【 ဆောင်းပါး 】 နှစ်ပေါင်း ၇၀ ကျော် ခိုင်မြဲလာတဲ့ သံတမန်ဆက်ဆံရေး

【 ဆောင်းပါး 】 နှစ်ပေါင်း ၇၀ ကျော် ခိုင်မြဲလာတဲ့ သံတမန်ဆက်ဆံရေး

မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးနောက် တစ်နှစ်ကျော်အကြာ ၁၉၄၉ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့မှာ ကွန်မြူနစ်ပါတီ ဥက္ကဋ္ဌ မော်စီတုန်းက တရုတ်ပြည်သူ့သမ္မတနိုင်ငံအဖြစ် ကြေညာလိုက်ပြီးနောက် အစိုးရအဖွဲ့ကို ပေကျင်းမြို့တွင် ရုံးစိုက်ခဲ့ပါတယ်။
 
၎င်းတို့အစိုးရဟာ တရုတ်ပြည်သူများကိုကိုယ်စားပြုတဲ့ တစ်ခုတည်းသော တရားဝင်အစိုးရဖြစ်ကြောင်း၊ အစိုးရသည် သာတူညီမျှမှု၊ အပြန်အလှန်အကျိုးပြုမှု၊ အပြန်အလှန်လေးစားမှုများကို လိုက်နာကျင့်သုံးရန် စိတ်အား ထက်သန်ကြတဲ့ နိုင်ငံခြားအစိုးရအားလုံးနဲ့ သံတမန်ဆက်ဆံရေး ထူထောင်ဖို့ အသင့်ရှိနေကြောင်း တိအန်မင်ရင်ပြင်မှာ ကြေညာခဲ့ပါတယ်။
 
မြန်မာနိုင်ငံမှာလည်း ဂျပန်ခေတ်မှာ ဖွဲ့စည်းထားတဲ့ ပြည်သူ့အရေးတော်ပုံပါတီကို အမည်ပြောင်းလဲထားသော ဗမာပြည်ဆိုရှယ်လစ်ပါတီက တရုတ်နိုင်ငံသစ် ထူထောင်မှုကို ကြိုဆိုကြောင်း ကြေညာချက်ထုတ်ပြန်ပါတယ်။
 
ဒီနောက် ဝန်ကြီးချုပ် ဦးနု ဦးဆောင်သော ဖဆပလအစိုးရအဖွဲ့ကလည်း တရုတ်နိုင်ငံသစ်နှင့် အစိုးရချင်း သံတမန်ဆက်ဆံရေးထားရှိရန် ပြင်ဆင်ခဲ့ပါတယ်။ထိုအချိန်က အာရှတိုက်ရဲ့ အခြားနိုင်ငံတွေဟာ တရုတ်နိုင်ငံသစ်နဲ့ပတ်သက်လို့ အခြေအနေကို စောင့်ကြည့်နေကြဆဲသာဖြစ်ပြီး တရားဝင်အသိအမှတ် မပြုကြသေးပါဘူး။
 
ဒါကြောင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံအဖြစ် ကြေညာတာကို ပထမဆုံးအသိအမှတ်ပြုတာက မြန်မာနိုင်ငံ ဖြစ်လာပါတယ်။ဒီလိုမျိုး မြန်မာနိုင်ငံရဲ့ အသိအမှတ်ပြု ကြိုဆိုမှုကို လှိုက်လှဲစွာဝမ်းသာကျေးဇူးတင်ကြောင်း တရုတ်နိုင်ငံက တုံ့ပြန်ခဲ့ပါတယ်။
 
မြန်မာ-တရုတ် နှစ်နိုင်ငံအကြား သံတမန်ဆက်ဆံရေးကို  ၁၉၅၀ ခုနှစ် ဇွန်လ ၈ ရက်တွင် စတင်နိုင်ခဲ့ပါတယ်။နောက်ပိုင်းမှာ နှစ်နိုင်ငံခေါင်းဆောင်များ အပြန်အလှန်ချစ်ကြည်ရေးခရီးများ သွားရောက်ခြင်းဖြင့် နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုကို ပိုမိုခိုင်မြဲအောင် တည်ဆောက်ခဲ့ကြပါတယ်။
 
