【 ပြည်တွင်း 】 တရုတ် ရန်ပုံငွေဖြင့် ပုဂံရှိ မုန်တိုင်းဒဏ်သင့် ရှေးဟောင်းအဆောက်အအုံများကို ပြုပြင်ထိန်းသိမ်း

【 ပြည်တွင်း 】 တရုတ် ရန်ပုံငွေဖြင့် ပုဂံရှိ မုန်တိုင်းဒဏ်သင့် ရှေးဟောင်းအဆောက်အအုံများကို ပြုပြင်ထိန်းသိမ်း

ညောင်ဦး၊ ဧပြီ - ၂၇

ပုဂံ ကမ္ဘာ့အမွေအနှစ်ဒေသရှိ မိုခါမုန်တိုင်းဒဏ်သင့် ဘုရား၊ စေတီ ၅၀ ဆူကို တရုတ်နိုင်ငံက လှူဒါန်းတဲ့ ရန်ပုံငွေဖြင့် ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန၊ ပုဂံဌာနခွဲမှ သိရပါတယ်။

ပုဂံဒေသတွင် ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် မေလ ၁၃ ရက်မှ ၁၅ ရက်နေ့အထိ မိုခါမုန်တိုင်း တိုက်ခတ်မှုကြောင့် မိုးသည်းထန်စွာရွာသွန်းခဲ့ပြီး (၃) ရက်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ပုဂံ ကမ္ဘာ့အမွေအနှစ်ဒေသရှိ ရှေးဟောင်းအဆောက်အအုံများအနက် (၅၉) ဆူတွင် ထိခိုက်မှုများ ဖြစ်ပေါ်ခဲ့ခြင်းဖြစ်ပါတယ်။

အဆိုပါထိခိုက်မှုရှိခဲ့သည့် (၅၉) ဆူအနက် (၉) ဆူမှာ ဂေါပကရှိသော ရှေးဟောင်းအဆောက်အအုံများဖြစ်သဖြင့် ဂေါပကရန်ပုံငွေဖြင့်လည်းကောင်း၊ (၅၀) ဆူမှာ တရုတ်ပြည်သူ့သမ္မတနိုင်ငံက လှူဒါန်းခဲ့သည့် ရန်ပုံငွေဖြင့်လည်းကောင်း ဌာန၏ အဆင့်ဆင့်စီမံခန့်ခွဲ ကြီးကြပ်မှုဖြင့် ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ ခြင်းဖြစ်တယ်လို့ သိရပါတယ်။

ပုဂံ ကမ္ဘာ့အမွေအနှစ်ဒေသရှိ ရှေးဟောင်းအဆောက်အအုံများအား ပြုပြင်ထိန်းသိမ်းရာတွင် မူလလက်ရာနှင့် မူလစံတန်ဖိုးများ ထိခိုက်ပျက်ယွင်းမှု မရှိစေရေး UNESCO Guideline, Conservation Guideline ပြုပြင်ထိန်းသိမ်းရေး စံနှုန်းများနှင့်အညီ ဆောင်ရွက်ခဲ့ခြင်းဖြစ်တယ်လို့ ဆိုပါတယ်။

အဆိုပါရှေးဟောင်းအဆောက်အအုံ (၅၉) ဆူ ပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်းများကို ၂၀၂၃ ခုနှစ် မေလ ၂၀ ရက်နေ့မှ စတင်၍ ဆောင်ရွက်ခဲ့ရာ ၂၀၂၃ ခုနှစ် ဇူလိုင်လ၃၀ ရက်နေ့တွင် လုပ်ငန်းများအား (၁၀၀) ရာခိုင်နှုန်း ဆောင်ရွက်နိုင်ခဲ့ပြီးဖြစ်တယ်လို့ သိရပါတယ်။

Photo - Bagan Arch