【 ပြည်တွင်း 】 ရွှေပန်းတိမ်ဆိုင် ဓားပြတိုက်အဖွဲ့ကို ဖမ်းမိပြီဟု သတင်းထုတ်ပြန်

【 ပြည်တွင်း 】 ရွှေပန်းတိမ်ဆိုင် ဓားပြတိုက်အဖွဲ့ကို ဖမ်းမိပြီဟု သတင်းထုတ်ပြန်

မန္တလေး၊ ဧပြီ - ၉

မန္တလေးက လင်းလက်ဝါ ရွှေပန်းတိမ်ဆိုင်ကို ဓားပြတိုက်သွားတဲ့အဖွဲ့ကို ယမန်နေ့ မနက်ပိုင်းက ဖမ်းဆီးရမိလိုက်ပြီဖြစ်ကြောင်း တိုင်းဒေသကြီးရဲတပ်ဖွဲ့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။

“တစ်ယောက်ကို ဖမ်းမိရာကနေ ကွင်းဆက်လိုက်ပြီး၊ တစ်ဖွဲ့လုံး ဖမ်းမိလိုက်တာပါ၊  အားလုံးပေါင်း ခုနစ်ယောက်၊ သုံးယောက်က ကြံရာပါ” လို့ ရဲတပ်ဖွဲ့အသိုက်အဝန်းနဲ့ နီးစပ်တဲ့ သတင်းအရင်းအမြစ်တစ်ဦးက ပြောပါတယ်။

ရွှေပန်းတိမ်ဆိုင်ကို ဓားပြတိုက်ခဲ့သူလေးဦးမှာပါဝင်တဲ့ ပုသိမ်ကြီးမြို့နယ်၊ အောင်သုခရပ်ကွက်နေ မြတ်သူအောင် (အသက် ၂၄ နှစ်) ကို၊ ဧပြီလ ၇ ရက်နေ့ ည ၁၂ နာရီခွဲခန့်မှာ ၎င်းနေအိမ်မှာ ဖမ်းဆီးနိုင်ခဲ့ပြီးနောက် ကွင်းဆက်လိုက်ပြီး ဆက်လက်ဖမ်းဆီးနိုင်ခဲ့တာဖြစ်တယ်လို့ ရဲသတင်းထုတ်ပြန်ချက်အရ သိရပါတယ်။

မြတ်သူအောင်ရဲ့ ထွက်ဆိုချက်အရ၊ ပုသိမ်ကြီးမြို့နယ်နေသူတွေဖြစ်ကြတဲ့ စိုးမိုးဦး (အသက် ၂၄ နှစ်) ကို ယမန်နေ့ ၁ နာရီ ၄၅ မိနစ်ခန့်မှာလည်းကောင်း၊ ညီထူးအောင်(ခ)ညီညီ (အသက် ၂၃ နှစ်) ကို မနက် ၂ နာရီခန့်မှာလည်းကောင်း၊ မျိုးကို(ခ)မျိုးကိုကို(ခ)အားကွေ့ (အသက် ၂၅ နှစ်) ကို မနက် ၂ နာရီ ၁၅ မိနစ်ခန့်မှာလည်းကောင်း၊ ၎င်းတို့ရဲ့ နေအိမ်အသီးသီးမှာ ဖမ်းဆီးနိုင်ခဲ့တာဖြစ်တယ်လို့ ရဲသတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒီဓားပြမှုမှာ ဓားပြတိုက်ဖို့ သတင်းပေးသူကိုလည်း ဖော်ထုတ်နိုင်ခဲ့တယ်လို့လည်း ထုတ်ပြန်ချက်က ဆိုပါတယ်။

ဓားပြတိုက်သူလေးဦးရဲ့ ထွက်ဆိုချက်တွေအရ၊ ဓားပြတိုက်ဖို့ သတင်းပေးသူ အောင်မြေသာစံမြို့နယ်၊ ဌာနေအရှေ့ရပ်ကွက်၊ ဘုရားငါးဆူဝင်းနေ ရွှေပန်းတိမ်လုပ်ကိုင်သူ ကိုကိုနိုင်(ခ)ကိုနိုင် (အသက် ၂၄ နှစ်) ကို၊ မနက် ၉ နာရီ ၁၅ မိနစ်ခန့်မှာလည်းကောင်း၊ ဓားမြတိုက်ရာမှ ရရှိလာတဲ့ ရွှေထည်ပစ္စည်းတွေကို ကော်ခွာခြင်း၊ ရွှေအရည်ကျိုခြင်း ကူညီလုပ်ကိုင်ပေးတဲ့ မင်းမင်းစိုး(ခ)တုတ်ကြီး (အသက် ၂၃ နှစ်၊ ပုသိမ်ကြီးမြို့နယ်၊ နတ်စိမ်းကျေးရွာ) ကို မနက် ၉ နာရီ ၄၀ မိနစ်ခန့်မှာလည်းကောင်း၊ ဓားပြတိုက်ဖို့အတွက် ကိုကိုနိုင်(ခ)ကိုနိုင်အား မြတ်သူအောင်နဲ့ ချိတ်ဆက် တွေ့ဆုံပေးခဲ့တဲ့ ထက်လှိုင်(ခ)ကိုလှိုင်ကြီး (ချမ်းမြသာစည်မြို့နယ်၊ ထွန်တုံးရပ်ကွက်) ကို မနက် ၁၀ နာရီခွဲခန့်မှာလည်းကောင်း ၎င်းတို့ရဲ့ နေအိမ်အသီးသီးမှာပဲ ဖမ်းဆီးနိုင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

၎င်းတို့အားလုံးကို၊ ဓားပြတိုက်ရာမှာ အသုံးပြုခဲ့တဲ့ လိုင်စင်မဲ့ မော်တော်ယာဉ်တစ်စီး၊ သေနတ်တစ်လက်၊ ဓားပြတိုက်ယူခဲ့တဲ့ ရွှေထည်ပစ္စည်းတွေနဲ့အတူ ဖမ်းဆီးရမိခဲ့လို့၊ အောင်မြေသာစံမြို့နယ်မြို့မရဲစခန်း က (ပ) ၅၁/၂၀၂၄ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၉၄/၁၁၄ နဲ့ အမှုဖွင့်ဆောင်ရွက်နေတယ်လို့လည်း ရဲသတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မန္တလေးမြို့မှာ ပြီးခဲ့တဲ့ မတ်လ ၂၈ ရက်နေ့ညနေပိုင်းက အောင်မြေသာစံမြို့နယ်၊ ၂၂ လမ်းနဲ့ ၈၉ လမ်းထောင့်အနီးက လင်းလက်ဝါ ရွှေပန်းတိမ်ဆိုင်ကို လုံခြုံရေးတပ်ဖွဲ့ဝင်များပုံသဏ္ဍာန် အသွင်ယူ ဝတ်ဆင်ထားတဲ့ အမျိုးသားလေးဦး အဖြူရောင် MarkII ကားနဲ့ရောက်လာပြီး ဓားပြတိုက်သွားပါတယ်။

ဧည့်စာရင်းစစ်မယ်ဆိုပြီး နေအိမ်အပေါ်ဆုံးထပ်အထိ ဝင်ရောက်ကာ ရွှေထည်ပစ္စည်း နှစ်ပိဿာခွဲခန့် ကာလတန်ဖိုး (ကျပ်သိန်းတစ်သောင်းကျော်ခန့်) အား ဓားပြတိုက် ယူဆောင်သွားတာလို့ ရဲသတင်းထုတ်ပြန်ချက်အရ သိရပါတယ်။

ဖြူလုံး