နှစ်နိုင်ငံဆက်သွယ်ရေး စတင်ခဲ့ချိန်မှစ၍ နှစ်နိုင်ငံရဲ့ အကြီးအကဲခေါင်းဆောင်ပိုင်းတွေဟာ ချစ်ကြည်ရေးခရီးတွေကို အပြန်အလှန်သွားရောက်ခဲ့ကြပါတယ်။
 
ထိုစဉ်က တရုတ်ဝန်ကြီးချုပ် ချူအင်လိုင်းဟာ မြန်မာနိုင်ငံသို့ ကိုးကြိမ်တိုင် လာရောက်ခဲ့ပြီး ထိုခေတ်က မြန်မာသမ္မတများ၊ ဝန်ကြီးချုပ် ဦးနု၊ ဦးဘဆွေနှင့် ဗိုလ်ချုပ်ကြီး နေဝင်းတို့ဟာလည်း တရုတ်နိုင်ငံသို့ ကြိမ်ဖန်များစွာ သွားရောက်ခဲ့ကြတယ်လို့ မှတ်တမ်းတွေမှာ ဖော်ပြထားပါတယ်။
 
ဒါ့အပြင် တရုတ်သမ္မတ မစ္စတာလျှိုရှောင့်ချိသည် ၁၉၆၃ ခုနှစ်တွင် မြန်မာနိုင်ငံသို့ လာရောက်ခဲ့သလို အပြန်အလှန်အားဖြင့် မြန်မာခေါင်းဆောင်များလည်း တရုတ်နိုင်ငံသို့ သွားရောက်ခဲ့ကြတာကို မှတ်တမ်းတွေမှာ တွေ့ရပါတယ်။
 
နောက်ပိုင်း ၁၉၇၁ ခုနှစ်တွင် ထိုစဉ်က ဥက္ကဋ္ဌ ဦးနေဝင်း တရုတ်နိုင်ငံသို့ သွားရောက်ပြီး တရုတ်ပြည်သူ့ကွန်ဂရက် အမြဲတမ်းကော်မတီ ဒုတိယဥက္ကဋ္ဌ မဒမ်တိန့်ရင်နောင်ကလည်း ၁၉၇၇ ခုနှစ်တွင်လည်းကောင်း၊ ဒုတိယဝန်ကြီးချုပ် မစ္စတာတိန့်ရှောင်ဖိန်သည် ၁၉၇၈ ခုနှစ်တွင်လည်းကောင်း၊ သမ္မတ မစ္စတာလီရှန်နင့်သည် ၁၉၈၄ ခုနှစ်တွင်လည်းကောင်း မြန်မာနိုင်ငံသို့ အသီးသီးလာရောက်ခဲ့ကြတာကို မှတ်တမ်းတွေမှာ ဖော်ပြခဲ့ပါတယ်။
 
ဒါ့အပြင်  တရုတ်ဝန်ကြီးချုပ် မစ္စတာလီပင်းသည် ၁၉၉၄ ခုနှစ်တွင်လည်းကောင်း၊ ဒုတိယသမ္မတ မစ္စတာဟူကျင်တောင်သည် ၂၀၀၀ ပြည့်နှစ်တွင်လည်းကောင်း၊ သမ္မတ ကျန်ဇီမင်းသည် ၂၀၀၁ ခုနှစ်တွင် လည်းကောင်း မြန်မာနိုင်ငံသို့ အသီးသီးလာရောက်ခဲ့ကြသလို ထိုအချိန်များက မြန်မာအကြီးအကဲများလည်း တရုတ်နိုင်ငံသို့ အကြိမ်ကြိမ်သွားရောက်ခဲ့ကြပြီး နှစ်နိုင်ငံဆက်ဆံရေးကို ခိုင်မြဲအောင်တည်ဆောက်ခဲ့ကြတာ တွေ့ရပါတယ်။
 
အလားတူပဲ ၂၀၁၁ ခုနှစ်မှ ၂၀၁၅ ခုနှစ်အတွင်း ထိုစဉ်က မြန်မာသမ္မတ ဦးသိန်းစိန်သည် တရုတ်နိုင်ငံသို့ ခြောက်ကြိမ်သွားရောက်ခဲ့ပြီး ဒုတိယသမ္မတများ၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့လည်း တရုတ်နိုင်ငံသို့ သွားရောက်ခဲ့ကြပါတယ်။
 
