【 ဆောင်းပါး 】 တရုတ်နှင့် အခြားနိုင်ငံများ၏ မြန်မာနိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံမှုများ

【 ဆောင်းပါး 】 တရုတ်နှင့် အခြားနိုင်ငံများ၏ မြန်မာနိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံမှုများ

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလတွင် ရန်ကုန်တိုင်းဒေသကြီး၌ ပြည်တွင်း၊ ပြည်ပရင်းနှီးမြှုပ်နှံမှု ၈ ခုဖြင့် အစပျိုးခဲ့သည်။

စက်မှုကဏ္ဍတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၇ ခုနှင့် ဖက်စပ်နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်း (၁) ခုကို အတည်ပြုပေးခဲ့သည်ဟု ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီမှ ဖော်ပြခဲ့သည်။ရင်းနှီးမြှုပ်နှံမှု မတည်ငွေရင်းပမာဏမှာ အမေရိကန်ဒေါ်လာ ၆ ဒသမ ၃၉၉ သန်းဖြစ်ကြောင်း ဖော်ပြထားသည်။

၂၀၂၃ - ၂၀၂၄ ဘဏ္ဍာနှစ် ဧပြီလမှ ဒီဇင်ဘာလအထိ  နိုင်ငံခြားသားရင်းနှီးမြုပ်နှံမှုပမာဏ စုစုပေါင်း အမေရိကန်ဒေါ်လာ သန်းပေါင်း ၆၀၂ ဒသမ ၂၃၄ သန်း ဝင်ရောက်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနမှ ထုတ်ပြန်ခဲ့သည်။

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများထဲတွင် လယ်ယာစိုက်ပျိုးရေးကဏ္ဍ၊ မွေးမြူရေးနှင့် ရေလုပ်ငန်း၊ ကုန်ထုတ်လုပ်မှုလုပ်ငန်း၊ စွမ်းအင်ကဏ္ဍ၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးလုပ်ငန်း၊ အိမ်ခြံမြေလုပ်ငန်းများနှင့် ဝန်ဆောင်မှုကဏ္ဍများတွင် ရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်ကြောင်း သိရသည်။

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၁၇ ရက်နေ့က  ကုလသမဂ္ဂ ကုန်သွယ်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှုညီလာခံမှ ထုတ်ပြန်ခဲ့သော ကမ္ဘာ့ရင်းနှီးမြှုပ်နှံမှုလမ်းကြောင်းများ စောင့်ကြည့်ခြင်း အစီရင်ခံစာ (Global Investment Trend Monitor) ၌  ဖွံ့ဖြိုးဆဲနိုင်ငံများ၌ ၂၀၂၃ ခုနှစ်အတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုသည် ၉ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။

ကမ္ဘာတစ်ဝန်း ရင်းနှီးမြှုပ်နှံမှုများ ကျဆင်းခြင်းများထဲ၌ အာရှဒေသရှိ ဖွံ့ဖြိုးဆဲနိုင်ငံများက ၁၂ ရာခိုင်နှုန်းဖြင့် အများဆုံးကျဆင်းပြီး အာဖရိက၊ လက်တင်အမေရိကနှင့် ကာရေဘီယံတို့ရှိ ဖွံ့ဖြိုးဆဲနိုင်ငံများတွင် တည်ငြိမ်ခဲ့ကြောင်း ဖော်ပြခဲ့သည်။ထိုအထဲတွင် ကမ္ဘာ့ထိပ်တန်းနိုင်ငံများလည်း ပါဝင်ခဲ့သည်။

တရုတ်နိုင်ငံသည် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ၆ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး လုပ်ငန်းအသစ်တွင် ၈ ရာခိုင်နှုန်း တိုးတက်ခဲ့ကြောင်း ဖော်ပြထားသည်။အိန္ဒိယနိုင်ငံသည် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ၄၇ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး အာဆီယံနိုင်ငံများသည် ၁၆ ရာခိုင်နှုန်း ကျဆင်းခဲ့သည်။

သို့သော် ဗီယက်နမ်၊ ထိုင်း၊ အင်ဒိုနီးရှား၊ မလေးရှား၊ ဖိလစ်ပိုင်နှင့် ကမ္ဘောဒီးယားနိုင်ငံတို့တွင် လုပ်ငန်းအသစ် ရင်းနှီးမြှုပ်နှံက ၃၇ ရာခိုင်နှုန်း တိုးတက်ခဲ့ပြီး မြန်မာ၊ လာအို၊ စင်ကာပူ၊ ဘရူနိုင်းနိုင်ငံတို့ မပါဝင်ခဲ့ပေ။ ၂၀၂၄ ခုနှစ်ထဲတွင် နိုင်ငံတကာ၌ ပထဝီနိုင်ငံရေးအခြေအနေများ၊ နိုင်ငံအများစု၏ ကြွေးမြီပြဿနာများကြောင့် ကမ္ဘာ့ရင်းနှီးမြှုပ်နှံမှုအခြေအနေများ မကောင်းမွန်နိုင်သေးကြောင်း ဖော်ပြထားသည်။

