【 နိုင်ငံတကာဆောင်းပါး 】 တရုတ်တွင် အရှိန်အဟုန်မြင့်လာသည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံခြင်း

【 နိုင်ငံတကာဆောင်းပါး 】 တရုတ်တွင် အရှိန်အဟုန်မြင့်လာသည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံခြင်း

နိုင်ငံတစ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုသည် ကြီးမားသော အကူအညီဖြစ်ပြီး စီးပွားရေးလုပ်ငန်းများအတွက် တိုးတက်မှုကို ဖြစ်စေသည်သာမက ဒေသခံလူထုအတွက်လည်း အလုပ်အကိုင်များ ဖန်တီးပေးနိုင်သည်။

တရုတ်နိုင်ငံသည် ယခုအခါတွင် နည်းပညာအသစ်များ၊ စီမံခန့်ခွဲရေး နည်းလမ်းများကို မိတ်ဆက်ပေးလာပြီး လူမှုအဆင့်အတန်းမြင့်မားလာခြင်း၊ အသိပညာနှင့် အရည်အသွေးမြင့်မားလာခြင်းတို့အပြင် တီထွင်ဆန်းသစ်မှုများဖြင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို ကြိုဆိုလျက်ရှိသည်။

တရုတ်ပြည်တွင်း၌ မြှုပ်နှံခြင်းနှင့်ပတ်သက်ပြီး နိုင်ငံတကာရင်းနှီးမြှုပ်နှံသူများ၏ ယုံကြည်ချက်မှာ တိုးလာလျက်ရှိသည်။တရုတ်၏ နိုင်ငံခြားမှ တိုက်ရိုက်ရင်းနှီးမြှုပ်နှံခြင်းသည် ၂၀၂၂ ခုနှစ် ပထမ ၁၁ လတွင် စံချိန်တင်မြင့်တက်ခဲ့သည်။ ၂၀၂၃ ခုနှစ်တွင်လည်း နိုင်ငံခြားမှ ရင်းနှီးမြှုပ်နှံသော စီးပွားရေးလုပ်ငန်းအရေအတွက်သည် နှစ်စဉ်နှုန်းထား၏ ၃၂.၁ ရာခိုင်နှုန်း ရောက်ရှိခဲ့ပြီး တရုတ်၏ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အရှိန်အဟုန်ကို ပြသနေခြင်းဖြစ်သည်။

တရုတ်သည် ကမ္ဘာလုံးဆိုင်ရာ စက်ရုံနှင့် ကုန်သွယ်ရေး ဗဟိုချက်ဖြစ်ပြီး လွတ်လပ်သော စီးပွားရေးမူဝါဒများကြောင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို ဆွဲဆောင်နိုင်ခြင်းဖြစ်သည်။ထို့အပြင် ဈေးကွက်အခြေပြုသော၊ ဥပဒေအခြေခံသော ကမ္ဘာ့အဆင့်မီသော စီးပွားရေးပတ်ဝန်းကျင်ကို ဖန်တီးပေးပြီး အဆင့်မြင့်တံခါးဖွင့်ဝါဒများနှင့် ပြုပြင်ပြောင်းလဲရေးလုပ်ငန်းများ၊ဗီဇာကင်းလွတ်ခွင့်များ၊ ကောင်းမွန်သော အခွန်အခနှုန်းထားများ၊ အခြေခံအဆောက်အအုံ တိုးတက်ခြင်းများနှင့် သက်ဆိုင်ရာမူဝါဒအသီးသီးများဖြင့် တရုတ်သည် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ စီးဆင်းရန် နေရာကောင်းတစ်ခု ဖြစ်နေခြင်းဖြစ်သည်။

တရုတ်သည် ကုန်ထုတ်လုပ်ရေးကဏ္ဍတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများအား ကန့်သတ်ထားခြင်းကို ပယ်ဖျက်ကာ ဆက်သွယ်ရေးနှင့် ကျန်းမာရေးဝန်ဆောင်မှုများတွင်လည်း ပို၍ တံခါးဖွင့်ပေးလာပြီဖြစ်သည်။များစွာသော မူဝါဒများချမှတ်ကာ နိုင်ငံတကာအရင်းအနှီးများကို ဆွဲဆောင်ပြီး ကမ္ဘာလုံးဆိုင်ရာ ထောက်ပံ့ရေးကွင်းဆက်ကို တည်ငြိမ်စေရန် လုပ်ဆောင်နေသည်။

စီးပွားရေးဝန်ကြီးဌာနသည် လက်ရှိတွင် စည်းမျဉ်း ၅၉ ခုဖြင့် နိုင်ငံအား ပို၍ကောင်းမွန်သော စီးပွားရေးပတ်ဝန်းကျင်ဖြစ်အောင် ဖန်တီးလျက်ရှိသည်။မကြာသေးမီက ပြုလုပ်ခဲ့သော စစ်တမ်းတစ်ခုအရ အမေရိကန်လုပ်ငန်းများ၏ ၅၀ ရာခိုင်နှုန်းမှာ တရုတ်အား ရင်းနှီးမြှုပ်နှံရန် ကောင်းမွန်သော နေရာအဖြစ် ယူဆကြသည်။ဖြေဆိုသူ ၃၀ ရာခိုင်နှုန်းက ၂၀၂၄ ခုနှစ်တွင် ချိတ်ဆက်မှုများ တိုးမြှင့်လုပ်လိုကြောင်း ဆိုကြသည်။ထိုအချက်အလက်များအရ အနောက်နိုင်ငံ မီဒီယာများက ပြောနေသလို တရုတ်နိုင်ငံမှ စီးပွားရေးလုပ်ငန်းများ ထွက်ခွာသွားနေသည်မှာ မဟုတ်ကြောင်းကို သိနိုင်သည့်အပြင် စက်မှုနယ်ပယ်တိုးတက်မှုနှင့် အလယ်အလတ်တန်းစား လူတန်းစားများ အဆင့်မြင့်လာမှုတို့ကြောင့် တရုတ်သည် နိုင်ငံတကာရင်းနှီးမြှုပ်နှံသူများကို ဆွဲဆောင်နေနိုင်ကြောင်း သိနိုင်သည်။