ထိုကာလအတွင်းမှာ တရုတ်နိုင်ငံမှ ပြည်သူ့နိုင်ငံရေးအတိုင်ပင်ခံကွန်ဖရင့် ဥက္ကဋ္ဌ ဝန်ကြီးချုပ် လီခချန်နှင့် အခြား တရုတ်ခေါင်းဆောင်များလည်း မြန်မာနိုင်ငံသို့ လာရောက်ခဲ့ကြပါသေးတယ်။
 
ယခင်နိုင်ငံတော်သမ္မတ ဦးထင်ကျော်နှင့် ဇနီးတို့ဟာလည်း တရုတ်သမ္မတ ရှီကျင့်ဖျင်၏ ဖိတ်ကြားချက်အရ ၂၀၁၇ ခုနှစ် ဧပြီလအတွင်းတရုတ်နိုင်ငံသို့ ချစ်ကြည်ရေးခရီး သွားရောက်ခဲ့သလို ထိုစဉ်က နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည်လည်း အာဆီယံမဟုတ်သည့် နိုင်ငံများသို့ ပထမဦးဆုံးချစ်ကြည်ရေးခရီးစဉ်အဖြစ် တရုတ်နိုင်ငံသို့ ၂၀၁၆ ခုနှစ် ဩဂုတ်လတွင် သွားရောက်ခဲ့ပါတယ်။
 
၎င်းဟာ ၂၀၁၇ ခုနှစ် မေလတွင် ရပ်ဝန်းနှင့် ပိုးလမ်းမ နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေးဖိုရမ်၊ ၂၀၁၇ ခုနှစ် နိုဝင်ဘာလတွင် တရုတ်ကွန်မြူနစ်ပါတီနှင့် ပြည်ပနိုင်ငံရေးပါတီများ၏ အဆင့်မြင့်ခေါင်းဆောင်များဆွေးနွေးပွဲ၊ ၂၀၁၉ ခုနှစ် ဧပြီလတွင် ဒုတိယအကြိမ် ရပ်ဝန်းနှင့် ပိုးလမ်းမ နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေးဖိုရမ်များသို့ တက်ရောက်ကာ တရုတ်သမ္မတ၊ ဝန်ကြီးချုပ်တို့နှင့်လည်း နှစ်နိုင်ငံတွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခြင်းဖြင့် ထူးခြားသည့် ဝိသေသလက္ခဏာအရ နှစ်နိုင်ငံဆက်ဆံရေးကို တိုးမြှင့်နိုင်ခဲ့တယ်လို့ မှတ်တမ်းတွေမှာ ဖော်ပြခဲ့ပါတယ်။
 
ထို့အတူ ထိုစဉ်က မြန်မာနိုင်ငံမှ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌများ၊ ဒုတိယသမ္မတများနှင့် ကာကွယ်ရေးဦးစီးချုပ်တို့လည်း တရုတ်နိုင်ငံသို့ ခရီးစဉ်များ သွားရောက်ခဲ့ကြပြီး တရုတ်သမ္မတ ရှီကျင့်ဖျင်သည်လည်း မြန်မာနိုင်ငံတော်သမ္မတရဲ့ ဖိတ်ကြားချက်အရ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလတွင် မြန်မာနိုင်ငံသို့ ချစ်ကြည်ရေးခရီး လာရောက်ခဲ့ခြင်းဖြင့် နှစ်နိုင်ငံဆက်ဆံရေး၏ ထူးခြားသည့် ဝိသေသလက္ခဏာကို ပိုမိုပီပြင်စေခဲ့တာဖြစ်ပါတယ်။
 
၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလ ၁၇ ရက်မှ ၁၈ ရက်အထိ လာရောက်ခဲ့သည့် တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖျင်၏ မြန်မာနိုင်ငံခရီးစဉ်အတွင်း နှစ်နိုင်ငံအကြား ကုန်သွယ်မှု၊ အခြေခံအဆောက်အအုံ၊ နယ်စပ်စီးပွားရေး၊ ကုန်ထုတ်လုပ်မှု၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်မှု၊ လျှပ်စစ်ဓာတ်အားထုတ်မှု စသည့် ကဏ္ဍများတွင် ပူးပေါင်း ဆောင်ရွက်မှုများအတွက် သဘောတူစာချုပ် (Agreements) ၆ ခု၊ သဘောတူညီချက် (Implementation Agreements) ၃ ခု၊ နားလည် မှု စာချွန်လွှာ (MoUs) ၁၄ ခုနှင့် စာလွှာ (Exchange Letter) (၁၀) ခု စုစုပေါင်း (၃၃) ခု တို့ကို နှစ်နိုင်ငံအကြား အပြန်အလှန်လက်မှတ်ရေးထိုး လဲလှယ်နိုင်ခဲ့ကြပါတယ်။
 
