【 ပြည်တွင်း 】 မန္တလေးမှာ သင်္ကြန်မဏ္ဍပ်တွေ ဆောက်နေပြီ

【 ပြည်တွင်း 】 မန္တလေးမှာ သင်္ကြန်မဏ္ဍပ်တွေ ဆောက်နေပြီ

မန္တလေး၊ ဧပြီ - ၃

မန္တလေးမြို့မှာ ပြီးခဲ့တဲ့ တစ်ရက် နှစ်ရက်လောက်ကစပြီး သင်္ကြန်ရေကစားမဏ္ဍပ်တွေ ဆောက်လုပ်နေပြီဖြစ်ပါတယ်။

“လကုန်ပိုင်းမှာ ဆောက်လုပ်ခွင့်ပြုလို့ မနေ့က တော်တော်များများ စဆောက်နေကြတာဖြစ်တယ်၊ ဗဟိုမဏ္ဍပ်ကတော့ မတ်လ ၂၅ ရက်နေ့လောက်ကတည်းက စဆောက်ပါတယ်” လို့ မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ အခွန်ဌာနနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

ယခုနှစ် မန္တလေးသင်္ကြန်ပွဲတော်မှာ ပါဝင်ဆင်နွှဲကြမယ့် မဏ္ဍပ်တွေကို မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီက အခမဲ့ဆောက်လုပ်ခွင့်ပြုခဲ့ပြီး၊ ကျုံးဘေးပတ်လည်မှာ ဖျော်ဖြေရေးပါဝင်တဲ့ ရေကစားမဏ္ဍပ် ၁၂ ခု၊ ဌာနဆိုင်ရာ ရေကစားမဏ္ဍပ် ၁၄ ခုရှိမှာဖြစ်တယ်လို့ သိရပါတယ်။

“ကျုံးတောင်ဘက်မှာ လမ်းလျှောက်သင်္ကြန်ရှိမယ်၊ လမ်းလျှောက်သင်္ကြန်က မင်္ဂလာမန္တလေးဘက်မှာလည်း စီစဉ်ထားတယ်” လို့လည်း ၎င်းကပြောပါတယ်။
ကျုံးဘေး လမ်းလျှောက်သင်္ကြန်မှာ စတုဒီတာမဏ္ဍပ်ကြီးတစ်ခုလည်း ပါဝင်မှာဖြစ်ပြီး အကြိုနေ့ကနေ အတက်နေ့အထိ စားသောက်ဖွယ်ရာတွေ ကျွေးမွေးဧည့်ခံသွားမှာလို့ သိရပါတယ်။

ဒါ့အပြင် မန္တလေးဈေးချိုတော်မှာ ဖျော်ဖြေရေးပါဝင်တဲ့ ဈေးချိုသူရေကစားမဏ္ဍပ်၊ မင်္ဂလာမန္တလေးမှာ လမ်းလျှောက်သင်္ကြန်နဲ့ ဖျော်ဖြေရေးပါဝင်တဲ့ ရေကစားမဏ္ဍပ်၊ ကမ်းနားလမ်းပေါ် ၂၆ လမ်းကနေ ၃၅ လမ်းအထိ ဖျော်ဖြေရေးပါဝင်တဲ့ ရေကစားမဏ္ဍပ် ၃ ခုအပါအဝင် စတုဒီသာမဏ္ဍပ်တွေလည်း ပါဝင်မှာဖြစ်တယ်လို့လည်း သိရပါတယ်။

မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော်က လာမယ့် ဧပြီလ ၁၃ ရက်နေ့ကနေ ၁၆ ရက်နေ့အထိဖြစ်ပြီး၊ မနှစ်က မန္တလေးသင်္ကြန်ပွဲတော်မှာ ဗဟိုမဏ္ဍပ်နဲ့ မင်္ဂလာမန္တလေးရေကစားမဏ္ဍပ်တို့မှာ လူတိုးမပေါက်အောင် စည်ကားခဲ့တာကို တွေ့ရပါတယ်။

ဖြူလုံး