【 တစ်ပတ်အတွင်း နိုင်ငံတကာသတင်း သုံးသပ်ချက် 】 ပြင်းထန်လာသော ကမ္ဘာတစ်ဝန်း ပဋိပက္ခများ

【 တစ်ပတ်အတွင်း နိုင်ငံတကာသတင်း သုံးသပ်ချက် 】 ပြင်းထန်လာသော ကမ္ဘာတစ်ဝန်း ပဋိပက္ခများ

   ယခုတစ်ပတ် နိုင်ငံတကာသတင်းတွေမှာ ဆူဒန်မှာ တစ်ကျော့ပြန်ဖြစ်လာတဲ့ တိုက်ပွဲသတင်းတွေ၊ ယူကရိန်းအရေးမှာ တဖြည်းဖြည်းကျပ်တည်းမှုဖြစ်လာတဲ့ စီးပွားရေးသက်ရောက်မှုတွေ၊ ရုရှားက ဘတ်ခ်မွတ်ကို သိမ်းလုနီးပါးဖြစ်နေပေမယ့် စစ်ရေးအသာမရသေးတဲ့ အခြေအနေတွေ၊ တရုတ်ကာကွယ်ရေးဝန်ကြီးရဲ့ ရုရှားခရီးစဉ်ကို နိုင်ငံတကာကစောင့်ကြည့်နေတဲ့သတင်းတွေ၊ အင်ဒိုနီးရှားမှာ ငလျင်လှုပ်တာနဲ့ ရုရှားမှာ မီးတောင်ပေါက်ကွဲလို့ ပြာတွေဖုံးလို့ ဒေသခံတွေကို ရွှေ့ပြောင်းရတဲ့သတင်းတွေ၊ တရုတ်မှာ ကြက်ငှက်တုပ်ကွေးကြောင့် ပထမဆုံးလူသေခဲ့ တာတွေ စတဲ့ သတင်းတွေက ဖုံးလွှမ်းထားခဲ့ပါတယ်။
   ဒီသတင်းတွေထဲမှာ သတိထားမိဖွယ်ဖြစ်ခဲ့တာက နိုင်ငံတကာမှာ တင်းမာမှုတွေ၊ ပဋိပက္ခတွေက ပိုပြီး ပြင်းထန်လာနေတာမှာ စစ်မက်ဖက်ကို ဦးတည်လာနေတာကို သိသိသာသာ ထင်ထင်ရှားမြင်လာနေရတာပဲဖြစ်ပါတယ်။
   ယူကရိန်းကို ရုရှားကျူးကျော်မှုဟာ ရေရှည်စစ်ပွဲအနေအထားကို ဦးတည်နေပြီး ဒီစစ်ပွဲထဲ လက်နက် တွေ၊ ဘဏ္ဍာရေးအထောက်အပံ့တွေကို အနောက်နိုင်ငံတွေက ထည့်ဝင်နေတာကြောင့် ရေရှည်မှာ ရုရှားအတွက် အခက်အခဲဖြစ်လာမှာ သေချာနေပါတယ်။ယခုချိန်မှာတောင် ရုရှားအတွက် လက်နက်ခဲယမ်း အခက်အခဲက စတင်နေပြီး ရုရှား ဆောင်းရာသီထိုးစစ်ကို ယူကရိန်းက တောင့်ခံနိုင်ခဲ့တာကြောင့် ယူကရိန်းရဲ့ တန်ပြန်ထိုးစစ်သာ စခဲ့ရင် ရုရှား ခံနိုင်ရည်ရှိပါမလား၊ သိမ်းထားတာတွေ လက်လွှတ်လိုက်ရမလားဆိုတဲ့ မေးခွန်းတွေ စစ်ရေးလေ့လာသူတွေဆီက ထွက်လာနေပြီဖြစ်ပါတယ်။