တရုတ်သမ္မတ ရှီကျင့်ဖျင်ရဲ့ မြန်မာနိုင်ငံခရီးစဉ်ဟာ မြန်မာ-တရုတ် ဆက်ဆံရေး နှစ် (၇၀) ခရီးတွင် အရေးကြီးသည့် ဆက်ဆံရေး သမိုင်းမှတ်တိုင်သစ်တစ်ခုဖြစ်သလို နှစ်နိုင်ငံဆက်ဆံရေး၏ ထူးခြားသည့် ဝိသေသလက္ခဏာအား ဆက်လက်ဖော်ဆောင်မှုဖြစ်ပြီး နှစ်နိုင်ငံကြားမှာ ထူးခြားလေးနက်မှုများစွာ ကျန်ရှိခဲ့တာဖြစ်ပါတယ်။
 
ခေတ်အဆက်ဆက်တွင် နှစ်ဖက်အကြီးအကဲခေါင်းဆောင်များရဲ့ အပြန်အလှန်ခရီးစဉ်များမှအစဉ်အလာ ဆက်ဆံရေးကို မြှင့်တင်ပုံဖော်သွားနိုင်ခဲ့ကြတာကို ခရီးစဉ်များရဲ့ မှတ်တမ်းများက သက်သေပြနေပါတယ်။
 
အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ တရုတ်-မြန်မာ နှစ်နိုင်ငံရဲ့ သံတမန်ဆက်ဆံရေးထူထောင်မှုဟာ အခုဆိုရင် နှစ်ပေါင်း (၇၀) ကျော် ကြာမြင့်ခဲ့ပြီ ဖြစ်ပါတယ်။ဒီကာလအတွင်းမှာ နှစ်နိုင်ငံကြား စီးပွားရေး၊ လူမှုရေးအပါအဝင် ပူးပေါင်း ဆောင်ရွက်မှုများစွာ ပြုလုပ်နိုင်ခဲ့ကြပါတယ်။
 
တရုတ်ပြည်သူ့သမ္မတနိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံချက်များ အကောင်အထည်ဖော်နိုင်ရေးအတွက် ဖွံ့ဖြိုးမှုအကူအညီများ (အ ထောက်အပံ့၊ ချေးငွေနှင့် နည်းပညာ အကူအညီများ) ပေးအပ်လျက်ရှိနေတာ တွေ့ရပါတယ်။
 
ကိုဗစ်ကပ်ရောဂါကာလအတွင်းကလည်း ကာကွယ်ဆေးပါအဝင် အခြားသောကူညီထောက်ပံ့မှုတွေကို တရုတ်နိုင်ငံက တခြားသောနိုင်ငံတွေထက် ပိုမိုကူညီခဲ့တာတွေရှိပါတယ်။မြန်မာနိုင်ငံမှာ သဘာဝဘေးအန္တရာယ်တွေ ကြုံတိုင်းလည်း တရုတ်နိုင်ငံရဲ့ ထောက်ပံ့မှုတွေ ပုံမှန်ရှိနေခဲ့ပါတယ်။
 
နှစ်ပေါင်း ၇၀ ကျော်ကြာ သံတမန်ဆက်ဆံရေးရှိလာခဲ့တဲ့ အိမ်နီးချင်းနှစ်နိုင်ငံကြားမှာ စီးပွားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွေကိုလည်း အခုနောက်ပိုင်းမှာ ပိုမိုလုပ်ဆောင်လာတာ တွေ့ရပြီး နှစ်နိုင်ငံကြားတည်ရှိနေတဲ့ သံတမန်ဆက်ဆံရေးကို ခိုင်မြဲစွာတည်ဆောက်ထားနိုင်ခြင်းဖြစ်ပါတယ်။
 
ခန့်မောင်
Photo Credit - Google