【 နိုင်ငံတကာဆောင်းပါး 】 ကမ္ဘာ့စီးပွားရေးကို နိုးထစေသည့် တရုတ်နှစ်သစ်ကူး သွားလာမှု

【 နိုင်ငံတကာဆောင်းပါး 】 ကမ္ဘာ့စီးပွားရေးကို နိုးထစေသည့် တရုတ်နှစ်သစ်ကူး သွားလာမှု

ခေတ်မီတိုးတက်ရေးနှင့် ဂလိုဘယ်လိုက်ဇေးရှင်း၏ ကြီးမားသော လုပ်ငန်းစဉ်ကို ဖြတ်သန်းနေသည့် တရုတ်လူမျိုးများအတွက် ရိုးရာတန်ဖိုးများသည် အချို့သောနည်းလမ်းများဖြင့် ယနေ့အချိန်ကာလတွင် ပိုမိုရေပန်းစားလာပါတယ်။

မြို့ကြီးပြကြီးများရှိ တရုတ်လူငယ်အများအပြားဟာ အနောက်တိုင်း ခရစ္စမတ်အားလပ်ရက်ကို ဆင်နွှဲကြပေမယ့် နွေဦးပွဲတော် (သို့မဟုတ်) တရုတ်နှစ်သစ်ကူးမှာတော့ တစ်မျိုးသားလုံး၏ ကိုယ်ပိုင်အမှတ်လက္ခဏာအဖြစ်နဲ့ တန်ဖိုးထား ဆင်နွှဲကြပါတယ်။ယခုအခါမှာ တရုတ်နှစ်သစ်ကူးဟာ ကမ္ဘာလုံးဆိုင်ရာ ပွဲတော်တစ်ခုအဖြစ် ပြောင်းလဲလာနေပြီဖြစ်ပါတယ်။

တရုတ်နိုင်ငံ သယ်ယူပို့ဆောင်ရေးဝန်ကြီးဌာနက ၂၀၂၄  ခုနှစ် တရုတ်နိုင်ငံ chuyun (နွေဦးပွဲတော် ရုံးပိတ်ရက်) အတွင်း ခရီးစဉ်ပေါင်း ၉ ဘီလီယံခန့် ရှိလာနိုင်တယ်လို့ ဇန်နဝါရီနောက်ဆုံးအပတ်မှာ ထုတ်ပြန်ခဲ့ပါတယ်။ဒါဟာ ကမ္ဘာ့စီးပွားရေးအတွက် အလားအလာကောင်းဖြစ်သလို တရုတ်အတွက်လည်း ကပ်ရောဂါမတိုင်မီ ၂၀၁၉ ခုနှစ်က ခရီးသွားလာမှုအဆင့်မျိုးဖြစ်တယ်လို့ တရုတ်အမျိုးသားလူဝင်မှုကြီးကြပ်ရေး စီမံခန့်ခွဲမှုဌာန (NIA) က ဆိုပါတယ်။

နွေဦးပွဲတော်ကာလမှာ ပြည်တွင်း၊ ပြည်ပ ခရီးသွားလာမှု မြင့်တက်လာတာဖြစ်လို့ ယခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက်နေ့မှ ၁၇ ရက်နေ့အထိ အားလပ်ရက်အတွင်း တရုတ်ပြည်မကြီးမှာ နေ့စဉ် ပြည်တွင်း၊ ပြည်ပ ခရီးသွားလာမှု ၁.၈ သန်းရှိမယ်လို့ အဲဒီ (NIA) ဌာနက ခန့်မှန်းထားပါတယ်။ဒီပမာဏဟာ လွန်ခဲ့တဲ့ ၂၀၂၃ ခုနှစ်ကထက်စာရင် ၃.၃ ဆ တိုးလာတာလို့ ဆိုထားပါတယ်။

