【 ပြည်တွင်း 】 ယင်းမာပင်နှင့် ဆားလင်းကြီး၌ စစ်ဘေးရှောင် ၁၅,၀၀၀ ကျော်အထိ တိုးလာဟု ဆို

【 ပြည်တွင်း 】 ယင်းမာပင်နှင့် ဆားလင်းကြီး၌ စစ်ဘေးရှောင် ၁၅,၀၀၀ ကျော်အထိ တိုးလာဟု ဆို

ယင်းမာပင်၊ ဧပြီ - ၈

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်မြို့နယ်နဲ့ ဆားလင်းကြီးမြို့နယ်ထဲမှာ စစ်ဘေးရှောင်နေသူတွေ တိုးလာပြီး လက်ရှိအချိန်တွင် ၁၅,၀၀၀ ကျော်အထိရှိလာတယ်လို့ ကူညီကယ်ဆယ်ရေးလုပ်ဆောင်နေသူတွေဆီက သိရပါတယ်။

မူလက စစ်ဘေးရှောင်သူ ၁၀,၀၀၀ ဝန်းကျင်သာရှိရာမှ ယနေ့(ဧပြီ ၈ ရက်) နံနက်ပိုင်းတွင် နောက်ထပ်ရောက်လာသူများနဲ့ တိုးလာပြီး ၁၅,၇၀၀ ကျော်အထိ ရှိလာတယ်လို့ ဆိုကြပါတယ်။

“ရွာကနေ ပြေးလာရင်း ရောက်လာတာ အခုဆိုရင် ရွာပေါင်း ၂၀ ကျော်လောက်ရှိမယ်၊ တချို့လည်း အခုအထိ မပြန်ရဲသေးလို့ ဒီမှာနေကြတာတွေလည်းရှိတယ်၊ လူကအရမ်းများလာတော့ စားသောက်ဖို့ အခက်အခဲရှိလာတယ်” လို့လည်း ကူညီကယ်ဆယ်ရေးလုပ်ဆောင်နေသူတစ်ဦးက ပြောကြားပါတယ်။

ထို့ကြောင့် ကူညီကယ်ဆယ်ရေးလုပ်ဆောင်နေသူတွေက စစ်ဘေးရှောင်တွေအတွက် ဆန်၊ ဆီနဲ့ ကုန်ခြောက်များကို လှူဒါန်းနိုင်ရန် အလှူခံတာတွေလည်းရှိနေပြီး ယခုလိုအခက်အခဲကြောင့် ရေရှည်မှာ စားနပ်ရိက္ခာအခြေအနေအပေါ် စိုးရိမ်ဖွယ်ရာဖြစ်နေတယ်လို့ သိရပါတယ်။

မတ်လ တတိယပတ်လောက်ကတည်းက စစ်ဘေးရှောင်သူတွေ ရောက်လာကြပြီး လက်ရှိမှာ ဂုဏ်တော၊ ရွာသာ၊ ဒုန်းတော၊ ကျေးစာကျ၊ ပေကုန်း၊ ထန်းတောကြီး၊ ရေကြည်ပင် (၂)၊ မြရိပ်၊ အောင်ချမ်းအေး၊ စည်လှောင်၊ အောင်ချမ်းသာ၊ အေးကုန်း စတဲ့ ရွာတွေက ဒေသခံတွေအများဆုံးရှိနေသလို အခြားရွာတွေက ပြေးလာသူတွေလည်းရှိနေတယ်လို့ သိရပါတယ်။

စီစီ