   ကမ္ဘာ့အခြေအနေက အစဉ်အလာအတိုင်းပဲ ကျန်းမာရေးကပ်ဘေးပြီးရင် စီးပွားရေးကပ်ဘေး၊စစ်မက်ဘေးတွေ အစဉ်လိုက်လာလေ့ရှိတာမို့ နိုင်ငံတိုင်းမှာ ကိုဗစ်ကြောင့် ပြိုလဲခဲ့ရတဲ့ စီးပွားရေးကြောင့် နိုင်ငံရေးမတည်မငြိမ်မှုတွေဖြစ်ပြီး ပြည်တွင်းစစ်တွေ၊ တိုက်ပွဲတွေ၊ အာဏာသိမ်းမှုတွေ တစ်ကျော့ပြန်ဖြစ်လာနေပါပြီ။ဒီလိုအခြေအနေကြောင့် ဒီတစ်ပတ်မှာ အာဏာခွဲဝေရေးကနေ တင်းမာမှုတွေဖြစ်ပြီး တိုက်ပွပြင်းထန်လာနေတဲ့ ဆူဒန်က တိုက်ပွဲတွေနဲ့ ယူကရိန်းစစ်ပွဲ နောက်ဆုံး အခြေအနေကို တင်ပြချင်ပါတယ်။
          ​မအောင်မြင်သည့် ဆူဒန်ပုစ္ဆာ
   ဆူဒန်နိုင်ငံ မြို့တော် ခါတွမ်မှာ စနေနေ့က အာဏာသိမ်းထားတဲ့ ဆူဒန်စစ်တပ်နဲ့ အင်အားကြီးတဲ့ ပြည်သူ့စစ်တို့ကြား ပြင်းပြင်းထန်ထန် တိုက်ခိုက်မှုတွေကြောင့် အနည်းဆုံး ၂၆ ဦး သေဆုံးပြီး ဒါဇင်နဲ့ချီ ဒဏ်ရာရခဲ့ပါတယ်။
   ဆူဒန်မှာ ဒီမိုကရေစီအသွင်ကူးပြောင်းနိုင်ဖို့ မျှော်လင့်နေချိန်မှာပဲ အခုလို ပဋိပက္ခတွေ ကျယ်ကျယ်ပြန့်ပြန့်ဖြစ်လာတာကြောင့် စိုးရိမ်မှုတွေ တိုးလာနေပါတယ်။ ဆူဒန်နိုင်ငံမှာ ၂၀၂၁ အောက်တို ဘာလက စစ်တပ်ကနေ အာဏာသိမ်းခဲ့ပြီးတဲ့နောက် နိုင်ငံရေးပါတီတွေကြား ဒီမိုကရေစီအသွင် ကူးပြောင်းရေးဆိုင်ရာ ညှိနှိုင်းမှုတွေလုပ်နေပေမယ့် အင်အားကြီးတဲ့ ပြည်သူ့စစ်နဲ့ အာဏာသိမ်းထားတဲ့ ဆူဒန်စစ်တပ်ကြား လအတော်ကြာ တင်းမာနေရာကနေ စနေနေ့မှာ တိုက်ပွဲတွေဖြစ်ခဲ့တာပါ။
   တနင်္ဂနွေနေ့မှာတော့ မြို့တွင်းတိုက်ပွဲတွေကြောင့် သေဆုံးသူအရေအတွက်က ၅၆ ယောက်အထိရှိခဲ့ကာ ၅၉၅ ယောက်ထက်မနည်း ဒဏ်ရာရခဲ့ပါတယ်။
   ဆူဒန်လေဆိပ်မှာ ပျံတက်နေတဲ့ ဆော်ဒီလေ ကြောင်းလိုင်းက လေယာဉ်တစ်စင်း ပစ်ခတ်ခံရပေမယ့် ထိခိုက်သေဆုံးမှုတော့ ကံကောင်းစွာ မရှိခဲ့ပါဘူး။
   တိုက်ပွဲတွေ ပြင်းထန်နေတဲ့အတွက် RSF ပြည်သူ့စစ်အဖွဲ့တွေနဲ့ ဆွေးနွေးမှုတွေလုပ်မှာ မဟုတ်ဘူးလို့ ဆူဒန်စစ်တပ်က ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။ဒီထုတ်ပြန်မှုမှာ RSF ပြည်သူ့စစ်ကို သူပုန်ပြည်သူ့စစ်အဖွဲ့လို့ ခေါ်လိုက်သလို RSF ပြည်သူ့စစ်အဖွဲ့ခေါင်းဆောင်ကလည်း ဆူဒန်စစ်ခေါင်းဆောင်ကို ရာဇဝတ်ကောင်လို့ ပြန်တုံ့ပြန်လိုက်လို့ ဒီပြဿနာဟာ အတော်လေးပြင်းထန်နေတဲ့ အခြေအနေပါ။
