【 ပြည်တွင်း 】 တစ်နှစ်အတွင်း ပင်လယ်ရေကြောင်းမှ ကန်ဒေါ်လာ သန်း ၂၂,၀၀၀ ကျော်တန်ဖိုး ကုန်သွယ်မှုပြုလုပ်ခဲ့

【 ပြည်တွင်း 】 တစ်နှစ်အတွင်း ပင်လယ်ရေကြောင်းမှ ကန်ဒေါ်လာ သန်း ၂၂,၀၀၀ ကျော်တန်ဖိုး ကုန်သွယ်မှုပြုလုပ်ခဲ့

ရန်ကုန်၊ ဧပြီ - ၁၄
 
၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တစ်နှစ်အတွင်း ပင်လယ်ရေကြောင်းမှတစ်ဆင့် ကန်ဒေါ်လာ သန်း ၂၂,၀၀၀ ကျော်တန်ဖိုး ကုန်သွယ်မှုပြုလုပ်ခဲ့ကြောင်း ထုတ်ပြန်ချက် စာရင်းများအရ သိရပါတယ်။
 
တစ်နှစ်အတွင်း ပင်လယ်ရေကြောင်းမှတစ်ဆင့် ပို့ကုန် ကန်ဒေါ်လာ သန်း ၉၃၀၀ ကျော် တင်ပို့ခဲ့ရပြီး သွင်းကုန်အနေဖြင့် ကန်ဒေါ်လာ ၁၃,၀၀၀ ကျော်တန်ဖိုး တင်သွင်းခဲ့ခြင်းဖြစ်တယ်လို့ စီးပွားကူးသန်းရဲ့ ထုတ်ပြန်ချက်တွေမှာ ဖော်ပြထားပါတယ်။
 
ပြီးခဲ့တဲ့ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွင်းက ပင်လယ်ရေကြောင်းကုန်သွယ်မှုက ပို့ကုန် ကန်ဒေါ်လာ သန်း ၁၀,၅၀၀ ကျော် တင်ပို့ခဲ့ပြီး သွင်းကုန် ကန်ဒေါ်လာ ၁၄,၈၀၀ ကျော် တင်သွင်းခဲ့ကာ စုစုပေါင်းကုန်သွယ်မှုတန်ဖိုးဟာ ၂၅,၃၀၀ ကျော်ရှိခဲ့တယ်လို့ သိရပါတယ်။
 
ဒါကြောင့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တစ်နှစ်အတွင်း ပင်လယ်ရေကြောင်းမှတစ်ဆင့် ကုန်သွယ်မှုတန်ဖိုးဟာ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွင်း ကုန်သွယ်မှုတန်ဖိုးထက် ကန်ဒေါ်လာသန်း ၃၀၀၀ ကျော် လျော့နည်းခဲ့ခြင်းဖြစ်ပါတယ်။
 
မြန်မာနိုင်ငံအနေဖြင့် ပြည်ပနိုင်ငံများနှင့် ကုန်သွယ်မှုပြုလုပ်ရာတွင် ပင်လယ်ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း နှစ်ခုစလုံးကနေ ကုန်သွယ်မှုပြုလုပ်နေခြင်းဖြစ်ပြီး၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် တစ်နှစ်အတွင်း နယ် စပ်ကုန်သွယ်ရေးလမ်းကြောင်းကနေ ကုန်သွယ်မှုတန်ဖိုးဟာလည်း ကန်ဒေါ်လာ သန်း ၇၇၀၀ ကျော်ရှိခဲ့ကြောင်း ထုတ်ပြန်ချက် စာရင်းတွေအရ သိရပါတယ်။
 
လင်းလင်း