【 ဆောင်းပါး 】 အခွင့်အလမ်းနှင့် စိန်ခေါ်မှုများရှိနေသည့် မြန်မာ့အထည်ချုပ်လုပ်ငန်း

【 ဆောင်းပါး 】 အခွင့်အလမ်းနှင့် စိန်ခေါ်မှုများရှိနေသည့် မြန်မာ့အထည်ချုပ်လုပ်ငန်း

မြန်မာနိုင်ငံရှိ  အထည်ချုပ်လုပ်ငန်းဈေးကွက်သည် အလုပ်သမားစရိတ် သက်သာသော နိုင်ငံများစာရင်းတွင် ပါဝင်ပြီး ပြည်ပပို့ကုန်ထုတ်လုပ်မှုဈေးကွက်၌ ဦးဆောင်လျက်ရှိသည်။
 
၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် အဓိက ပို့ကုန်အများဆုံး ၁၀ မျိုးစာရင်းတွင် CMP အထည်ချုပ်လုပ်ငန်းက ထိပ်ဆုံးမှ ပါဝင်ခဲ့သည်။
 
၂၀၂၃ ခုနှစ် ဧပြီ ၁ ရက်မှ  ဒီဇင်ဘာလ ၃၁ ရက်အထိ ချုပ်ပြီးအထည် ပြည်ပတင်ပို့မှုအခြေအနေမှာ အရေအတွက်အားဖြင့် ၄၅၈ ဒသမ ၁၃ သန်းကျော် တင်ပို့နိုင်ခဲ့ပြီး ဝင်ငွေအားဖြင့် အမေရိကန်ဒေါ်လာ ၂၉၆၆ ဒသမ ၅၆၃ သန်း တင်ပို့နိုင်ခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။
 
၁၀ စုနှစ်ကျော်ကာလအတွင်း အထည်ချုပ်လုပ်ငန်းများသည် ပြည်ပပို့ကုန်ကဏ္ဍ၌ တဖြည်းဖြည်းမြင့်တက်လာခြင်းဖြစ်သည်။ ၂၀၁၀ ခုနှစ်တွင် အထည်ချုပ်ကဏ္ဍ၌ အမေရိကန်ဒေါ်လာ ၃၄၉ မီလီယံမှ ၂၀၁၆ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၂ ဘီလီယံအထိ မြင့်တက်ခဲ့ကြောင်း သိရသည်။ကိုဗစ်ကာလမတိုင်မီ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်က မြန်မာ့အထည်ချုပ်ကဏ္ဍ၏ ပြည်ပတင်ပို့မှုမှာ အမေရိကန်ဒေါ်လာ ၅ ဘီလီယံနီးပါးအထိ ရရှိခဲ့သည်။ ၂၀၁၆ ခုနှစ်ဝန်းကျင်က တစ်နိုင်ငံလုံးတွင် အထည်ချုပ်စက်ရုံ စုစုပေါင်း ၄၀၀ ကျော် လည်ပတ်ခဲ့ပြီး အလုပ်သမားဦးရေ လေးသိန်းနီးပါး အလုပ်-လုပ်ကိုင်ခဲ့ကြသည်။အထည်ချုပ်လုပ်ငန်းများတွင် လုပ်ကိုင်သော လုပ်သားဦးရေ ၉၀ ရာခိုင်နှုန်းခန့်သည် အမျိုးသမီးများဖြစ်သည်။
 
မြန်မာနိုင်ငံရှိ အထည်ချုပ်စက်ရုံများမှ ထွက်ရှိသော အထည်များကို တရုတ်၊ ထိုင်း၊ စင်ကာပူ၊ ဂျပန်၊ ပိုလန်၊ ကိုရီးယား၊ ယူကေ အစရှိသည့်  နိုင်ငံပေါင်း ၈၀ ဈေးကွက်သို့ တင်ပို့လျက်ရှိကြောင်း သိရသည်။ပြည်တွင်းအထည်ချုပ်လုပ်ငန်းများ၌ ပြည်တွင်းလုပ်ငန်းရှင်များ အပါအဝင် တရုတ် (တိုင်ပေ)၊ တောင်ကိုရီးယား၊ ဂျပန်နှင့် ထိုင်းနိုင်ငံတို့မှ လုပ်ငန်းရှင်များလည်း ပါဝင်သည်။
 