   ကာလကြာရှည် ပြည်တွင်းပြဿနာတွေနဲ့ ဆင်းရဲငတ်မွတ်မှုတွေကြောင့် အာဖရိကတိုက်မှာ အဆိုးရွားဆုံးအခြေအနေကိုရောက်နေတဲ့ ဆူဒန်အတွက် အာဏာသိမ်းမှုတွေက ထပ်ဆင့်ကံဆိုးမှုတွေပါပဲ။
   ပြင်းထန်တဲ့ တိုက်ခိုက်မှုတွေကြောင့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး၊ ကုလအတွင်းရေးမှူးချုပ်၊ EU နိုင်ငံခြားရေးမူဝါဒအကြီးအကဲ၊ အာရပ်နိုင်ငံများအဖွဲ့ချုပ်ဥက္ကဋ္ဌနဲ့ အာဖရိကသမဂ္ဂကော်မရှင် အကြီးအကဲတွေက နှစ်ဘက်လုံး အပစ်ရပ်ဖို့ တိုက်တွန်းသလို ကြားဝင်မှုတွေလည်း လုပ်ခဲ့ရပါတယ်။
   တနင်္ဂနွေနေ့ အစောပိုင်းအထိ ဆူဒန်စစ်ဌာနချုပ်နဲ့ သမ္မတနန်းတော်အနီးတဝိုက်မှာ ကြီးကြီးမားမား ပစ်ခတ်နေကြသလို စစ်တပ်ကရော RSF အဖွဲ့ကပါ မဟာဗျူဟာကျတဲ့နေရာတွေကို ထိန်းချုပ်ထားနိုင်တယ်လို့ ပြောကြပေမယ့် စနေနေ့က ပစ်ကြခတ်ကြတဲ့အထဲ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ WFP ဝန်ထမ်းသုံးယောက် သေဆုံးလို့ WFP က သူ့ရဲ့လုပ်ငန်းတွေကို ရပ်ဆိုင်းထားကြောင်း ကြေညာခဲ့ပါတယ်။တိုက်ပွဲတွေဖြစ်ပွားနေတဲ့ ခါတွန်မြို့လယ်ခေါင်က ကက်သိုလစ်ကျောင်းမှာ ကျောင်းသား ၂၅၀ ကျော်နဲ့ သမ္မတနန်းတော်ရဲ့အရှေ့ဘက် ဆူဒန် ကူဝိတ်စီးပွားရေးစင်တာမှာ သတင်းစာဆရာ ၁၂ ယောက်လောက်ဟာ စနေနေ့ မနက်ကတည်းက ပိတ်မိနေကြပြီး အရပ်ဘက်အဖွဲ့အစည်းတွေက ကယ်ထုတ်ဖို့ ကြိုးစားနေရပါတယ်။
   တိုက်ပွဲအပြင်းအထန်ဖြစ်နေပြီး ပိတ်မိနေကြသူတွေအနေနဲ့ စားနပ်ရိက္ခာပြတ်နေကြလို့ ကုလကြား ဝင်မှုနဲ့ လူသားချင်းစာနာထောက် ထားရေးလုပ်ငန်းအတွက် သုံးနာရီကြာအပစ်ရပ်ဖို့ နှစ်ဘက်လုံးက သဘောတူကြပါတယ်။ဒီလိုတစ်ကျော့ပြန်ဖြစ်ရတဲ့ တိုက်ပွဲဟာ သတင်းတွေအရ အရပ်သားအုပ်ချုပ်ရေးကို ကူးပြောင်းရင် RSF အဖွဲ့ကို စစ်တပ်နဲ့ ဘယ်လိုပေါင်းဖွဲ့ပြီး ဘယ်သူက အဲဒီလိုပေါင်းစည်းတဲ့ ဖြစ်စဉ်ကို ကြီးကြပ်မလဲဆိုတဲ့ ကိစ္စအပေါ် သဘောထားကွဲပြားကြရာကနေ စတင် တင်းမာမှုတွေဖြစ်ခဲ့တာလို့ ဆိုပါတယ်။
   လက်ရှိမှာ ဒီအတွက် အဖြေမရသေးလို တိုက်ပွဲအတွက် မြို့တော်ထဲ လက်နက်ကြီးတွေ ခဲယမ်းတွေ ဖြည့်တင်းနေလို့  တိုက်ပွဲဟာ ပိုပြင်းထန်လာဖို့များနေပါတယ်။