တရုတ်နှစ်သစ်ကူး သွားလာမှုဟာ ပမာဏကြီးမားပြီး ကမ္ဘာမှာ အကြီးမားဆုံး ရွှေ့ပြောင်းသွားလာမှုဖြစ်လို့ ကမ္ဘာတစ်ဝန်းက စီးပွားရေးကဏ္ဍအသီးသီးကို ကြီးမားတဲ့ လှိုင်းဂယက်သဖွယ် ရိုက်ခတ်လေ့ရှိပါတယ်။အထူးသဖြင့် နှေးကွေးနေတဲ့ ကမ္ဘာ့စီးပွားရေးအတွက် အလားအလာကောင်းပါပဲ။ရက်ပေါင်း ၄၀ ကြာမြင့်တဲ့ ဒီကာလမှာ ပြည်သူသန်းရာပေါင်းများစွာက နေရပ်ပြန်ကြမှာဖြစ်ပါတယ်။ခရီးအကွာအဝေး မည်သို့ပင်ဝေးကွာစေကာမူ ပင်ပန်းနွမ်းနယ်မှုနဲ့ ခရီးတစ်လျှောက် အဆင်မပြေမှုများ ကြုံတွေ့ရနိုင်ပေမယ့် နွေးထွေးမှု၊ နှစ်သိမ့်မှုနှင့် ရိုးရှင်းစွာ အတူတကွရှိခြင်း ခံစားချက်ကို ရှာဖွေလိုသော မိသားစုပြန်လည်ဆုံဆည်းရာနေရာဖြစ်သော မိမိတို့၏ ဇာတိမြို့သို့ အပြေးအလွှားပြန်လာကြပြီး မိသားစုတွေ၊ မိတ်ဆွေတွေနဲ့ ပြန်ဆုံစည်းကြမှာဖြစ်လို့ တရုတ်ပြည်မကြီးတစ်ဝန်းသာမက တရုတ်လူမျိုးတွေ ပျံ့နှံ့ရောက်ရှိရာ နေရာတွေပါ ကျွဲကူးရေပါဆိုသလို ခရီးသွားလုပ်ငန်းတွေ ပျားပန်းခတ် အလုပ်များဖို့ရှိနေပါတယ်။

တရုတ်နှစ်သစ်ကူးကာလက ဖေဖော်ဝါရီ ၁၀ ရက်မှ စမှာဖြစ်ပေမယ့် ဇန်နဝါရီလကုန်ပိုင်းကတည်းက နွေဦးရာသီပွဲအတွက် ကမ္ဘာတစ်ဝန်းမှာ ခရီးသွားလာမှုက စနေပြီဖြစ်ပါတယ်။

တရုတ်ပြည်တွင်းမှာ နွေဦးပွဲတော်အတွက် နေရပ်ပြန်တာ၊ အပန်းဖြေတာအတွက် ခရီးသွားလာမှုဟု ဇန်နဝါရီ ၂၆ ရက်ကတည်းက တရားဝင်စခဲ့တာပါ။ဒီနှစ်မှာ သွားလာနိုင်ကြောင်း ခန့်မှန်းထားတဲ့ ခရီးသွားလာမှု ၉ ဘီလီယံမှာ ခရီးစဉ် ၇.၂ ဘီလီယံ (သို့မဟုတ်) ၈၀ ရာခိုင်နှုန်းက ကိုယ်ပိုင်မော်တော်ယာဉ်တွေနဲ့ ခရီးထွက်ကြမယ်လို့ သယ်ယူပို့ဆောင်ရေးဝန်ကြီးဌာနက ခန့်မှန်းထားပါတယ်။ကျန် ၁.၈ ဘီလီယံက ရထားတွေ၊ အဝေးပြေးကားတွေ၊ သင်္ဘောတွေနဲ့ လေကြောင်းခရီးစဉ်တွေကနေ သွားကြမယ်လို့ ခန့်မှန်းထားပါတယ်။

တရုတ်နိုင်ငံ ရထားလမ်းကွန်ရက်များကနေ ထုတ်ပြန်တဲ့ စာရင်းအချက်အလက်အရဆိုရင် ဇန်နဝါရီ ၂၆ ရက်ကနေ ဖေဖော်ဝါရီလ ၁ ရက်အတွင်း ခရီးစဉ်ပေါင်း ၈၁.၅၅ သန်း ကိုင်တွယ်ခဲ့ရတယ်လို့ ဆိုထားပါတယ်။ပထမနေ့ဖြစ်တဲ့ ဇန်နဝါရီ ၂၆ ရက်တွင် ရထားခရီးစဉ် ၁၀.၆ သန်းခန့်ရှိနိုင်ပြီး နေ့စဉ်ခရီးစဉ် ၁၂ သန်းခန့်နှုန်းနဲ့ ယခုခရီးသွားရာသီအတွင်း ခရီးသည်ခရီးစဉ် သန်း ၄၈၀ ကိုင်တွယ်ဆောင်ရွက်နိုင်ဖို့ တရုတ်မီးရထားလုပ်ငန်းဌာနက မျှော်မှန်းထားတယ် ဆိုပါတယ်။တရုတ်ရထားလုပ်ငန်းက ဇန်နဝါရီ ၁၂ ရက်ကစပြီး ရထားလက်မှတ်ရောင်းချရမှု သန်း ၂၃၀ ခန့် ရောင်းချပြီးဖြစ်လို့ ယခင်နှစ်ကထက် သိသိသာသာမြင့်တက်နေတယ်ဆိုပြီး ထုတ်ပြန်ခဲ့တာရှိပါတယ်။
 