အထည်ချုပ်လုပ်ငန်းများသည် ပြည်တွင်းလုပ်သားအင်အားများထဲတွင် အလုပ်အကိုင်အခွင့်အလမ်း အဓိကအရင်းအမြစ်ကဏ္ဍ၌ ပါဝင်နေသည်။စက်ရုံအများစုမှာ ညှပ်-ချုပ်-ထုတ် (CMP) စနစ်ဖြင့် လုပ်ကိုင်ကြခြင်း ဖြစ်သည်။ CMP စနစ်နှင့် လုပ်ကိုင်နေသော အထည်ချုပ်စက်ရုံများတွင် တရုတ်နိုင်ငံမှ ရင်းနှီးမြှုပ်နှံမှုအများဆုံး ထည့်ဝင်ဆောင်ရွက်နေကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။
 
မြန်မာ့အထည်ချုပ်ကဏ္ဍတွင် နိုင်ငံခြားသားပိုင် စက်ရုံ ၈၀ ရာခိုင်နှုန်းကျော်ရှိပြီး တရုတ်နိုင်ငံမှ အများဆုံးပါဝင်သည်။ပြည်တွင်း၌ တရုတ်နိုင်ငံသားများပိုင် အထည်ချုပ်စက်ရုံပေါင်း ၃၃၀ ခန့်ရှိကြောင်း သိရသည်။တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၌ ရင်းနှီးမြှုပ်နှံမှုများ စဉ်ဆက်မပြတ်ရှိနေသော နိုင်ငံဖြစ်သည်။ ၂၀၂၃ ခုနှစ်အတွင်း ရန်ကုန်တိုင်းဒေသကြီး၌ ပြည်ပရင်းနှီးမြှုပ်နှံမှုအသစ် ၅၀ နီးပါးတွင် တရုတ်နိုင်ငံ၏ အထည်ချုပ်လုပ်ငန်းကဏ္ဍ ရင်းနှီးမြှုပ်နှံမှုက အများဆုံးပါဝင်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု  ဦးစီးဌာနမှ သိရသည်။
 
မြန်မာနိုင်ငံအနေဖြင့် ကုန်ကြမ်းပိုင်းတွင် သွင်းကုန်ကိုသာ အဓိကအားထားနေရပြီး အထည်တင်ပို့ရာတွင် ပြည်တွင်းနှင့် ပြည်ပကုမ္ပဏီများက ပူးတွဲသဘောတူညီချက်ဖြင့် လုပ်ကိုင်နေကြခြင်းဖြစ်သည်။
 
မြန်မာနိုင်ငံ၏ အထည်ချုပ်လုပ်ငန်းကဏ္ဍ တိုးတက်စေရန်အတွက် ပြည်တွင်း၊ ပြည်ပလုပ်ငန်းရှင်များနှင့် ပူးပေါင်း၍ အထည်အလိပ်ပြပွဲများ မကြာခဏ ခင်းကျင်းပြသလေ့ရှိသည်။ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလအတွင်းက ရန်ကုန်မြို့၊ အင်းယားလိတ်ဟိုတယ်ရှိ ရန်ကုန်ကွန်ဗင်းရှင်းစင်တာတွင် မြန်မာ့အထည်အလိပ်နှင့် စက်ယန္တရားကုန်စည်ပြပွဲကို ကျင်းပခဲ့ပြီး ပြည်တွင်း၊ ပြည်ပ အထည်ချုပ်လုပ်ငန်းရှင်ပေါင်း ၁၀၀ ခန့် တက်ရောက်ခဲ့ကြသည်။
 
မြန်မာ့အထည်ချုပ်ကဏ္ဍသည် ဥရောပသမဂ္ဂ (EU) ၏ အထူးအခွန်သက်သာခွင့် (GSP) ကို ပြန်လည်ရရှိခဲ့ပြီးနောက်ပိုင်း ၂၀၁၃ ခုနှစ်မှစ၍ အလျင်အမြန် တိုးတက်လာသော လုပ်ငန်းကဏ္ဍတစ်ခုဖြစ်ခဲ့သည်။နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများတွင် အလုပ်အကိုင်အခွင့်အလမ်းများစွာ ဖော်ဆောင်ပေးနိုင်သော အရေးပါသည့် လုပ်ငန်းလည်းဖြစ်သည်။
 
ကိုဗစ်ကာလအတွင်းက အထည်ချုပ်စက်ရုံပေါင်း ၇၀၀ ကျော် လည်ပတ်နေရာကနေ ၁၀၀ ကျော် ရပ်နားသွားခဲ့ရသည်။ကိုဗစ်ကာလပြီးနောက် အထည်ချုပ်လုပ်ငန်းများ ပြန်လည်ရှင်သန်မှု ရရှိခဲ့ရာတွင် လိုအပ်သည့် ကုန်ကြမ်းများကို တရုတ်နိုင်ငံမှ ဖြည့်ဆည်းဆောင်ရွက်နိုင်ခဲ့ကြောင်း စီးပွားရေးကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။
 
