【 ဆောင်းပါး 】 နှစ်သစ်ကူးနဲ့အတူ ..... မြန်မာဖရဲ၊ သခွားမွှေး ကုန်သွယ်ရေး

【 ဆောင်းပါး 】 နှစ်သစ်ကူးနဲ့အတူ ..... မြန်မာဖရဲ၊ သခွားမွှေး ကုန်သွယ်ရေး

ပြည်တွင်းမှထွက်ရှိသည့် ဖရဲ၊ သခွားမွှေးများကို တရုတ်နိုင်ငံအတွင်းရှိ စျေးကွက်သို့ အဓိကထားတင်ပို့လျက်ရှိရာ ယခုနှစ်တွင်လည်း တရုတ်နှစ်သစ်ကူးနှင့်အတူ စျေးကွက်ဝယ်လိုအား ကောင်းလာခဲ့သည်။

ပြည်တွင်းမှထွက်ရှိသည့် ဖရဲ၊ သခွားမွှေးများကို တရုတ်နိုင်ငံသို့ တင်ပို့ရာတွင် နှစ်စဉ် နိုဝင်ဘာလမှ မေလအထိ တင်ပို့လေ့ရှိပြီး အဓိအားဖြင့် မူဆယ်နယ်စပ်ကုန်သွယ်ရေးမှတစ်ဆင့် တင်ပို့ခဲ့ကြသော်လည်း လက်ရှိတွင် လမ်းကြောင်းအခြေအနေအရ မန္တလေး-ကျိုင်းတုံ-မိုင်းလား လမ်းဘက်မှ ရှမ်းပြည်နယ် (အရှေ့ပိုင်း) မိုင်းလားဘက်မှ တင်ပို့နေကြခြင်းလည်းဖြစ်သည်။

ပြီးခဲ့သော ၂၀၂၃ နှစ်ကုန်ပိုင်းကာလအတွင်းလောက်က အဆိုပါ ဖရဲ၊ သခွားမွှေးများကို တရုတ်ဘက်မှ ကုန်သည်များ၏ ဝယ်လိုအားကျဆင်းခဲ့သောအခြေအနေမှ ပြည်တွင်းသီးနှံကုန်သည်များအတွက် တွက်ခြေမကိုက်ဖြစ်ခဲ့ရပြီး တရုတ်နှစ်သစ်ကူး နွေဦးပွဲတော်ကာလမတိုင်ခင် ၂၀၂၄ ခုနှစ် ဇန်နဝါရီလအတွင်း၌ ဝယ်လိုအားများမှာ ပြန်လည်၍ တိုးတက်လာကာ စျေးကွက်အခြေအနေကောင်းကို ပိုင်ဆိုင်လာခဲ့ကြသည်။ကုန်သွယ်မှုလမ်းကြောင်းအခြေအနေအရ မိုင်းလားဘက်မှ သွားရသည့်အတွက် ကျိုင်းတုံ ပို့ကုန်အကောက်ခွန်ခများအပါအဝင် ပိုးမွှားကင်းစင်ကြောင်းနှင့် Form-E အချက်အလက်များအတွက် ကုန်ကျစရိတ်များရှိနေခဲ့ပြီး တရုတ်ပြည်ဘက်အခြမ်းရှိ တာလော့ဂိတ်တွင်လည်း သွင်းကုန်အခွန်အခများ၊ ကားဝင်ခွင့်လက်မှတ်ခ၊ အစားထိုးယာဉ်မောင်းခ၊ ရောင်းကွင်း အထွေထွေကြေးအပါအ၀င် ယာဉ်ရပ်နားခများအတွက် ကုန်ကျမှုများရှိခဲ့သော်လည်း စျေးကွက်ဝယ်လိုအား ပြည့်မီအောင် တင်ပို့နိုင်ရေးအတွက် ကုန်သည်များက သီးနှံသယ်ယူပို့ဆောင်မှုကို ကြိုးပမ်းလုပ်ဆောင်ခဲ့ကြသည်။