   ဒီလိုတင်းမာမှုတွေက အာဖရိကမှာတင်မဟုတ်ပါဘူး။အာရှက အင်ဒိုနီးရှားနိုင်ငံမှာလည်း ပါပူအာ ဒေသက ခွဲထွက်ရေးသူပုန်တွေနဲ့ အင်ဒိုနီးရှားစစ်တပ်အကြား အပြန်အလှန်ပစ်ခတ်မှုတွေ ဒီတစ်ပတ်မှာ ဖြစ်ခဲ့ပါတယ်။
   ခွဲထွက်ရေးဘက်က နယူးဇီလန်လေယာဉ်မောင်းတစ်ဦးကို ပြန်ပေးဆွဲ ဖမ်းဆီးထားတာကို စစ်တပ်က ကယ်တင်ဖို့ စစ်ရေးအစီအစဉ်လုပ်ရာကနေ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပြီး အင်ဒိုနီးရှားစစ်ဘက်က တစ်ဦးသေဆုံးခဲ့ပါတယ်။
   အနောက် ပါပူအာဒေသ လွတ်မြောက်ရေးတပ် TPNPB ရဲ့ ပြောခွင့်ရသူကတော့ ဆွေးနွေးဖို့ ညှိနှိုင်းချက်ကို အင်ဒိုနီးရှားအစိုးရဘက်က တုံ့ပြန်မှုမရလို့ စစ်ဘက်ပုဂ္ဂိုလ် ၉ ဦးကို သတ်ပစ်လိုက်တယ်လို့ အစောပိုင်းက ထုတ်ပြန်ခဲ့ပါတယ်။
   ဒီအတွက် ယခုထိ ညှိနှိုင်းမှုတွေ မရသေးဘဲ နှစ်ဘက်လုံးက တင်းတင်းမာမာဖြစ်နေဆဲပါပဲ။ဒါပေမဲ့ အမြဲတမ်းစစ်ဖြစ်နေတဲ့ တိုက်ခိုက်နေတဲ့ အရှေ့အလယ်ပိုင်းဒေသမှာ တရုတ်ရဲ့ ကြားဝင်မှုနဲ့ မတ်လက ဆော်ဒီနဲ့ အီရန် သံတမန်ပြန်ဆက်ပြီးနောက် ဒေသတွင်း တင်းမာမှုတွေ လျော့ကျလာသလို မကြားဖူးတာတွေ ကြားလာရပါတယ်။ဒါက ယီမင်က ဟူသီသူပုန်တွေနဲ့ ဆော်ဒီက ဆွေးနွေးမှုစတင်ခဲ့သလို အပြန်အလှန်အားဖြင့် နှစ်ရှည်ကြာဖြစ်နေတဲ့ ယီမင်ပြည်တွင်းစစ်နဲ့ ဆက်နွယ်ပြီး အဖမ်းခံရတဲ့ အကျဉ်းသား ၈၀၀ ကျော်ကို သူပုန်တွေထိန်းချုပ်တဲ့ မြို့တော်ဆာနာနဲ့ အစိုးရတွေထိန်းချုပ်ထားတဲ့ မြောက်ပိုင်း မာရစ်ဘ်မြို့ကြား လေယာဉ်တွေနဲ့ အပြန်အလှယ်သယ်ပို့ လဲလှယ်မှုတွေ လုပ်ခဲ့ပါတယ်။ယီမင်စစ်ဟာ ဒေသတွင်း ဆော်ဒီနဲ့ အီရန်တို့ရဲ့ ကြားခံစစ် အသွင်ဆောင်ဖြစ်လို့ ဆော်ဒီနဲ့ အီရန် သံတမန်ဆက်ဆံရေး ပြန်စနိုင်တာဟာ ယီမင်ပြည် တွင်းစစ်ပြီးဆုံးဖို့ လမ်းစဖြစ်လာနေပါတယ်။
