【 ပြည်တွင်း 】 မန္တလေးမှာ ၂ ရက်ဆက်တိုက် မီးလောင်မှု ၄ ကြိမ်ဖြစ်ခဲ့

【 ပြည်တွင်း 】 မန္တလေးမှာ ၂ ရက်ဆက်တိုက် မီးလောင်မှု ၄ ကြိမ်ဖြစ်ခဲ့

မန္တလေး၊ မတ် - ၂၆

မန္တလေးမြို့မှာ မော်တော်ယာဉ်မီးလောင်မှုသုံးခုအပါအဝင်၊ နှစ်ရက်ဆက်တိုက် မီးလောင်မှုလေးကြိမ် ဖြစ်ပွားခဲ့တယ်လို့ သက်ဆိုင်ရာနယ်မြေမီးသတ်စခန်းတွေဆီကနေ သိရပါတယ်။

“မနေ့က တစ်ရက်တည်းမှာ မီးလောင်မှုသုံးကြိမ်ဖြစ်ခဲ့တယ်၊ ယာဉ်လောင်ကျွမ်းမှုကနှစ်ကြိမ်၊ နေအိမ်လောင်ကျွမ်းမှုကတစ်ကြိမ်၊ ဒီမနက်က အိမ်ရှေ့ရပ်ထားတဲ့ Mark II ကားမီးလောင်တာ၊ အားလုံးပေါင်း နှစ်ရက်အတွင်း လေးကြိမ်၊ လူထိခိုက်သေဆုံးမှုမရှိပါ” လို့ ချမ်းအေးသာစံမြို့နယ် မီးသတ်စခန်းတစ်ခုမှ မီးသတ်တပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

ဒီကနေ့မနက် ၆ နာရီခွဲလောက်က၊ အောင်မြေသာစံမြို့နယ် ၂၅ လမ်း၊ ၆၃ လမ်းနဲ့ ၆၄ လမ်းကြားမှာ၊ နေအိမ်တစ်အိမ်ရှေ့ ရပ်ထားတဲ့ အိမ်စီးကားမီးလောင်မှုအပါအဝင်၊ နှစ်ရက်ဆက်တိုက်၊ မီးလောင်မှုလေးကြိမ် ဖြစ်ပွားခဲ့တာပါ။

“ဘယ်ကစပြီး ဘယ်လိုလောင်တယ်တော့ မသိဘူး၊ အိမ်ရှေ့ရပ်ထားတဲ့ အိမ်စီးကား မီးလောင်တာပါ၊ တခြားကူးစက်မှုမရှိဘူး” လို့ ဒီကနေ့မနက်ပိုင်း အိမ်စီးကားမီးလောင်မှုနဲ့ပတ်သက်ပြီး မီးငြှိမ်းသတ်ရာမှာပါဝင်ခဲ့တဲ့ မီးသတ်တပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

မီးလောင်မှုလေးကြိမ်နဲ့ပတ်သက်လို့ မနေ့က မနက် ၈ နာရီလောက်က အောင်မြေသာစံမြို့နယ်၊ မန္တလေးတောင်ခြေအနီးမှာ ဖြစ်ပွားခဲ့တဲ့ အိမ်စီးကားမီးလောင်မှု၊ ညနေ ၄ နာရီခွဲလောက်က မန္တလေးဆေးရုံကြီးရှေ့၊ ချမ်းအေးသာစံမြို့နယ်၊ လမ်း ၃၀၊ ၇၆ လမ်းနဲ့ ၇၇ လမ်းကြားမှာ ဖြစ်ပွားခဲ့တဲ့ လူနေအိမ်မီးလောင်မှု၊ ညနေ ၆ နာရီလောက်က မဟာအောင်မြေမြို့နယ်၊ ၃၉ လမ်းနဲ့ ၈၄ လမ်းထောင့်မှာ ဖြစ်ပွားခဲ့တဲ့ သုံးဘီးဆိုင်ကယ်မီးလောင်မှုနဲ့ ဒီကနေ့မနက်ပိုင်းဖြစ်ပွားခဲ့တဲ့ အိမ်စီးကားမီးလောင်မှုတို့ဖြစ်တယ်လို့ သက်ဆိုင်ရာနယ်မြေမီးတပ်စခန်းတွေက ထုတ်ပြန်တဲ့ အချက်အလက်တွေအရ သိရပါတယ်။

မော်တော်ယာဉ်မီးလောင်မှုတွေမှာ ယာဉ်ရဲ့ရှေ့ပိုင်း မီးလောင်ပျက်စီးဆုံးရှုံးမှုတွေဖြစ်ခဲ့ပြီး၊ လူနေအိမ်မီးလောင်မှုဖြစ်စဉ်မှာတော့ ဖုန်းအားသွင်းရာကနေ အပူလွန်ကဲမှုကြောင့် မီးလောင်ပြီး နေအိမ်အတွင်းပိုင်းနဲ့ အတွင်းပစ္စည်းတွေ မီးလောင်ဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။

မန္တလေးမြို့မှာ မတ်လ ၁ ရက်နေ့ကနေ ဒီကနေ့ မတ်လ ၂၆ ရက်နေ့အထိ မီး (၂၆) ကြိမ်လောင်ခဲ့ပြီး အသက်သုံးဆယ်ဝန်းကျင် အမျိုးသားတစ်ဦးနဲ့ အသက် ၁၄ နှစ်အရွယ် ကျောင်းသူတစ်ဦး အသက်ဆုံးရှုံးခဲ့ပါတယ်။

ဖြူလုံး
ဓာတ်ပုံ - နှစ်ရက်အတွင်း ကားမီးလောင်မှုနဲ့ နေအိမ်မီးလောင်မှုတို့မှ မှတ်တမ်းဓာတ်ပုံတချို့
Photo Credit - NHML/Than Htay