【 ပြည်တွင်း 】 ဧရာဝတီမြစ်ထဲ စုပ်ခွက်ငါးတွေ တစ်ကျော့ပြန်တွေ့လာလို့ ရေလုပ်သားတွေ အခက်တွေ့နေ

【 ပြည်တွင်း 】 ဧရာဝတီမြစ်ထဲ စုပ်ခွက်ငါးတွေ တစ်ကျော့ပြန်တွေ့လာလို့ ရေလုပ်သားတွေ အခက်တွေ့နေ

မန္တလေး၊ ဧပြီ - ၂၃

ဧရာဝတီမြစ်ထဲ စုပ်ခွက်ငါးတွေ တစ်ကျော့ပြန်ရောက်လာကြလို့ ရေလုပ်သား တံငါသည်တွေ အခက်တွေ့နေရကြောင်း စစ်ကိုင်းနဲ့ မန္တလေးမြို့တို့က မြစ်ကမ်းဘေးနဲ့ သဲသောင်တွေပေါ်နေထိုင်ကြသူတွေဆီက သိရပါတယ်။

“(ဇီဝိတဒါန) ငါးလာလွှတ်ကြတဲ့အထဲမှာ စုပ်ခွက်ငါးတချို့ ပါလာတယ် ထင်တယ်၊ ဒီရက်ထဲ မြစ်ထဲမှာ စုပ်ခွက်ငါးတွေ ပြန်တွေ့နေရပြန်တယ်၊ ဒီကောင်တွေရောက်လာပြီး သိပ်မကြာခင်မှာ ငါးရှား (ပါး) တတ်တော့ တံငါသည်တွေ စိတ်ပူပန်နေကြတယ်” လို့ စစ်ကိုင်း-မင်းကွင်း ကားလမ်းအနီး၊ ဧရာဝတီမြစ်ကမ်းဘေးနေထိုင်သူတစ်ဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ဧပြီလ ၁၉ ရက်နေ့လောက်စပြီး  စစ်ကိုင်းတံတားနှစ်စင်း (တံတားဟောင်း အင်းဝတံတားနဲ့ ဧရာဝတီမြစ်ကူးတံတား-ရတနာပုံ) အကြား ဧရာဝတီမြစ်အတွင်း တွေ့နေရတာဖြစ်ပြီး ဒီကနေ့အထိ အကောင်ရေ ရာနဲ့ချီ တွေ့နေရတယ်လို့ သိရပါတယ်။

“ဒီဘက်ကမ်း (မန္တလေး) မှာက သိပ်များများစားစား မတွေ့ရဘူး၊ စစ်ကိုင်းဘက်ကမ်းက တံငါသည်တွေတော့ နေ့တိုင်းလိုလို တွေ့နေရတယ်လို့ ပြောတာပဲ၊ ပိုက်တစ်ခါတင်တိုင်း လေးငါးဆယ်ကောင်ပါတယ်၊ အကောင်ရေ ရာနဲ့ချီနေပြီ တွေ့ရတာ” လို့ မန္တလေး၊ အမရပူရမြို့နယ်၊ ရွှေကြက်ယက်တိုက်နယ်အုပ်စုမှ ဒေသခံတစ်ဦးက ပြောပါတယ်။

ဒီစုပ်ခွက်ငါးတွေ တွေ့ရမှုနဲ့ပတ်သက်လို့ ဘယ်လိုက ဘယ်လိုရောက်လာတယ်ဆိုတာ အခုအထိ အတည်မပြုနိုင်သေးပေမယ့်လည်း ပြီးခဲ့တဲ့ မြန်မာနှစ်ဆန်းတစ်ရက်နေ့က ငါးဘေးမဲ့လွှတ်ပြီးနောက်ပိုင်းမှာ တွေ့ရတာလို့ ဒေသခံတွေဘက်က ပြောဆိုနေကြပါတယ်။

တောင်အမရိကဇာတိ ငါးမျိုးရင်းဖြစ်တဲ့ စုပ်ခွက်ငါးတွေဟာ မြန်မာနိုင်ငံကို အလှမွေးငါးအဖြစ်ရောက်ရှိခဲ့ရာမှ တချို့က အဲဒီငါးတွေကို မြစ်ချောင်းအင်းအိုင်တွေထဲ စွန့်ပစ်ရာကနေ ပွားများလာတာလို့ ဆိုကြပါတယ်။

“သူတို့က သဘာ၀အတိုင်းရောက်လာတာတွေတော့ မဟုတ်ဘူးဗျ၊ ရေညှိတွေ အညစ်အကြေးတွေကို စားပေးတယ်ဆိုတဲ့ အချက်ကြောင့် ငါးမွေးကန်တွေမှာ သန့်ရှင်းရေးအတွက် မွေးကြရာကနေ နိုင်ငံထဲရောက်လာကြတာ၊ သူ့အကြေးခွံနဲ့ ဆူးတောင်တွေက မာလွန်းလို့ တခြားအသားစားငါးတွေတောင် သူ့ကိုမစားနိုင်ဘူး၊ သူကတော့ အကုန်စားတယ်၊ ဒေသမျိုးရင်းငါးတွေအပြင်၊ ရေအောက်အပင်တွေနဲ့ အင်းဆက်တွေကိုပါ မျိုးသုဉ်းပျောက်လုနီးပါးဖြစ်အောင် စားတယ်” လို့ မြန်မာနိုင်ငံငါးလုပ်ငန်းဦးစီးဌာနမှာ အလုပ်-လုပ်ခဲ့ဖူးတဲ့ ဝန်ထမ်းတစ်ဦးက ပြောပြပါတယ်။

စုပ်ခွက်ငါးတွေဟာ အစားလည်းကျူး၊ မျိုးပွားနှုန်းကလည်းမြန်ပြီး၊ ဂေဟစနစ်ကို ပျက်စီးစေတာကြောင့် ရေလုပ်သားတွေကို ဒုက္ခပေးနေတဲ့ ငါးမျိုးဖြစ်တယ်လို့လည်း သိရပါတယ်။

“စုပ်ခွက်ငါး၊ ဒေါင်းငါး၊ ငါးခူ၊ တီလာဗီးယား/ဂျပန်ငါး၊ မိချောင်းငါး၊ ရေချိုငါးမုတ် စတာတွေက ကျူးကျော်မျိုးစိတ်ထဲ ပါတယ်၊ အဲဒီငါးတွေက ရေလုပ်သားတွေကို ဒုက္ခပေးသလို ဂေဟစနစ်ကိုလည်း ပျက်စီးစေတယ်၊ အဲဒီအထဲမှာ စုပ်ခွက်ငါးက အဆိုးဆုံးပဲ၊ တချို့နိုင်ငံတွေမှာ မကောင်းဆိုးဝါးငါးလို့တောင် ခေါ်ကြတယ်၊ စုပ်ခွက်ငါးတွေကို မြစ်ချောင်းအင်းအိုင်ထဲ မလွှတ်ဖို့ ကျွန်တော်တို့ အမြဲ ပညာပေးတွေလုပ်ခဲ့ပေမယ့် သိပ်အဆင်မပြေခဲ့ပါဘူး” လို့လည်း ၎င်းကဆိုပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့က ရဟန်းတစ်ပါး ဦးဆောင်ပြီး ဧရာ၀တီမြစ်အတွင်း စုပ်ခွက်ငါး အကောင်ရေ ၂၀၀၀ ကျော် ဘေးမဲ့လွှတ်ခဲ့တဲ့ ဖြစ်ရပ်တစ်ခုလည်း ရှိခဲ့ဖူးပါတယ်။

ဖြူလုံး