   ဆော်ဒီဟာ ဒီတစ်ပတ်မှာ ဆီးရီးယားပြည်တွင်းစစ်ကို ရပ်တန့်နိုင်ဖို့ အားထုတ်လာတာကိုလည်း တွေ့ လာရပါတယ်။ဒါပေမဲ့ အီရန်ကတော့ ဒေသတွင်းမှာ အစ္စရေးနဲ့ အမေရိကန်ကို တုံ့ပြန်နိုင်ဖို့ အားထုတ်နေ သလို နျူကလီးယားလက်နက် ပိုင်ဆိုင်နိုင်ဖို့ ကြိုးစားနေတဲ့အတွက် ဆော်ဒီနဲ့ သံတမန်ရေးရာ ပြေလည်မှုက ဒေသတွင်းမှာ ထောက်ခံမှုရအောင်လုပ်တဲ့ သဘောဘက်ကို နွယ်နေပါတယ်။
          ​ယူကရိန်းထိုးစစ်ကို ရုရှားခန့်မှန်းရခက်နေသလား
   ဒီတစ်ပတ်မှာ ဒုတိယကမ္ဘာစစ်နောက်ပိုင်း အပြင်းထန်ဆုံး မြေပြင်စစ်ပွဲဖြစ်လာတဲ့ ဘတ်ခ်မွတ်မြို့ တိုက်ပွဲမှာ ရုရှားကြေးစားတပ်ဖွဲ့ဖြစ်တဲ့ ၀ဂ္ဂနာတပ်ဖွဲ့က ယူကရိန်းအရှေ့ပိုင်းမြို့ ဘတ်ခ်မွတ်၏ မြို့တော်ခန်းမကို သိမ်းလိုက်ပြီဆိုပြီး ထုတ်ပြန်ခဲ့ပါတယ်။
   ဧပြီ ၁၅ ရက်မှာတော့ ၀ဂ္ဂနာတပ်ဖွဲ့ပိုင်ရှင် ပရီဂိုရှင်က ယူကရိန်းအထူးစစ်ဆင်ရေး အောင်မြင်စွာ ပြီးဆုံးပြီဖြစ်ကြောင်း အစိုးရက ကြေညာသင့်တယ်လို့ ပြောလိုက်ပြီး အထူးစစ်ဆင်ရေးရပ်ပြီး နယ်မြေလုံခြုံရေးအတွက်ပဲ အာရုံစိုက်ရတော့မယ့်အချိန်ဆိုပြီးပြောခဲ့လို့ နိုင်ငံတကာစစ်ရေးအကဲခတ်တွေကြားမှာ ရုရှားအနေနဲ့ ယူကရိန်းထိုးစစ်မလာခင် ခံစစ်အတွက်ပြင်နေပြီလားဆိုတဲ့ သုံးသပ်ချက်တွေ ထွက်လာခဲ့ပါတယ်။
   ဒီတစ်ပတ်မှာ ပိုလန်၊ ဆလိုဗက်ကီးယား ၊ဘူလ်ဂေးရီးယားတို့ကနေ မစ်ချ် ၂၉ တိုက်လေ ယာဉ်တွေ ယူကရိန်းကိုပေးခဲ့သလို ဗြိတိန်ကလည်း ဖောက်ကလန်စစ်ပွဲမှာ သုံးခဲ့တဲ့ လေယာဉ်နဲ့ ရဟတ်ယာဉ်တွေကို ပေးခဲ့ပါတယ်။ဒါဟာ စစ်လက်နက်ပိုင်းဆိုင်ရာမှာ ချို့တဲ့မှု စဖြစ်နေတဲ့ ရုရှားအတွက် အခက်တွေ့စရာပါ။
   ရုရှားဘက်က အခုလပိုင်းမှာ မကြာခဏဆိုသလို အနောက်နိုင်ငံက ထောက်ပံ့တဲ့ လက်နက်တွေနဲ့ ယူကရိန်းကပစ်လို့ အရပ်ဘက်အဆောက်အဦတွေ ထိတယ်၊ အရပ်သားတွေသေတယ်ဆိုပြီး ပြောခဲ့ပေမယ် ရုရှားပစ်ခတ်မှုကြောင့် ယူကရိန်းမှာ အရပ်သားတွေ သေတဲ့အခါ စစ်ဘက်ဆိုင်ရာအဆောက်အဦတွေကို ပစ်တာဆိုပြီး ပြောလေ့ရှိပါတယ်။ဒီလိုတစ်ဖက်စောင်းနင်းကျတဲ့ အခြေအနေကြောင့် ပိုလန်ဝန်ကြီးချုပ်က ရုရှားနိုင်ငံထဲကို ဝင်ရောက် တိုက်ခိုက်ခွင့် ယူကရိန်းမှာလည်း ရှိပါတယ်။ပိုလန်အနေနဲ့ နေတိုးနဲ့ ရုရှား ထိပ်တိုက်တွေ့မလားဆိုတာကို