စည်း ထိန်းသိမ်းရေးဆိုင်ရာ သင်တန်းပေးတာ အထောက်အပံ့တွေပါ ပါဝင်ပါတယ်။

   ဒီရက်ပိုင်းမှာ ရုရှားက ယူကရိန်းနိုင်ငံနဲ့ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ ဘရိုင်ရန့်စ်ပြည်နယ် တောင်ပိုင်းက ဒေသတချို့ကို ယူကရိန်းနိုင်ငံထဲက လက်နက်ကိုင် အကြမ်းဖက်သမားတွေက ဝင်ရောက်တိုက်ခိုက်ပြီး ဒေသခံတချို့ကို ဓားစာခံတွေအဖြစ် ဖမ်းဆီးထားတယ်ဆိုပြီး ဇာတ်လမ်းဆင်ပါတယ်။ဒါကို ယူကရိန်း အစိုးရက "ရုရှားအစိုးရရဲ့ ရယ်စရာကောင်းတဲ့ ဝါဒဖြန့်လုပ်ရပ်သာဖြစ်ပြီး ရုရှားတပ်တွေလို အပြစ်မဲ့အရပ်သားတွေကို ပစ်ခတ်သတ်ဖြတ်တာမျိုး လုံးဝလုပ်ဆောင်ခြင်းမရှိဘူး" လို့ ပြောခဲ့ပါတယ်။

   မက်ဗီဒက်က ဒီကိစ္စကို လုံခြုံရေးကောင်စီအရေးပေါ် အစည်းအဝေးခေါ်ပြီး ဖြေရှင်းရမယ်လို့ပြောပြီး ယူကရိန်းအကြမ်းဖက်သမားတွေဟာ အမေရိကန်နဲ့ အနောက်နိုင်ငံတွေကပေးတဲ့ လက်နက်တွေနဲ့ ရုရှားနိုင်ငံသား ၂ ဦးကို ပစ်ခတ်သတ်ဖြတ်ခဲ့လို့ အကြမ်းဖက်တိုက်ခိုက်မှုဖြစ်တဲ့အတွက် အနောက်နိုင်ငံတွေဟာ အကြမ်းဖက်အားပေးနိုင်ငံတွေဆိုတာကို အထွေထွေညီလာခံကနေ ကန့်ကွက်ရှုတ်ချဖို့ လိုမယ်ဆိုပြီး ပြောခဲ့ပြန်ပါတယ်။

   လက်ရှိမှာ ယူကရိန်းအရှေ့ပိုင်းက ဘတ်ခ်မွတ်မှာ တိုက်ပွဲတွေပြင်းထန်နေပြီး ရုရှားတွေလက်ထဲ ရောက်မသွားအောင် ယူကရိန်းတပ်တွေက အပြင်းအထန်ခုခံနေသလို ဒေသခံတွေ ဘေးလွတ်ရာရှောင်ပြေးနိုင်ဖို့ပါ အကူညီတွေပေးနေကြပါတယ်။

   ရုရှားတပ်တွေရဲ့ ပြင်းထန်တဲ့ တိုက်ခိုက်မှုဒဏ်ကို ဆက်ခံနေရပေမယ့် ဒီမြို့ကတော့ ယူကရိန်းတွေရဲ့ ထိန်းချုပ်မှုအောက်မှာပဲရှိနေပြီး ပြီးခဲ့တဲ့သီတင်းပတ်တုန်းက မြို့မြောက်ဘက်နဲ့ အနောက်မြောက်ဘက်မှာ ရုရှားတွေသိမ်းထားခဲ့ပေမယ့် ယူကရိန်းတပ်သားတွေက ပြန်လည်တိုက်ခိုက်သိမ်းယူထားပါတယ်။

   ဝက်ဂနာအုပ်စုအကြီးအကဲက ယူကရိန်းသမ္မတ ဇီလင်စကီးကို ဘတ်ခ်မွတ်က တပ်တွေရုတ်ဖို့ လက်နက်ချဖို့ အချိန်မရှိတော့ဘူးဆိုပြီး ခြိမ်းခြောက်ခဲ့ပါတယ်။

   ဒါပေမဲ့ မတ် ၄ ရက်မှာတော့ ဝက်ဂနာအကြီးအကဲက ဘတ်ခ်မွတ်မှာ အသေခံတိုက်ပွဲဝင်နေတဲ့ ဝက်ဂနာတပ်ဖွဲ့တွေသာ အရှုံးနဲ့ဆုတ်ခွာရမယ်ဆိုရင် ယူကရိန်းမြေကနေ ရုရှားတပ်တွေ အရှုံးနဲ့ဆုတ်ခွာရလိမ့်မယ်လို့ ပြောခဲ့ပြီး ဝက်ဂနာတပ်တွေသာ ဆုတ်ခွာရရင်တော့ စစ်ပွဲပြီးဆုံးသွားနိုင်သလို ဘတ်ခ်မွတ်ဒေသက ယူကရိန်းတပ်တွေဟာ တခြား လူဟန့်စ်စစ်မြေပြင်ဘက်တွေကို မျှားဦးလှည့်ပြီး နောက်ဆုံး ခရိုင်းမီးယားနဲ့ ရုရှားပိုင်နက်တွေထဲအထိ ဝင်လာမှာ သေချာတယ်လို့ ပြောခဲ့ပါတယ်။

   ဒီအခြေအနေကြောင့် ဘတ်ခ်မွတ်သာ ထင်ထားသလို ရုရှားမရခဲ့ရင် ပူတင် ဘာဖြစ်မလဲဆိုတာ စောင့်ကြည့်ရတော့မယ့် အခြေအနေဆိုတာ တင်ပြရင်း ယခုရက်သတ္တပတ် နိုင်ငံတကာသတင်း သုံးသပ်မှုကို ဒီမှာပဲရပ်လိုက်ချင်ပါတယ်။

   မင်းထက်