【 ပြည်တွင်း 】 ပုသိမ်-မော်တင်လမ်းတွင် ဘုရားဖူးကား ချောက်အတွင်းကျ၍ တစ်ဦးသေဆုံးကာ ၂၀ ဝန်းကျင် ဒဏ်ရာရ

【 ပြည်တွင်း 】 ပုသိမ်-မော်တင်လမ်းတွင် ဘုရားဖူးကား ချောက်အတွင်းကျ၍ တစ်ဦးသေဆုံးကာ ၂၀ ဝန်းကျင် ဒဏ်ရာရ

ပုသိမ်၊ ဧပြီ - ၂၂

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့နယ်ခွဲ၊ ပုသိမ်-မော်တင် ကားလမ်းမှာ ဘုရားဖူးကားတစ်စီး ချောက်အတွင်းကျရာမှ တစ်ဦးသေဆုံးကာ ၂၀ ဦးဝန်းကျင် ဒဏ်ရာရခဲ့တယ်လို့ ဒေသအခြေစိုက် လူမှုကူညီရေးအသင်းတွေဆီက သိရပါတယ်။

အဆိုပါဘုရာဖူးကားဟာ လိုက်ထရပ်အမျိုးအစားလည်းဖြစ်သလို ပုသိမ်-မော်တင် ကားလမ်းရဲ့ ရွာဟောင်းကြီးအနီး ချီပါတောင်နားမှာ ဧပြီ ၂၁ ရက် ည ၈နာရီ ၂၀ မိနစ်ခန့်က အရှိန်လွန်ပြီး ချောက်ထဲကျသွားခဲ့တာလည်းဖြစ်တယ်လို့ သိရပါတယ်။

“ကားပေါ်မှာ လိုက်ပါလာတဲ့သူတွေကလည်း အရမ်းများတယ်၊ အရှိန်မထိန်းနိုင်ဘဲ ကျသွားတာလို့ ယူဆရပါတယ်၊ ကိုရင်တစ်ပါးကတော့ ပျံလွန်တော်မူသွားတယ်၊ ဒဏ်ရာရတဲ့သူ ၂၀ လောက်တော့ရှိတယ်” လို့လည်း သွားရောက်၍ အကူအညီပေးသူတစ်ဦးက ပြောပါတယ်။

ထိုဖြစ်ရပ်အတွင်း အသက် ၇ နှစ်အရွယ် ကိုရင်တစ်ပါး ပျံလွန်တော်မူခဲ့ပြီး ဒဏ်ရာရသူ ၂၀ ဝန်းကျင်မှာ အသက် ၄ နှစ်မှ ၇ နှစ်အရွယ်ဝန်းကျင်ရှိတဲ့ ကလေးသုံးဦးအပါအဝင် ၁၃ ဦးမှာ စိုးရိမ်ရတဲ့ ဒဏ်ရာအခြေအနေမျိုးကို ကြုံရတယ်လို့ ဆိုကြပါတယ်။

ထိုဘုရားဖူးကားပေါ်မှာ အသက် ၆၀ ဝန်းကျင်အရွယ်တွေလည်း လိုက်ပါလာကြပြီး ပွန်းပဲ့ဒဏ်ရာရသူတွေ၊ ကျိုးပဲ့သူတွေလည်းရှိခဲ့သလို ကားပေါ်လိုက်ပါလာတဲ့သူတွေဟာ ရန်ကုန်မြို့၊ ရွှေပြည်သာဘက်မှ နှစ်ဦး၊ ပဲခူး၊ ဘုရားကြီးဘက်မှ ငါးဦးနဲ့ ကျန်အများစုမှာ ကြာအင်းဆိပ်ကြီး တစ်ဖက်ကမ်းရှိ သာမညကျေးရွာမှာ နေထိုင်ကြတဲ့သူတွေပဲဖြစ်တယ်လို့ သိရပါတယ်။

စီစီ
Photo - မြင့်မြတ်ကရုဏာအသင်း