【 ပြည်တွင်း 】 တောင်ကြီး-အေးသာယာ အဆင်းလမ်းမှာ တွဲကားတစ်စီး ဘရိတ်ပေါက်၍ ယာဉ်သုံးစီးအား ဆင့်တိုက်မိလို့ လေးဦးသေဆုံးခဲ့

【 ပြည်တွင်း 】 တောင်ကြီး-အေးသာယာ အဆင်းလမ်းမှာ တွဲကားတစ်စီး ဘရိတ်ပေါက်၍ ယာဉ်သုံးစီးအား ဆင့်တိုက်မိလို့ လေးဦးသေဆုံးခဲ့

တောင်ကြီး၊ ဧပြီ - ၈

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့၊ တောင်ကြီး-အေးသာယာ အဆင်းလမ်း၊ ပစောက်ကွေ့အနီး စစ်ဆေးရေးဂိတ်အလွန်နေရာမှာ ကုန်တင်တွဲကားတစ်စီး လမ်းချော်ပြီး ယာဉ်သုံးစီးအပေါ် ဆင့်တိုက်မိတာကြောင့် လူလေးဦးသေဆုံးမှု ယမန်နေ့ ညနေပိုင်းက ဖြစ်ပွားခဲ့ကြောင်း မီးသတ်ဦးစီးဌာနရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ဧပြီလ ၇ ရက်နေ့ ညနေ ၆ နာရီခွဲခန့်မှာ တောင်ကြီး-အေးသာယာ အဆင်းလမ်းတွင် ဒေါင်ဖန်းအမျိုးအစား(၂၂) ဘီးယာဉ်ဟာ ဘရိတ်ပေါက်ပြီး တောင်ကြီး-အေးသာယာ အတက်လမ်းအတိုင်း မောင်းနှင်လာတဲ့ ယာဉ် (၃) စီးကို ဝင်တိုက်မှုဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။

အဆိုပါယာဉ်တိုက်မှုကြောင့် ယာဉ်ပေါ်ပါ အမျိုးသား (၅) ဦး၊ အမျိုးသမီး (၇) ဦး၊ စုစုပေါင်း (၁၂) ဦးအနက် အမျိုးသား (၄) ဦး၊ အမျိုးသမီး (၄) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး၊ အိမ်စီးကားပေါ် လိုက်ပါလာတဲ့ အမျိုးသား (၁) ဦး၊ အမျိုးသမီး (၃) ဦး စုစုပေါင်း (၄) ဦး သေဆုံးသွားခဲ့တာကြောင့် အေးမေတ္တာလူမှုကူညီရေးအသင်းနဲ့ ရွှေညီအကိုလူမှုကူညီရေးအသင်းပိုင် သူနာတင်ယာဉ်များဖြင့် တောင်ကြီးမြို့၊ စပ်စံထွန်းပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

ယာဉ်တိုက်မှုဖြစ်ပွားရာနေရာသို့ ရှမ်းပြည်နယ်မီးသတ်ဦးစီးမှူးရုံးမှ သူနာတင်ယာဉ် (၁) စီး၊ တောင်ကြီးခရိုင်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် (၁) စီး၊ သူနာတင်ယာဉ် (၁) စီးနဲ့ တောင်ကြီးမြို့နယ်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးယာဉ် (၁) စီးတို့အပါအဝင် သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်ခဲ့တယ်လို့ သိရပါတယ်။

ရဲထက်
Photo - မီးသတ်ဦးစီးဌာန