【 ပြည်တွင်း 】 သင်္ကြန်တွင်း YBS ယာဉ်လိုင်းပေါင်း (၃၀) ကျော်မှ စီးရေ ၂၈၀၀ ဝန်းကျင် ရပ်နားမည်

【 ပြည်တွင်း 】 သင်္ကြန်တွင်း YBS ယာဉ်လိုင်းပေါင်း (၃၀) ကျော်မှ စီးရေ ၂၈၀၀ ဝန်းကျင် ရပ်နားမည်

ရန်ကုန်၊ ဧပြီ - ၉

မကြာခင် ကျရောက်လာမယ့် အတာသင်္ကြန်ပွဲတော်ကာလထဲမှာ ရန်ကုန်မြို့တွင်း သွားလာမယ့် ခရီးသည်တွေ အဆင်ပြေ ချောမွေ့စွာ သွားလာနိုင်ဖို့အတွက် YBS ယာဉ်လိုင်းပေါင်း (၃၀) ကျော်မှ စီးရေ ၂၈၀၀ ဝန်းကျင်ရပ်နား၍ စီးရေ ၁၀၀၀ ဝန်းကျင်ဖြင့် ပြေးဆွဲနိုင်ဖို့ စီစဉ်နေတယ်လို့ ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေး ကြီးကြပ်မှု ကော်မတီ (YRTC) ရဲ့ စာရင်းတွေအရ သိရပါတယ်။

သင်္ကြန်ကာလထဲ ရပ်နားမယ့် ယာဉ်လိုင်းအများစုဟာ ဧပြီ ၁၃ ရက်မှ ၁၆ ရက်အထိ ရပ်နားကြပြီး အချို့မှာ ဧပြီ ၁၇ ရက်အထိ ရပ်နားတာမျိုးလည်းရှိသလို မြို့တွင်းပတ်တဲ့ ယာဉ်လိုင်းတွေအပါအဝင် ယာဉ်လိုင်းပေါင်း ၄၀ ဝန်းကျင်လောက် ရပ်နားဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။

“သင်္ကြန်အကြိုနေ့အထိ ပြေးဆွဲမယ့် ယာဉ်လိုင်းတွေရှိသလို တချို့ကျတော့လည်း နှစ်ဆန်းတစ်ရက်နေ့အထိ ရပ်နားမယ့် ယာဉ်လိုင်းတွေလည်းရှိတယ်၊ နှစ်ဆန်းတစ်ရက်နေ့မှာ အခမဲ့ပြေးဆွဲပေးမယ့် လိုင်းတွေလည်းရှိတယ်” လို့ ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေး ကြီးကြပ်မှု ကော်မတီ (YRTC) ရဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ဧပြီ ၁၃ ရက်မှ ၁၆ ရက်အထိ YBS ယာဉ်လိုင်းများဖြစ်တဲ့ ၂၊ ၃၊ ၄၊ ၇၊ ၈၊ ၁၀၊ ၁၁၊ ၁၅၊ ၂၄၊ ၂၆၊ ၂၈၊ ၂၉၊ ၃၆၊ ၅၈၊ ၅၉၊ ၁၁၀၊ ၁၁၂၊ ၁၁၃၊ ၁၁၄၊ ၁၁၅၊ ၁၁၆၊ ၁၄၁၊ ၁၄၅ စတဲ့ ယာဉ်လိုင်းတွေ၊ YBS ၂၀၊ ၅၆၊ ၈၂၊ ၈၃၊ ၉၈၊ ၉၉၊ Airport-Sule စတဲ့ ယာဉ်လိုင်းတွေဟာ သင်္ကြန်ကာလထဲ ရပ်နားကြမှာဖြစ်သလို YBS ၁၂၊ ၁၃၊ ၁၄၊ ၂၅၊ ၃၀၊ ၃၈၊ ၅၅၊ ၁၁၇၊ ၁၂၈ စတဲ့ ယာဉ်လိုင်းတွေကတော့ ဧပြီ ၁၇ ရက်အထိ ပြေးဆွဲမှု ရပ်နားဖို့ စီစဉ်နေတာဖြစ်တယ်လို့ သိရပါတယ်။

သင်္ကြန်ကာလထဲဖြစ်တဲ့ ဧပြီ ၁၃ ရက်မှာ ယာဉ်စီးရေ ၁၃၀၀ ကျော်၊ ဧပြီ ၁၄ ရက်မှ ဧပြီ ၁၆ ရက်ကာလထဲမှာ ယာဉ်အစီးရေ ၉၃၀ ကျော်ဖြင့် ပြေးဆွဲရန် စီစဉ်ထားသလို ယခင်က တစ်ရက်လျှင် ယာဉ်စီးရေ ၄၄၀၀ ကျော် ပြေးဆွဲနေပေမယ့် လက်ရှိမှာတော့ တစ်ရက်လျှင် ယာဉ်အစီးရေ ၃၈၀၀ ဝန်းကျင်ဖြင့် ပြေးဆွဲနေတယ်လို့ YRTC ရဲ့ စာရင်းတွေအရ သိရပါတယ်။

ရဲထက်