တရုတ်အမျိုးသားလူဝင်မှုကြီးကြပ်ရေးစီမံခန့်ခွဲမှုဌာန (NIA) ကတော့  ဖေဖော်ဝါရီ ၈ ရက်နဲ့ ၁၇ ရက် ကြား၊ အထူးသဖြင့် နွေဦးပွဲတော် ပိတ်ရက်ကုန်ဆုံးတဲ့ ဖေဖော်ဝါရီ ၁၆ ရက်နဲ့ ၁၇ ရက်ကြား အဓိကကျတဲ့ ပြည်တွင်းရှိ နိုင်ငံတကာလေဆိပ်တွေမှာ ခရီးသည်အမြင့်ဆုံးဝင်ရောက်ပြီး မနိုင်မနင်းဖြစ်နိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

ဒီနှစ်မှာ တရုတ်နိုင်ငံပိုင်မီဒီယာဖြစ်တဲ့ China Media Group က ကမ္ဘာတစ်ဝန်းမှာ နဂါးနှစ် နွေဦးပွဲတော် ပဒေသာကပွဲတွေကို ကျင်းပခဲ့တာတွေ့ရပြီး ရုပ်သံတွေကနေ ထုတ်လွှင့်ဖို့ လုပ်နေတာကိုလည်း တွေ့ရပါတယ်။ဒါဟာ တရုတ်နှစ်ကူးကာလကို ကမ္ဘာတစ်ဝန်းက ပြည်သူတွေ ပါဝင်ဆင်နွှဲနေတဲ့ ကမ္ဘာ့လုံးဆိုင်ရာ ပွဲတော်အသွင်ဆောင်လာတာကို ပြနေပါတယ်။ဒီအကျိုးဆက်က ကမ္ဘာအတွက် ခရီးသွားလာမှုတွေကနေ နှေးကွေးနေတဲ့ ကမ္ဘာ့စီးပွားရေးနိုးထလာစေမယ့် အလားအလာကောင်းကို ဖြစ်ထွန်းစေဖို့ များနေပါတယ်။

မကြာသေးမီက နှစ်သစ်ကူးနွေဦးပွဲတော်ကို ကုလသမဂ္ဂ ရုံးပိတ်ရက်အဖြစ် သတ်မှတ်ခဲ့သလို ဒီနှစ်မှာ China Media Group ကနေ ကြီးမှူးပြီး တရုတ်နှစ်သစ်ကူး နွေဦးပွဲတော် ညချမ်း ပဒေသာဖျော်ဖြေပွဲတွေ၊ ချီတက်ပွဲတွေ၊ စတဲ့ လှုပ်ရှားမှုတွေကို ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာ၊ အာရပ်စော်ဘွားများနိုင်ငံ ဒူဘိုင်း၊ ဘရာဇီးနိုင်ငံ Recife မြို့၊ အမေရိကန်နိုင်ငံ နယူးယောက်မြို့၊ အမေရိကန်နိုင်ငံက AMC နဲ့ Regal ရုပ်ရှင်ရုံတွေ၊ ရုရှားနိုင်ငံ မော်စကိုက Mytishchi အားကစားရုံ၊ လာအိုနိုင်ငံ မြို့တော်တွေ၊ ကင်ညာနိုင်ငံ နိုင်ရိုဘီမြို့၊ လန်ဒန်က ဗြိတိန်နိုင်ငံဆိုင်ရာ တရုတ်သံရုံးရဲ့ ယဉ်ကျေးမှုရုံးတွေမှာ ဒီလိုလှုပ်ရှားမှုတွေနဲ့ လှုပ်ရှားခဲ့တာကို တွေ့ရပါတယ်။