ယခုအခါ စျေးကွက်ဝယ်လိုအားကို ပြည့်မီ၍ စျေးကွက်လိုအပ်ချက်အပေါ် တင်ပို့မှုများရှိပြီး ကနဦးကာလက စျေးကွက်အရောက် တင်ပို့ရာတွင် လမ်း၌ အဆင့်ဆင့်ကျခံရသည့် ကုန်ကျစရိတ်များကြောင့်လည်း အမြတ်အစွန်းရရှိမှုအနေအထားမှာ ယခင်လောက် များပြားခြင်းမျိုးမရှိခဲ့ဘဲ နည်းပါးခဲ့ကြသည်။

“လောလောဆယ်တော့ စျေးကွက်ဝယ်လိုအားလေး ပြန်ကောင်းလာတော့ အလျင်မီအောင်တော့ ပို့နေတာပေါ့၊ အရင်လိုတော့ သိပ်ပြီးမကိုက်လှပါဘူး” ဟုလည်း သီးနှံကုန်သည်တစ်ဦးက ပြောကြားသည်။

ဝယ်ယူစားသုံးသည့် အခြေအနေမှာလည်း ယခုနောက်ပိုင်းတွင် ပြောင်းလဲလာသလို စျေးကွက်အနေအထားမှာလည်း လိုက်ပါ၍ ပြောင်းလဲလာခဲ့သည်။စျေးကွက်မှ ယခင်လို အလွန်အမင်း ဝယ်ယူစားသောက်ခြင်းမျိုးထက် ငွေကြေးသုံးစွဲမှုအပေါ် တိုင်းတာတွက်ချက်၍ လိုအပ်သည့်အနေအထားမျိုးလောက်သာ ဝယ်ယူစားသုံးခြင်းဖြင့် ပြောင်းလဲလုပ်ဆောင်လာခဲ့ကြသည်။ထို့ကြောင့်ပင် စျေးကွက်၏ ဝယ်လိုအားအခြေအနေကို ထိန်းညှိဆုပ်ကိုင်လာရင်း ကုန်စည်များကို စျေးကွက်အတွင်း အချိန်မီရောက်ရှိစေရန် ကြိုးပမ်းလုပ်ဆောင်လာခဲ့ကြရသည်။

ပြီးခဲ့သော ၂၀၂၀ ကာလက တင်ပို့မှုလျော့ကျခဲ့ပြီးနောက် ၂၀၂၁ ခုနှစ်အတွင်း စိုက်ပျိုးသည့် ဧကများမှလည်း လျော့ကျသွားခဲ့သည်။ထို့နောက်ပိုင်းတွင် စျေးကွက်ဝယ်လိုအားအခြေအနေအပေါ် မူတည်ကာ သီးနှံစိုက်ပျိုးဧရိယာများ ပိုမိုတိုးချဲ့စိုက်ပျိုးလာခဲ့သည်။

“ကိုဗစ်ကာလတုန်းက အရှုံးပေါ်ခဲ့ဖူးတော့ နောက်ပိုင်းစိုက်ပျိုးရာသီမှာ တောင်သူတွေက လျှော့ပြီးစိုက်လာတယ်၊ အဲဒီနောက်ပိုင်းမှာ စျေးကွက်ဝယ်လိုအားကလည်း ကောင်းလာတော့ စိုက်တာ အခုတော့ တဖြည်းဖြည်းများလာတယ်” ဟုလည်း မြန်မာနိုင်ငံ ဖရဲ၊  သခွားမွှေး စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်းမှ အကြီးအကဲတစ်ဦးက ပြောဆိုထားသည်။

၂၀၂၃ ခုနှစ် နှစ်ကုန်ပိုင်းလောက်က တရုတ်ဘက်မှ ဝယ်လိုအားနည်းသွားခြင်းကြောင့် ဖရဲ၊ သခွားမွှေးများမှာ နယ်စပ်စျေးကွက်တွင် ဈေးနှုန်းများကျဆင်းခဲ့သော်လည်း ယခုလိုနှစ်သစ်ကူးကာလနှင့်အတူ ပြန်လည်၍ အဝယ်လိုက်လာပြီး ဈေးနှုန်းများ ပြန်လည်မြင့်တက်ရရှိလာခဲ့သည်။

