【 ပြည်တွင်း 】 လားရှိုးမှာ တရုတ်နိုင်ငံသားတွေပါဝင်တဲ့ အွန်လိုင်းငွေလိမ်ဂိုဏ်းကို ဖမ်းမိ

【 ပြည်တွင်း 】 လားရှိုးမှာ တရုတ်နိုင်ငံသားတွေပါဝင်တဲ့ အွန်လိုင်းငွေလိမ်ဂိုဏ်းကို ဖမ်းမိ

လားရှိုး၊ ဧပြီ - ၂၄

တရုတ်နိုင်ငံသား ၁၂ ဦး ပါဝင်တဲ့ အွန်လိုင်းငွေလိမ်ဂိုဏ်းကို ဧပြီလ ၂၃ ရက်နေ့ နံနက် ၁၁ နာရီခွဲအချိန်က ရှမ်းပြည် မြောက်ပိုင်း၊ လားရှိုးမြို့မှာ ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။

ရှမ်းပြည် မြောက်ပိုင်း၊ လားရှိုးမြို့၊ ရပ်ကွက် (၁၂)၊ နယ်မြေ (၅)၊ ဝမ်မိုင်လမ်း၊ အိမ်အမှတ် (၅/၃၂) မှာ နံနက် ၁၁ နာရီခွဲက ဝင်ရောက်စစ်ဆေး ရှာဖွေရာမှာ တရုတ်နိုင်ငံသား ၁၂ ဦး  ဦးဆောင်ပါဝင်နေတဲ့ အွန်လိုင်းငွေလိမ်ဂိုဏ်းတစ်ခုကို ဖမ်းဆီးရမိခဲ့တာလို့ သိရပါတယ်။

ဖမ်းဆီးရမိခဲ့သူတွေထဲမှာ တရားမဝင် တရုတ်နိုင်ငံသား ၁၁ ဦးနဲ့ အမျိုးသမီး ၁ ဦး၊ မြန်မာနိုင်ငံသား အမျိုးသား ၈ ဦး၊ အမျိုးသမီး ၄ ဦး၊ စုစုပေါင်း ၂၄ ဦးတို့ပါဝင်ပြီး အွန်လိုင်းလိမ်လည်မှုပြုရာမှာ အသုံးပြုတဲ့ ဖုန်းမျိုးစုံ၊ ကွန်ပျူတာနဲ့ ဆက်စပ်ပစ္စည်းတွေအပါအဝင် အွန်လိုင်းလိမ်လည်မှုပြုဖို့၊ လူကုန်ကူးခံရသူတွေကို ခြိမ်းခြောက်နှိပ်စက်ချိန် အသုံးပြုတဲ့ လက်နက်ခဲယမ်းတွေပါ ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် တရုတ်နိုင်ငံသားတွေဆီက ပွိုင့် ၃၈ ပစ္စတိုတစ်လက်၊ Glock ပစ္စတိုတစ်လက်၊ ပွိုင့် ၃၈ ကျည် ၅ တောင့်၊ ၉ မမ ကျည် ၈ တောင့်၊ Desktop ကွန်ပျုတာ ၁၁ လုံး၊ Laptop ၂ လုံး၊ Adaptor ၁၃ ခု၊ မောက်စ် ၁၄ ခု၊ UPS ၁ လုံး၊  ကီးဘုတ် ၁၈ ခု၊ ပရင်တာ ၁ လုံး၊ ဝိုင်ဖိုင်စက် ၄ လုံး၊ UP3/Starlink ၁ ခု၊ ဖုန်းမျိုးစုံ ၁၃၆ လုံးတို့ကို သိမ်းဆည်းရမိခဲ့တယ်လို့ သတင်းဖော်ပြချက်များအရ သိရပြီး အသေးစိတ်အချက်အလက်တွေကို ဆက်လက်စစ်ဆေးနေတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၅ ရက်ကနေ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၈ ရက်အထိ တရုတ်နိုင်ငံသား ၄၈,၈၀၃ ဦး ၊ ဗီယမ်နမ်နိုင်ငံသား ၁၀၇၁ ဦး၊ ထိုင်းနိုင်ငံသား ၅၃၇ ဦး၊ မလေးရှားနိုင်ငံသား ၁၃၃ ဦး၊ ကိုရီး ယားနိုင်ငံသား ၂၀ ဦးနဲ့ လာအိုနိုင်ငံသား ၁၈ ဦးတို့အပါအဝင် နိုင်ငံခြားသားစုစုပေါင်း ၅၀,၆၁၉ ဦးကို တာဝန်ရှိသူ တွေက စီစစ်ဖော်ထုတ်ပြီး ဥပဒေနဲ့အညီ လိုအပ်တဲ့ စီစစ်ခြင်းတွေကို ဆောင်ရွက်ပြီး သက်ဆိုင်ရာနိုင်ငံတွေက တာဝန်ရှိသူတွေကို ပြန်လည်လွှဲပြောင်းပေးအပ်တာတွေ  ဆောင်ရွက်ခဲ့တယ်လို့ သိရပါတယ်။

နေနေ
Photo - လူမှုကွန်ရက်