【 ပြည်တွင်း 】 နေပြည်တော်မှာ မိုင်းတပ်ဆင်ထားတဲ့ အဝေးထိန်းကားတစ်စီး တွေ့ရှိ

【 ပြည်တွင်း 】 နေပြည်တော်မှာ မိုင်းတပ်ဆင်ထားတဲ့ အဝေးထိန်းကားတစ်စီး တွေ့ရှိ

နေပြည်တော်၊ ဧပြီ - ၃

နေပြည်တော်ရှိ၊ ဟိုတယ်ဇုန် (၁) ထဲမှာ မိုင်းတွေတပ်ဆင်ပြီး အဝေးထိန်းစနစ်နဲ့ မောင်းနှင်လို့ရအောင် ဖန်တီးထားတဲ့ ကားတစ်စီးတွေ့ရှိမှု ပြီးခဲ့တဲ့ရက်ပိုင်းက ဖြစ်ပွားခဲ့ကြောင်း သတင်းမီဒီယာတွေမှာ ဖော်ပြချက်အရ သိရပါတယ်။

ဖြစ်စဉ်မှာ ဧပြီ ၁ ရက် နေ့လယ် ၁၂ နာရီခွဲအချိန် နေပြည်တော်၊ ဟိုတယ်ဇုန် (၁)၊ Navata ဟိုတယ်ရှေ့မှာ  5F ---- တိုယိုတာ Passo အဖြူရောင်ကားတစ်စီး မသင်္ကာဖွယ်ရာ ရပ်တန့်ထားကြောင်း ဟိုတယ်တာဝန်ခံက သက်ဆိုင်ရာသို့ ဖုန်းဆက် သတင်းပေးခဲ့ပြီးနောက် မိုင်းရှင်းအဖွဲ့ကိုခေါ်ကာ မိုင်းရှင်းလင်းရေးလုပ်ငန်းတွေ လုပ်ခဲ့တယ်လို့တယ်လို့ ဆိုပါတယ်။

အဲဒီကားကို မတ်လ၂၄ ရက်ကတည်းက အဲဒီနေရာမှာ ထားခဲ့တာဖြစ်ပြီး ကားရဲ့ ထိုင်ခုံ ရှေ့ခုံတွေကိုဖြုတ်၍ သစ်သားတွေ တပ်ဆင်ကာ အဝေးထိန်းစနစ် မောင်းနှင်နိုင်တဲ့ ပုံစံပြုလုပ်ထားတာကို တွေ့ရခြင်းဖြစ်တယ်လို့ ဆိုပါတယ်။

၂၀၂၁ ခုနှစ်နောက်ပိုင်းကတည်းက နေပြည်တော်မှာ လုံခြုံရေးတွေ တင်းကျပ်ထားခြင်းဖြစ်ပြီး လက်ရှိမှာလည်း သင်္ကြန်ပွဲ နီးကပ်လာချိန်မှာ လုံခြုံရေးပိုမိုတင်းကျပ်မှုတွေလုပ်နေတာ တွေ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အခုလို မိုင်းတပ်ဆင်ပြီး အဝေးထိန်းစနစ်နဲ့ မောင်းနှင်နိုင်အောင် ဖန်တီးထားတဲ့ ကားတစ်စီးတွေ့ရှိမှုနဲ့ပတ်သက်ပြီး သက်ဆိုင်ရာဘက်က တရားဝင်သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။

အောင်အောင်
Photo - လူမှုကွန်ရက်