“ဖရဲ၊ သခွားမွှေး စိုက်ပျိုးတဲ့ တောင်သူတွေအနေနဲ့ သတင်းအချက်အလက်တွေကို နားစွင့်ပြီး စနစ်တကျနဲ့ စိုက်ပျိုးလုပ်ဆောင်ကြဖို့ လိုအပ်ပါတယ်၊ ကုန်သည်၊ ပွဲစားတွေနဲ့ အသင်းအဖွဲ့တွေဆီက အကြံဉာဏ်တွေတောင်းပြီး သေသေချာချာညှိနှိုင်း လုပ်ကိုင်ကြရမှာပါ၊ ဒါမှလည်း မလိုလားအပ်တဲ့ ဆုံးရှုံးမှုမျိုး မကြုံစေရေးအတွက်ဖြစ်ပါတယ်” ဟုလည်း မြန်မာနိုင်ငံ ဖရဲ၊ သခွားမွှေး စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်းမှ ဆိုထားသည်။

မြန်မာနိုင်ငံမှထွက်ရှိသော ဖရဲ၊ သခွား အစရှိသည့် သစ်သီးများကို တရုတ်နိုင်ငံက ယခုလိုပွင့်လင်းရာသီတွင် နေ့စဉ်တန်ချိန် ထောင်ချီ၍ တင်သွင်းနေလျက်ရှိပြီး နှစ်သစ်ကူးကာလနှင့်အတူ စျေးကွက်ကောင်းသော အခြေအနေမျိုးဖြစ်စေခဲ့သည်။

ယခင်က ပုံမှန်တင်ပို့ခဲ့ကြရသည့် မူဆယ်နှင့် ချင်းရွှေဟော် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းမှာ ယခုနှစ်တွင် အခြေအနေအရ ပိတ်နေခဲ့ပြီး ကုန်သွယ်မှုပြတ်တောက်မသွားစေဘဲ စျေးကွက်အဝယ်နှစ်သက်စေမည့် အခြေအနေမျိုးအဖြစ် မိုင်းလားနယ်စပ်မှတစ်ဆင့် ကြိုးစားပမ်းစား တင်ပို့ကာ လုပ်ကိုင်ကြခြင်းလည်းဖြစ်သည်။

မြန်မာနိုင်ငံမှ ဖရဲ၊ သခွားမွှေးများကို တင်ပို့ရာတွင် ၂၀၁၆-၁၇ ဘဏ္ဍာနှစ်က အမေရိကန်ဒေါ်လာ ၇၆ ဒသမ ၈၄ သန်း တန်ဖိုးရှိသည့် ဖရဲ ၆၆၀,၀၁၆ တန်၊ အမေရိကန်ဒေါ်လာ ၂၄ ဒသမ ၈၄ သန်း တန်ဖိုးရှိသည့် သခွားမွှေး ၁၁၁,၇၂၆ တန် ကိုလည်းကောင်း၊ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ ၇၇ ဒသမ ၄၆ သန်း တန်ဖိုးရှိသည့် ဖရဲ ၈၀၀,၄၂၄ တန်၊ အမေရိကန်ဒေါ်လာ ၂၅ ဒသမ ၇၇ သန်း တန်ဖိုးရှိသည့် သခွားမွှေး ၁၂၆,၂၂၇ တန်ကိုလည်းကောင်း၊ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ ၆၆ ဒသမ ၄၅ သန်း တန်ဖိုးရှိသည့် ဖရဲ ၇၄၈,၄၇၂ တန်၊ အမေရိကန် ဒေါ်လာ ၃၂ ဒသမ ၂၃ သန်း တန်ဖိုးရှိသည့် သခွားမွှေး ၁၅၈,၀၆၉ တန်ကိုလည်းကောင်း၊ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ဖရဲတန် ၃၃၀,၀၀၀ ကျော်နှင့် သခွားမွှေးတန် ၄၀,၀၀၀ ကျော်အထိ ပို့ခဲ့ကြောင်း မြန်မာနိုင်ငံ ဖရဲသခွားစိုက်ပျိုးတင်ပို့ ရောင်းချသူများအသင်း၏ စာရင်းများ၌ ဖော်ပြထားလျက်ရှိသည်။