ပူပန်ခြင်း လုံးဝမရှိပါဘူး။နေတိုးနဲ့သာ တိုက်ရိုက်စစ်ပွဲဖြစ်ခဲ့မယ်ဆိုရင် ရုရှားဟာ အချိန်တိုတိုနဲ့ ရှုံးနိမ့်သွားမှာ သေချာလို့ပါပဲလို့  ပြောခဲ့လို့ ရုရှားဒုတိယခေါင်းဆောင် မက်ဗီဒက်က ပိုလန်ဝန်ကြီးချုပ်နှင့်အတူ ပိုလန်နိုင်ငံပါ ကမ္ဘာ့မြေပေါ်က ပျောက်ကွယ်သွားမယ်ဆိုပြီး တွစ်တာမှာ ကြုံးဝါးခဲ့ပါတယ်။ဒီလိုကြုံးဝါးမှုကို ပိုလန် တန်ပြန်ထောက်လှမ်းရေးက အဲဒီ မက်ဗီဒက်ရဲ့ ရေးသားမှုအောက်မှာ “အရက်နဲ့ မူးယစ်ဆေးဝါး ပေါင်းစပ်သုံးစွဲတာဟာ အလွန် အန္တရာယ်များကြောင်း သတိပြုစေချင်ပါတယ်။ဒါပေမဲ့ ကျေးဇူးပြုပြီး ဆက်သာလုပ်ပါ” လို့ ရေးသားခဲ့လို့ နိုင်ငံတက သတင်းမီဒီယာတွေမှာ မက်ဗီဒက်ဟာ ဆေးကြောင်ပြီး ပြောချင်ရာပြောနေသူအဖြစ် လှောင်ပြောင်ခံလိုက်ရပါတယ်။
   ဒီတစ်ပတ်မှာ တရုတ်ကာကွယ်ရေးဝန်ကြီးဟာ ရုရှားနိုင်ငံကို နှစ်ရက်တာခရီးအဖြစ် ဧပြီ ၁၆ ရက်မှာ မော်စကိုသို့ သွားရောက်ခဲ့ပါတယ်။ဥရောပသတင်းတွေမှာ‌တော့ ရုရှားကို အရေးပေါ် စစ်လက်နက်တွေ လျှို့ဝှက်ကူညီပေးဖို့ တရုတ်စစ်တပ်က သဘောတူထားတယ်ဆိုတဲ့ အမေရိကန် ပင်တဂွန်စစ်ဌာနချုပ်ရဲ့ ထိပ်တန်းလျှို့ဝှက်သတင်းတွေ ပေါက်ကြားခဲ့ပြီး ရက်ပိုင်းမှာ အခုလို တရုတ်ကာကွယ်ရေးဝန်ကြီးရဲ့ မော်စကိုခရီးစဥ်သတင်း ထွက်ပေါ်လာတာဖြစ်လို့ အနောက်နိုင်ငံတွေက တရုတ်ကာကွယ်ရေးဝန်ကြီးရဲ့ ရုရှားခရီးစဉ်ကို မျက်စိဒေါက်ထောက် ကြည့်နေကြပါတယ်။
   မော်စကိုကို ရောက်ရှိလာတဲ့ တရုတ်ကာကွယ်ရေးဝန်ကြီး လီရှန်ဖူကို သမ္မတ ပူတင်ကိုယ်တိုင် လက်ခံ တွေ့ဆုံပြီး ပူတင်က နှစ်နိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာနတွေ ပူးပေါင်းလုပ်ဆောင်သွားရမယ့် ကိစ္စတွေကို ရှင်းပြခဲ့တယ် ဆိုပါတယ်။
   ဒီတစ်ပတ်မှာပဲ မြောက်ကိုရီးယားက ဧပြီ ၁၃ ရက်မှာ ဒုံးကျည်ပစ်လွှတ်ခဲ့လို့ ဂျပန်မှာ ဘေးလွတ်ရာ ရွှေ့ပြောင်းဖို့ သတိပေးချက်ကို ထုတ်ပြီးနောက် ပြန်ဖျက်ခဲ့ရပါတယ်။
