【 ပြည်တွင်း 】 ပြင်ဦးလွင် စစ်တက္ကသိုလ်အနီး လက်နက်ကြီးကျဟု သတင်းထွက်ပေါ်

【 ပြည်တွင်း 】 ပြင်ဦးလွင် စစ်တက္ကသိုလ်အနီး လက်နက်ကြီးကျဟု သတင်းထွက်ပေါ်

မန္တလေး၊ ဧပြီ - ၈

ပြင်ဦးလွင် စစ်တက္ကသိုလ်အနီးမှာ ဒီကနေ့ မနက်အစောပိုင်းက လက်နက်ကြီးငါးလုံးထက်မနည်း ကျရောက် ပေါက်ကွဲခဲ့တယ်လို့ ဒေသခံတွေဆီက သတင်းရရှိပါတယ်။

“ဒီနေ့ မနက် ၃ နာရီမထိုးခင်လောက်က၊ DSA ဘက်ကနေ ပေါက်ကွဲသံငါးချက်လောက် ကြားခဲ့ရတယ်” လို့ ပြင်ဦးလွင်မြို့နယ် ရပ်ကွက်ကြီး (၁) ထဲ နေထိုင်တဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။

စစ်တက္ကသိုလ်ရဲ့ အနောက်ဘက်မှာ သုံးလုံး၊ အနောက်မြောက်ဘက်မှာ နှစ်လုံး စုစုပေါင်း လက်နက်ကြီးငါးလုံး ကျရောက် ပေါက်ကွဲသံ ကြားခဲ့ရတာဖြစ်ပြီး အဲဒီပေါက်ကွဲသံကို မြို့အဝင် ရပ်ကွက်တိုင်းလိုလိုကနေ ကြားသိခဲ့ကြရတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

လက်နက်ကြီး ကျရောက် ပေါက်ကွဲသံကြားရပြီးနောက် တစ်ဆက်တည်းဆိုသလို စစ်တက္ကသိုလ်ဝင်းထဲကနေ အရေးပေါ်အချက်ပေးသံတွေပါ ကြားခဲ့ရတယ်လို့ သိရပါတယ်။

“ကျွန်တော်တို့ကြားသလောက်တော့ ငါးချက်မကဘူး၊ ပေါက်ကွဲသံတွေကြားပြီးနောက်ပိုင်းမှာ ခရာသံတွေပါ ဆူညံသွားတယ်၊ မြို့ရဲ့ အခုလက်ရှိအခြေအနေကတော့ ပုံမှန်ပါပဲ သွားလာနေကြတာ” လို့လည်း နောက်ထပ်ဒေသခံတစ်ဦးက ပြောပါတယ်။

ဒါပေမဲ့လည်း စစ်တက္ကသိုလ်အနီးဝန်းကျင် ရပ်ကွက်နဲ့ ကျေးရွာတွေကို လုံခြုံရေးတပ်ဖွဲ့က ဧည့်စာရင်းစစ်ဆေးမှုတွေပြုလုပ်နေပြီး ပွေးတောင်၊ ကျောက်တောင် စတဲ့ ကျေးရွာတချို့ကိုတော့ စစ်ကြောင်းထိုးနေတယ်လို့ ဆိုပါတယ်။

ပြင်ဦးလွင်မြို့မှာလည်း ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလနောက်ပိုင်းက တပ်မတော်နည်းပညာတက္ကသိုလ် တိုက်ခိုက်ခံရမှု နှစ်ကြိမ်ဖြစ်ခဲ့ပေမယ့်လည်း စစ်တက္ကသိုလ်အနီး တိုက်ခိုက်ခံရမှုကတော့ ဒါပထမဆုံးအကြိမ်ဖြစ်ပါတယ်။

ဖြူလုံး
ပုံစာ - ပြင်ဦးလွင်မြို့အဝင် မန္တလေး-ပြင်ဦးလွင် ကားလမ်းဘေးက စစ်တက္ကသိုလ် (DSA) အဝင်မုခ်ဦး
Photo - လူမှုကွန်ရက်