【 ပြည်တွင်း 】 အထူးဇုန်များဖြင့် ဆီထွက်သီးနှံ ဧကသုံးသန်း စိုက်ပျိုးဖို့ လုပ်ဆောင်နေ

【 ပြည်တွင်း 】 အထူးဇုန်များဖြင့် ဆီထွက်သီးနှံ ဧကသုံးသန်း စိုက်ပျိုးဖို့ လုပ်ဆောင်နေ

ရန်ကုန်၊ ဧပြီ - ၂၄

ပြည်တွင်းမှာ စိုက်ပျိုးနေတဲ့ ဆီထွက်သီးနှံတွေထဲက အထူးဇုန်တွေအဖြစ်နဲ့ ဧကသုံးသန်း စိုက်ပျိုးဖို့ လုပ်ဆောင်နေပြီး လတ်တလောမှာ ဆီထွက်သီးနှံအထူးဇုန် ခုနစ်ခုကို စတင်သတ်မှတ် ဆောင်ရွက်နေတယ်လို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနမှ သိရပါတယ်။

အဆိုပါဆီထွက်သီးနှံအထူးဇုန် ခုနစ်ခုကို မြေပဲ၊ နှမ်း၊ နေကြာ အဓိကစိုက်ပျိုးတဲ့ နေပြည်တော်၊ မကွေး၊ မန္တလေး၊ ဧရာဝတီနဲ့ ရှမ်းပြည်နယ်တို့မှာ စတင်သတ်မှတ်ထားပြီး ဆီထွက်သီးနှံ စိုက်ပျိုးတဲ့ တောင်သူတွေကိုလည်း မြေဆီလွှာပညာရှင်တွေအပါအဝင် မျိုးစေ့ပိုင်းဆိုင်ရာ ပညာရှင်တွေ၊ ပိုးမွှားရောဂါကာကွယ်ရေးဆိုင်ရာ ပညာရှင်တွေ ပါဝင်တဲ့ အဖွဲ့တွေက ဒေသအလိုက် အသိပညာပေးတဲ့ လုပ်ငန်းတွေကို ယခု ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်ထဲမှာ လုပ်ဆောင်သွားဖို့ စီစဉ်ထားကြတယ်လို့ သိရပါတယ်။

မြန်မာတစ်နိုင်ငံလုံးမှာ ဆီထွက်သီးနှံ စိုက်ပျိုးမှု ဧက ၈ ဒသမ ၃သန်းခန့်ရှိနေပြီး ယင်းအနက်မှ ဧကသုံးသန်းကို ဆီထွက်သီးနှံအထူးဇုန်တွေအနေနဲ့ စိုက်ပျိုးလုပ်ဆောင်သွားဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။

လင်းလင်း