မြန်မာ-တရုတ်နယ်စပ်ရှိ မိုင်းလားတွင် သစ်သီး တစ်တန်လျှင် တရုတ်ငွေ ယွမ် ၂၀၀၀ မှ ၃၀၀၀ အကြားဖြင့် ဈေးဖွင့်ရောင်းချရခြင်းများရှိနေပြီး ငွေစျေးအခြေအနေနှင့် စျေးကွက်ဝယ်လိုအားပေါ် မူတည်၍ အပြောင်းအလဲရှိတတ်သည်ဟု ကုန်သည်များက ဆိုကြသည်။အဓိကအားဖြင့် လမ်းခရီးတွင် ကြာမြင့်မှုနှင့် ရာသီဥတု အခြေအနေများကြောင့် သီးနှံအရည်အသွေးကို ထိခိုက်ခြင်းမရှိစေအောင်လည်း ဂရုပြုလုပ်ဆောင်နေကြရသည်။

ယခုနှစ် ဖရဲသခွားရာသီအစတွင် ဖရဲဈေးနှုန်းအနေဖြင့် တစ်ကီလိုလျှင် တရုတ်ငွေ ၃ ဒသမ ၅ ယွမ်မှ ၅ ယွမ်ဝန်းကျင်အထိ ဈေးအစားစားရှိပြီး သခွားမွှေးဈေးနှုန်းမှာ တစ်ကီလိုလျင် ၄ ဒသမ ၅ ယွမ်မှ ၆ ယွမ်ဝန်းကျင်အထိ ဈေးပေါက်ခဲ့သည်။ထိုစျေးနှုန်းများမှာ ယခင်နှစ်များကထက် သိသိသာသာ ဈေးပိုရရှိခဲ့ပြီး နှစ်သစ်ကူးကာလနှင့်အတူ ဝယ်လိုအားပိုလာကာ စျေးနှုန်းများလည်း ဆက်လက်မြင့်တက်လာခဲ့ခြင်းကြောင့် တောင်သူများအတွက် သယ်ယူစရိတ်အပါအဝင် စိုက်ပျိုးရေးကုန်ကျစရိတ်များအတွက်လည်း အကျိုးဖြစ်ထွန်းစေအောင် အထောက်အကူများ ဖြစ်လာစေခဲ့သည်။

လက်ရှိတွင် တရုတ်နိုင်ငံသည် ဖရဲကို ကိုယ်တိုင်စိုက်ပျိုးနေသော်လည်း အိမ်နီးချင်းဖြစ်သည့် မြန်မာနိုင်ငံအတွင်း မြေငှားစနစ်ဖြင့် စိုက်ပျိုးခြင်းများရှိသလို မြန်မာမှနိုင်ငံထွက်ရှိသည့် ဖရဲအများအပြားကို တရုတ်ပြည်တွင်းသို့ တင်သွင်းကာ ဝယ်ယူနေလျက်ရှိသည်။တရုတ်နိုင်ငံ၏ ဖရဲထုတ်လုပ်မှုသည် ၂၀၂၀ ပြည့်နှစ်တွင် တန်ချိန် သန်း ၆၀ ကျော်ရှိပြီး ကမ္ဘာ့ထုတ်လုပ်မှု၏ ၆၀ ရာခိုင်နှုန်းနီးပါးရှိသည်ဟု ကမ္ဘာ့ကုလသမဂ္ဂ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့၏ အချက်အလက်များတွင် ဖော်ပြထားသည်။ထိုသို့ထုတ်လုပ်မှုမြင့်မားသော်လည်း အိမ်နီးချင်းဖြစ်သည့် မြန်မာနိုင်ငံမှ အဓိထားကာ  နှစ်စဉ်ဝယ်ယူတင်သွင်း၍ နေကြသည်။

နှစ်သစ်ကူး နွေဦးပွဲတော်ကာလနှင့်အတူ ဝယ်လိုအားပိုလာသည့် အခြေအနေကြောင့်လည်း ဖရဲ၊ သခွားမွှေး စျေးကွက်အတွင်းရှိ Supply Change စျေးကွက်တစ်လျှောက် စိုက်ပျိုးသူမှ တင်ပို့ရောင်းချသူအထိ လုပ်ကိုင်ရာအဆင့်ဆင့်တိုင်းတွင် စျေးကွက်အလားလာကောင်း၍ အကျိုးများစွာဖြစ်ထွန်းစေမည် ဖြစ်သည့်အကြောင်းကို ရေးသားလိုက်ရပေသည်။

ဧပရယ်လ်