နိုင်ငံခြားမှ စီးပွားရေးရင်းနှီးမြှုပ်နှံမှုသည် တရုတ်၏ ပန်းတိုင်များအနက် တစ်ခုအပါအဝင်ဖြစ်သောကြောင့် တရုတ်သည် များစွာသော နိုင်ငံတကာစီးပွားရေးလုပ်ငန်းများနှင့် အတူလက်တွဲ လုပ်ကိုင်ရန် လည်း အသင့်ဖြစ်နေပြီဖြစ်သည်။

ကမ္ဘာ့ဒုတိယအကြီးဆုံး စီးပွားရေးနိုင်ငံဖြစ်သည့် တရုတ်သည် တီထွင်ဆန်းသစ်ခြင်း၊ ခေတ်မီကုန်ထုတ်ခြင်း၊ အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်ခြင်းနှင့် ထုတ်ကုန်များကို သဘာဝပတ်ဝန်းကျင်အား အထောက်အကူပြုစေရေးတို့ကို အာရုံစိုက်လျက်ရှိသည်။တရုတ်သည် စိုက်ပျိုးရေး၊ အသစ်ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်၊ သဘာဝပတ်ဝန်းကျင် အထောက်အကူပြုစွမ်းအင်၊ သယ်ယူပို့ဆောင်ရေး၊ ခရီးသွား၊ သတင်းအချက်အလက်နှင့် နည်းပညာနှင့် အဆင့်မီကုန်ထုတ်လုပ်ရေး စသည့် နယ်ပယ်အမျိုးမျိုးတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများအတွက် အလားအလာများရှိနေခြင်းဖြစ်သည်။သို့သော် မကြာသေးမီနှစ်များအတွင်းတွင် နည်းပညာအဆင့်မြင့် ကုန်ထုတ်လုပ်ခြင်း ဈေးကွက်သည် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများမှ အမြတ်အစွန်းများစွာရရှိကာ တိုးတက်လာသည်ကို တွေ့ရသည်။နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများသည် တရုတ်၏ ကြီးမားသော ဈေးကွက်၊ တိုးတက်ကောင်းမွန်သော စက်မှုစနစ်နှင့် တီထွင်မှုရှိသော ဗျူဟာများကို သဘောကျကြသည်။

တရုတ်သည် ယခုနှစ်တွင် ဂျီဒီပီကို ၅ ရာခိုင်နှုန်းခန့် တိုးတက်စေရန် ရည်ရွယ်ထားသည်။လူဦးရေ ၁.၄ သန်းတွင် အလယ်အလတ်ဝင်ငွေရသော လူဦးရေမှာ သန်း ၄၀၀ ဖြစ်ပြီး တစ်ဦးချင်းစီ၏ စီးပွားရေးအခြေအနေမှာ ဒေါ်လာ ၁၂,၀၀၀ ရှိသောကြောင့် တည်ငြိမ်ပြီး အလားအလာကောင်းသော ပြည်တွင်းဈေးကွက်ဖြစ်သည်ဟု ပြောနိုင်သည်။တရုတ်သည် ကုလသမဂ္ဂမှ အထူးသတ်မှတ်ထားသော စက်မှုနယ်ပယ်အားလုံးကို ပိုင်ဆိုင်ထားသည့် တစ်ခုတည်းသော နိုင်ငံလည်းဖြစ်သည်။

တရုတ်အနေဖြင့် ၂၀၂၄ ခုနှစ်တွင် ထိပ်သီးအဆင့်၌ တံခါးဖွင့်ခြင်းကို ပို၍ တွန်းအားပေးကာ တရုတ်နိုင်ငံ ခေတ်မီဖွံ့ဖြိုးတိုးတက်ခြင်းမှ ယူဆောင်လာသော အခွင့်အရေးသစ်များကို ကမ္ဘာ့နိုင်ငံများနှင့် မျှဝေသွားမည်ဖြစ်သည်။

တရုတ်စီးပွားရေးအပေါ်တွင် နိုင်ငံတကာရင်းနှီးမြှုပ်နှံသူများနှင့် ကမ္ဘာ့စီးပွားရေးလုပ်ငန်းများ၏ ယုံကြည်ချက်များ ကြီးထွားလာပြီး တရုတ်၏ မူဝါဒများနှင့်အတူ ထိုအရှိန်အဟုန်သည် ဆက်လက်ကြီးထွားနေဦးမည်ဖြစ်သည်။

စိုးနိုင်ထွန်း
Ref - CMG | China's growth momentum in inbound foreign investments will continue