မြန်မာနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုသည် စီးပွားရေးအပြောင်းအလဲကာလသို့ ရောက်ရှိလာသော ၂၀၁၁-၂၀၁၂ ခုနှစ်မှစ၍ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ တိုးတက်လာခဲ့သည်။ ၂၀၁၂- ၂၀၁၃ ခုနှစ်၊ ဘဏ္ဍာနှစ်တွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများသည် ၅ ရာခိုင်နှုန်းရှိခဲ့ရာမှ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ၁၃ ရာခိုင်နှုန်းသို့ တိုးတက်လာခဲ့ကြောင်း OECD Investment Policy စာတမ်းတွင် ဖော်ပြခဲ့သည်။

ကုန်ထုတ်လုပ်မှုကဏ္ဍတွင် ၂၀၁၅ ခုနှစ်က ၉ ရာခိုင်နှုန်းရှိခဲ့ရာမှ ၂၀၁၉ ခုနှစ်တွင် ၁၅ ရာခိုင်နှုန်းခန့် တိုးတက်လာခဲ့သည်။သီလဝါအထူးစီးပွားရေးဇုန်ရှိ ကုန်ထုတ်လုပ်မှုကဏ္ဍတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ အထူးများပြားပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုစုစုပေါင်း၏ ၈၀ ရာခိုင်နှုန်းခန့်ရှိသည်။ကိုဗစ်ကာလနောက်ပိုင်းမှ စ၍ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ လျော့ကျခဲ့သည်။

နိုင်ငံအလိုက် ရင်းနှီးမြှုပ်နှံမှုများတွင် စင်ကာပူနိုင်ငံ၊ တရုတ်နိုင်ငံ၊ တရုတ်အထူးအုပ်ချုပ်ရေးဒေသဖြစ်သည့် ဟောင်ကောင်နှင့် ထိုင်းနိုင်ငံတို့က  အများဆုံးဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။

အဆိုပါဦးစီးဌာနမှ ထုတ်ပြန်သော စာရင်းများအရ နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံထားသည့် နိုင်ငံများတွင် ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၃၁ ရက်အထိ စင်ကာပူနိုင်ငံမှ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းပေါင်း ၃၃၀ ခု ရှိပြီး ပမာဏအားဖြင့် အမေရိကန်ဒေါ်လာ ၂၁၄၄၂ ဒသမ ၅၈၉ သန်း၊ တရုတ်နိုင်ငံမှ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းပေါင်း ၅၄၃ ခုရှိပြီး ပမာဏအားဖြင့် အမေရိကန်ဒေါ်လာ ၁၈၈၇၃ ဒသမ ၀၁၇ သန်း၊ ဟောင်ကောင်ဒေသမှ ၂၆၁ ခုရှိပြီး ပမာဏအားဖြင့် အမေရိကန်ဒေါ်လာ ၉၈၈၈ ဒသမ ၁၃၃ သန်းရှိကြောင်း ဖော်ပြထားသည်။

အခြားရင်းနှီးမြှုပ်နှံရှိသည့် နိုင်ငံများတွင် ထိုင်းနိုင်ငံ၊ တောင်ကိုရီးယား၊ ဂျပန်၊ မလေးရှား၊ နယ်သာလန်၊ အိန္ဒိယနိုင်ငံ အစရှိသည့် နိုင်ငံများစွာပါဝင်ပြီး ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၃၁ ရက်အထိ စုစုပေါင်း ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းပေါင်း ၁၈၄၇ ရှိပြီး ရင်းနှီးမြှုပ်နှံမှုပမာဏစုစုပေါင်း ၇၃၂၅၇ ဒသမ ၁၁၇ သန်းရှိကြောင်း ဖော်ပြထားသည်။

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလကုန်အထိ မြန်မာနိုင်ငံ၌ ရင်းနှီးမြှုပ်နှံထားသည့် နိုင်ငံ၊ ဒေသပေါင်း ၅၂ခု ရှိပြီး ၎င်းနိုင်ငံများထဲတွင် စင်ကာပူနိုင်ငံ၊ တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံတို့က အများဆုံးဖြစ်ကြောင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ သိရသည်။ကဏ္ဍအလိုက် နိုင်ငံခြားရင်းနှီးမြှပ်နှံမှုများတွင် စီးပွားရေးကဏ္ဍ ၁၂ ခုထဲမှ စွမ်းအင်ကဏ္ဍ၊ ရေနံနှင့် သဘာဝဓာတ်ငွေ့ကဏ္ဍ၊ စက်မှုကဏ္ဍတို့က အများဆုံးဖြစ်ကြောင်း သိရသည်။

တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၌ ရင်းနှီးမြှုပ်နှံမှုအများဆုံး နိုင်ငံများထဲမှ တစ်နိုင်ငံဖြစ်ပြီး ၁၉၈၈-၁၉၈၉ ခုနှစ်ဝန်းကျင်မှ ၂၀၂၃ ခုနှစ်အထိ တရုတ်ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းပေါင်း ၆၁၆ ခုရှိကြောင်း သိရသည်။

၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ဧပြီလမှ ဒီဇင်ဘာလကုန်အထိ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ၌ လယ်ယာစိုက်ပျိုးရေးကဏ္ဍတွင် ရင်းနှီးမြှပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ ၂ ဒသမ ၇၅၈ သန်း၊ မွေးမြူရေးနှင့် ရေလုပ်ငန်းကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုပမာဏ၂၃ ဒသမ ၄၆၉ သန်း၊ ကုန်ထုတ်လုပ်မှုကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုပမာဏ ၁၁၂ ဒသမ ၃၂၀ သန်း၊ စွမ်းအင်ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုပမာဏ ၃၇၄ ဒသမ ၅၂၅ သန်း၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ် ၇၇ ဒသမ ၈၂၀ သန်း၊ အိမ်ခြံမြေကဏ္ဍတွင် ရင်းနှီးမြုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ ၁၀ ဒသမ ၅၃၃ သန်း၊ ဝန်ဆောင်မှုကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ သုည ဒသမ ၈၀၉ သန်း ဝင်ရောက်ထားကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန (DICA) မှ ထုတ်ပြန်ထားသည်။

အဆိုပါဘဏ္ဍာနှစ်ထဲတွင် သတ္တုတွင်းကဏ္ဍ၊ ရေနံနှင့် သဘာဝဓာတ်ငွေ့ကဏ္ဍ၊ ဆောက်လုပ်ရေးကဏ္ဍ၊ ဟိုတယ်နှင့် ခရီးသွားလာရေးကဏ္ဍနှင့် စက်မှုဇုန်များ၌ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဝင်ရောက်ခြင်းမရှိကြောင်း သိရသည်။

လက်ရှိတွင် သီလဝါအထူးစီးပွားရေးဇုန်၌ တရုတ်နိုင်ငံမှ အထည်ချုပ်လုပ်ငန်းတစ်ခုသာ ဝင်ရောက်ကြောင်း သိရသည်။

သီလဝါအထူးစီးပွားရေးဇုန်တွင် ၂၀၂၃ ခုနှစ် နိုဝင်ဘာလအထိ ရင်းနှီးမြှုပ်နှံမှု နိုင်ငံပေါင်း ၂၁ နိုင်ငံ၊ ကုမ္ပဏီပေါင်း ၁၁၄ ခု၊ ရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ၂ ဒသမ ၁ ဘီလီယံရှိကြောင်း သိရသည်။

နိုင်ငံတကာတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို ပုံစံအမျိုးမျိုးဖြင့် ဆွဲဆောင်နေကြပြီး အထူးသဖြင့် အိမ်နီးချင်း တရုတ်နိုင်ငံတွင် ရင်းနှီးမြှုပ်နှံသူများ ဗဟိုပြု အရင်းအနီးဈေးကွက်တစ်ခုကို တည်ထောင်ရန် ကြိုးစားနေကြသည်။

တရုတ်နိုင်ငံသည် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို ပိုမိုခိုင်မာစေသော မူဝါဒအစီအမံများဖြင့် ချမှတ်သွားမည်ဟု ကြေညာထားပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအတွက် Negative Lists စာရင်းများကို လျှော့ချသွားရန် စီစဉ်နေကြသည်။တရုတ်ပြည်မကြီးရှိ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများသည် တစ်နှစ်ထက် တစ်နှစ် ၂ ဒသမ ၂ ရာခိုင်နှုန်း တိုးတက်လာသည်ဟု သိရသည်။

မြန်မာနိုင်ငံအနေဖြင့် ပဋိပက္ခနှင့် စိန်ခေါ်မှုများရှိနေပြီး ကမ္ဘာ့ဘဏ်၏ ဒီဇင်ဘာလအတွင်းက ထုတ်ပြန်ခဲ့သည့် စစ်တမ်းအရ မြန်မာနိုင်ငံ၏ စီးပွားရေးတိုးတက်မှုနှုန်း နှေးကွေးနေဦးမည့်အပြင် ၂၀၂၅ ခုနှစ်တွင် စိုက်ပျိုးရေး၊ ကုန်ထုတ်လုပ်ရေးနှင့် ကုန်သွယ်မှုကဏ္ဍတို့တွင် နှေးကွေးကြန့်ကြာမှုများ ဆက်လက်ကျယ်ပြန့်လာနိုင်သည်ဟု ထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံ၏ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများသည် အာဆီယံနိုင်ငံများထက် နိမ့်ကျနေဆဲအခြေအနေ ဖြစ်နေပါသေးသည်။

အမွန်