ကမ္ဘာ့စံချိန်တင် လူကြည့်အများဆုံးဖြစ်ခဲ့တဲ့ တရုတ်နွေဦးပွဲတော် ပဒေသာကပွဲကို ဒီနှစ်မှာလည်း CNN ၏ မြောက်အမေရိကရှိ ရုပ်မြင်သံကြားချန်နယ်၊ နိုင်ငံတကာအစီအစဉ်၏ မြောက်အမေရိကချန်နယ်နှင့် ဥရောပ၊ အရှေ့အလယ်ပိုင်းချန်နယ်၊ အာဖရိကချန်နယ်နှင့် အာရှ-ပစိဖိတ် ချန်နယ်များကနေ ကမ္ဘာတစ်ဝန်း ထုတ်လွှင့်မှာဖြစ်ပြီး ဖေဖော်ဝါရီ ၅ ရက်က နဂါးနှစ် နွေဦးပွဲတော် ပဒေသာကပွဲ၏ မိတ်ဆက်ဗီဒီယိုကို တစ်နေ့တည်း ကြည့်ရှုသူ ၄၃ သန်းကျော်ရှိခဲ့တဲ့အတွက် ဒါဟာ ကမ္ဘာလှည့်ခရီးသွားတွေအတွက် ဆွဲဆောင်မှုတစ်ခုပါပဲ။ဒီထုတ်လွှင့်မှုကို ဖေဖော်ဝါရီလ ၁၈ ရက်နေ့အထိ ထုတ်လွှင့်မှာဖြစ်လို့ ပြည်ပ လူသန်း ၄၀၀ ခန့် ကြည့်မယ်လို့ တရုတ်ဘက်က ခန့်မှန်းထားပါတယ်။ဒီထဲမှာ ဥရောပက ၁၃၇ သန်း၊မြောက်အမေရိကဘက်က ၁၀၇ သန်း၊ Streaming မီဒီယာပလက်ဖောင်း CNN Max ကနေ ၂၂ သန်း ကြည့်လိမ့်မယ်လို့ ခန့်မှန်းထားတာကို တွေ့ရပါတယ်။

စီးပွားရေးပညာရှင်တွေကတော့ နွေဦးပွဲတော် ခရီးသွားလာမှု မြင့်တက်လာခြင်းဟာ တရုတ်စီးပွားရေးအပေါ် ယုံကြည်မှုနဲ့ တရုတ်စီးပွားရေး အားကောင်းမောင်းသန် ရှင်သန်နေမှုကို ပြတယ်လို့ ဆိုထားပါတယ်။တရုတ်ဘက်ကလည်း ရိုးရာနှစ်ကူးပွဲတော်ကို ကမ္ဘာ့လုံးဆိုင်ရာ ပွဲတော်တစ်ခုဖြစ်လာဖို့ အားစိုက်နေတာကို တွေ့ရသလို အဲဒီကနေ နာလန်ထူဖို့ ခက်ခဲနေတဲ့ စီးပွားရေးကိုပါ ပွဲတော်အတွင်း သုံးစွဲမှုတွေနဲ့ လုပ်ငန်းတွေကို ပြန်လည်ထောင်မတ်လာဖို့ မျှော်လင့်ထားနေပါတယ်။

တရုတ်စီးပွားရေးဟာ ကမ္ဘာ့စီးပွားရေးကို ထောက်ပံ့ထားမှုမှာ ရာခိုင်နှုန်း ၃၀ နီးပါးရှိနေပါတယ်။ဒါကြောင့် ကမ္ဘာ့လုံးဆိုင်ရာပွဲတော်အသွင် ပြောင်းလဲ ကျင်းပလာနေတဲ့ တရုတ်နှစ်သစ်ကူးကာလမှာ တရုတ်ခရီးသွားလာမှုက တရုတ်စီးပွားရေးကို ကြီးမားတဲ့ အရှိန်သက်ရောက်မှာ သေချာနေပါတယ်။

ဒီကနေ ကမ္ဘာ့စီးပွားရေးကို ဘယ်လောက်နိုးထစေမလဲဆိုတာ စောင့်ကြည့်ရမှာဖြစ်ပါတယ်။

စိုးငြိမ်း