【 ပြည်တွင်း 】 MOU လုပ်သားများကို ရန်ကုန်-ဒွန်မောင်း လေကြောင်းဖြင့် စတင်စေလွှတ်မည်

【 ပြည်တွင်း 】 MOU လုပ်သားများကို ရန်ကုန်-ဒွန်မောင်း လေကြောင်းဖြင့် စတင်စေလွှတ်မည်

ရန်ကုန်၊ ဧပြီ - ၁၃
 
ထိုင်းနိုင်ငံသို့ MOU စနစ်ဖြင့် သွားရောက်လုပ်ကိုင်မည့် မြန်မာလုပ်သားများကို လာမယ့်ဧပြီလကုန်ပိုင်းကစ၍ ရန်ကုန်-ဒွန်မောင်း လေကြောင်းခရီးဖြင့် စေလွှတ်မည်ဖြစ်ကြောင်း ပြည်ပအလုပ်အကိုင်ဝန်ဆောင်မှုလုပ်ငန်းရှင်များထံမှ သိရပါတယ်။
 
ယခင်က ထိုင်းနိုင်ငံသို့ အလုပ်သမားစေလွှတ်ရာတွင် နယ်စပ်လမ်းကြောင်းမှ စေလွှတ်မှုများရှိနေသော်လည်း လက်ရှိတွင် မြဝတီလမ်းပိုင်းမှာ လုံးဝသွားလာ၍မရတော့သည့် အခြေအနေဖြင့် ကြုံနေရခြင်းဖြစ်ကြောင်း သိရပါတယ်။
 
“ပြီးခဲ့တဲ့တစ်ပတ်က အလုပ်သမားတွေကို နယ်စပ်ကနေ ထိုင်းနိုင်ငံကို ပို့ဖို့ စီစဉ်တာ လမ်းတစ်ဝက်ကတင် လှည့်ပြန်လာရတယ်။နယ်မြေအခြေနေအရ လမ်းကြောင်းက ဘယ်လိုမှဖြတ်လို့မရဘူး။အခုတော့ လေကြောင်းကနေပဲ လွှတ်ဖို့ စီစဉ်နေရတယ်” လို့ ပြည်ပအလုပ်အကိုင်ဝန်ဆောင်မှု လုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။
 
MOU လုပ်သားများအား ရန်ကုန်-ဒွန်မောင်း လေကြောင်းဖြင့် စေလွှတ်ရန် နှစ်နိုင်ငံညှိနှိုင်းဆွေးနွေးနေခဲ့ကြသည်မှာ ၁ နှစ်ကျော်ခန့်ရှိနေပြီး လက်ရှိတွင် မြဝတီလမ်းပိုင်းမှာ လုံးဝသွားလာ၍ မရတော့သည့်အတွက်ကြောင့် ယခုကဲ့သို့ စေလွှတ်ရေး လုပ်ငန်းစဉ် ဖြစ်မြောက်သွားခြင်းဖြစ်တယ်လို့ သိရပါတယ်။
 
လင်းလင်း