   ရုရှားကာကွယ်ရေးဝန်ကြီး ဆာဂေး ရွှိုင်ဂူက ဧပြီ ၁၄ ရက်မှာ ဂျပန်နဲ့ ပိုင်ဆိုင်မှု အငြင်းပွားနေတဲ့ ခူရယ်လ်ကျွန်းနဲ့ ဆခါလင်ကျွန်းအနီးမှာ ဒုံးကျည်တွေ၊ တော်ပီဒိုတွေ စမ်းသပ်ပစ်ခတ်လေ့ကျင့်ဖို့ ရုရှားရဲ့ ပစိဖိတ်ရေတပ်အုပ်စုအနေနဲ့ အသင့်ဖြစ်နေပြီး အဆင့်အမြင့်ဆုံး တပ်လှန့်ထားမယ်လို့ ပြောခဲ့ပါတယ်။
   ဧပြီ ၁၄ ရက်မှာ‌တော့ မြောက်ကိုရီးယားရဲ့ ဒုံးကျည်စမ်းသပ်ပစ်ခတ်မှုကို တုံ့ပြန်တဲ့အနေနဲ့ မဟာဗျူဟာ နျူကလီးယား ဗုံးကြဲလေယာဥ်တွေပါဝင်တဲ့ အမေရိကန်နဲ့ တောင်ကိုရီးယား တိုက်လေယာဥ်အုပ်စုတွေက ကိုရီးယားကျွန်းဆွယ်မှာ ပျံသန်း အင်အားပြခဲ့ပြီး ဧပြီ ၁၉ ရက်မှာ နျူကလီးယားထိပ်ဖူးသယ်ဆောင်နိုင်တဲ့ Minuteman III တိုက်ချင်းပစ်ပဲ့ထိန်းဒုံးကျည်ကို စမ်းသပ်ပစ်ခတ်မယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။
   လက်ရှိမှာ အာရှ-ပစိဖိတ်ဒေသမှာ ဂျပန်ရဲ့ စစ်ရေးတည်ဆောက်မှုဟာ အချိန်တိုအတွင်း ထိုးထွက်လာ နေသလို ဥရောပမှာလည်း နေတိုးအဖွဲ့ဟာ ယူကရိန်းကို ရုရှားကျူးကျော်မှုကို အမှီပြုပြီး ကြီးထွားလာနေလို့ နိုင်ငံရေးတင်းမာမှုတွေဟာ စစ်ရေးအရဖြေရှင်းတာနဲ့ အဆုံးသတ်ဖို့ကို ဦးတည်နေတာ တွေ့ရပါတယ်။
   ရုရှားက နာမည်ကျော် မျက်မမြင် အကြားအမြင်ရဆရာ နီကိုလိုင် တာရာဆန်ကိုကတော့ ယူကရိန်းနဲ့ဖြစ်နေတဲ့ စစ်ပွဲအပါအဝင် စစ်ပွဲတိုင်းမှာ ရုရှားက အနိုင်ရပြီး ကမ္ဘာကြီးကို ဦးဆောင်အုပ်ချုပ်သွားရလိမ့်မယ်လို့ ဟောခဲ့ပါတယ်။နီကိုလိုင်က း စစ်ပွဲကြီးတစ်ပွဲ သေချာပေါက်ဖြစ်ပြီး ယူကရိန်းသာမက အမေရိကန်နိုင်ငံပါ ကမ္ဘာ့သမိုင်းကနေ ပျောက်ကွယ်သွားမယ်လို့ ရုရှားအစိုးရ ရုပ်/သံနဲ့ အင်တာဗျူးမှာ ပြောခဲ့ပါတယ်။မျက်မမြင်တစ်ဦးရဲ့ဟောကိန်းကို ဖော်ပြပေးရတဲ့အထိတောင် စိတ်ဓာတ်မြှင့်တင်မှုတွေ ပေးနေရတဲ့ ရုရှားရဲ့အခြေအနေဟာ ဘယ်အထိဖြစ်နေပြီလဲဆိုတာ မသိရပါဘူး။မကြာခင် စဖွယ်ရှိတဲ့ ယူကရိန်းတန်ပြန်ထိုးစစ်မှာ ဘယ်ဘက်က အသာရမလဲဆိုတာ အဖြေထွက်မှာ သေချာနေပါတယ်ဆိုတာ တင်ပြရင်း ယခုတစ်ပတ် နိုင်ငံတကာသတင်းသုံးသပ်မှုကို ဒီမှာပဲရပ်လိုက်ချင်ပါတယ်။
   မင်းထက်