အထည်ချုပ်လုပ်ငန်းများသည် ပြည်ပပို့ကုန် အများဆုံးတင်ပို့မှုရှိသည့် ကုန်အုပ်စုများတွင်ရှိနေသော် လည်း တစ်ဖက်တွင် ကုန်ကြမ်းရရှိမှုအခက်အခဲ၊ အော်ဒါသစ်ရရှိမှုအခက်အခဲများ အပါအဝင် အလုပ်ရှင်နှင့် အလုပ်သမားတို့အကြား လုပ်ခလစာပြဿနာတို့ကြောင့် တချို့သော ပြည်ပလုပ်ငန်းရှင်များ ပြောင်းလဲထွက်ခွာကြောင်းလည်း အထည်ချုပ်လုပ်ငန်းအသိုင်းအဝိုင်းမှ သိရသည်။
 
နိုင်ငံတစ်ဝန်းတွင် အထည်ချုပ်လုပ်ငန်းရှင်အသင်းဝင် စက်ရုံပေါင်း ၈၀၀ ကျော်ရှိပြီး ၂၅၀ ကျော်က ရပ်ဆိုင်းသွားကြောင်း မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်းမှ သိရသည်။
 
မြန်မာနိုင်ငံ၏ အထည်ချုပ်ကဏ္ဍ ဖွံ့ဖြိုးမှုများသည် ထင်သလောက် တိုးတက်မှု မရှိသေးဘဲ အထူးအားဖြင့် အခြေခံအဆောက်အအုံ မပြည့်စုံမှု၊ လျှပ်စစ်မီးလိုအပ်ချက်၊ ထုတ်လုပ်သယ်ယူပို့ဆောင်စရိတ်များ ကြီးမြင့်နေဆဲဖြစ်ကြောင်း အထည်ချုပ်လုပ်ငန်းရှင်တစ်ဦးက ပြောသည်။
 
အရှိန်အဟုန်နှင့် တိုးတက်ခဲ့သော အထည်ချုပ်လုပ်ငန်းကဏ္ဍသည် ကိုဗစ်ကာလတွင် ကျဆင်းခဲ့ပြီးနောက် ၂၀၂၂ ခုနှစ်တွင် တရုတ်နိုင်ငံမှ ရင်းနှီးမြှုပ်နှံမှုများဖြင့် ပြန်လည်တိုးတက်လာခဲ့သည်။သို့သော် ကုန် ကျစရိတ်မြင့်တက်လာခြင်းနှင့် အလုပ်သမားအခက်အခဲများရှိနေကြောင်း ဂျပန်နိုင်ငံအခြေစိုက် Nikkei Asia သတင်းဌာနက ၂၀၂၃ ခုနှစ် ဒီဇင်ဘာလအတွင်းက ဖော်ပြခဲ့သည်။
 
ပြည်တွင်းရှိ အထည်ချုပ်စက်ရုံများတွင် ပြည်ပနိုင်ငံများမှ အော်ဒါအသစ်များ လက်ခံဆောင်ရွက်နေပြီး ပိုလန်နိုင်ငံမှ အော်ဒါအသစ်များကို အထည်ချုပ်စက်ရုံပေါင်း ၁၀၀ နီးပါးတွင် လက်ခံချုပ်ပေးနေသည်ဟု မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်း အထွေထွေအတွင်းရေးမှူး ဒေါ်ခိုင်ခိုင်နွယ်က ပြောကြားခဲ့သည်။
 
အထည်ချုပ်ကဏ္ဍတွင် နာမည်ကြီးအမှတ်တံဆိပ်လုပ်ငန်းများ ထွက်ခွာသွားသော်လည်း တရုတ် (တိုင်ပေ) ဟောင်ကောင်၊ ကိုရီးယား၊ ဂျပန် အစရှိသည့် ကုမ္ပဏီကြီးများကလည်း လုပ်ငန်းတိုးချဲ့ဆောင်ရွက်ရန် လျှောက်ထားမှုရှိ၍ အထည်ချုပ်ကဏ္ဍသည် အလားအလားကောင်းများ ရှိနေသည်ဟုလည်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးက ပြောကြားသည်။
 
သို့ဖြစ်၍ ပြည်တွင်းစီးပွားရေးအခြေအနေ၊လုပ်သားအင်အားကို အများဆုံးထောက်ပံ့ပေးနေသည့် အထည်ချုပ်လုပ်ငန်းကဏ္ဍသည် အခွင့်အလမ်းများနှင့် စိန်ခေါ်မှုများကတော့ ဒွန်တွဲလျက်ရှိနေလေသည်။
 
အမွန်