【 ပြည်တွင်း 】 စူပါမားကက်တွေ၊ အပန်းဖြေစခန်းတွေနဲ့ ချောင်းငယ် မြောင်းငယ်တွေမှာ အပူရှောင်သူတွေများပြား

【 ပြည်တွင်း 】 စူပါမားကက်တွေ၊ အပန်းဖြေစခန်းတွေနဲ့ ချောင်းငယ် မြောင်းငယ်တွေမှာ အပူရှောင်သူတွေများပြား

မန္တလေး၊ ဧပြီ - ၂၄

နေ့အပူချိန်တွေ မြင့်မားနေတာကြောင့် မန္တလေးမြို့ပေါ်က စူပါမားကက်တွေ၊ အပန်းဖြေစခန်းတွေနဲ့ ချောင်းငယ် မြောင်းငယ်တွေမှာ သွားရောက်အပူရှောင်သူတွေ ပိုမိုများပြားလာတယ်လို့ ဒေသခံတွေကပြောပါတယ်။

သင်္ကြန်ကာလမတိုင်မီကတည်းက နေ့အပူချိန်တွေ မြင့်တက်နေခဲ့တာဖြစ်ပြီး နောက်ပိုင်းမှာ လျှပ်စစ်မီးရရှိချိန် နည်းပါးလာတာကြောင့် နီးစပ်ရာနေရာတွေမှာ သွားရောက်အပူရှောင်နေကြတာဖြစ်ပါတယ်။

“မိုးက လုံးဝမရွာသေးဘူးလေ။မီးကလည်း မမှန်ဆိုတော့ ငွေကြေးတတ်နိုင်တဲ့သူတွေက စူပါမားကက်တွေ သွားတာပေါ့။အခြေခံလူတန်းစားတွေကတော့ ချောင်းတွေ မြောင်းတွေရှိတဲ့နေရာတွေ သွားကြတယ်။အပူဒဏ်က ခံမှမခံနိုင်တော့တာလေ” လို့ အောင်မြေသာစံမြို့နယ်က အိမ်ရှင်မတစ်ဦးက ပြောပါတယ်။

အခုလိုအပူချိန်မြင့်တက်မှုကို မန္တလေးမြို့ပေါ်က သောင်းနဲ့ချီတဲ့ ဒေသခံတွေဟာ နီးစပ်ရာနေရာတွေမှာ သွားရောက်အပူရှောင်နေကြရတာဖြစ်ပါတယ်။

လက်ရှိ မန္တလေးမြို့ပေါ်မှာ လျှပ်စစ်မီးရရှိမှုဟာ တစ်ရက်ကို ၄ နာရီကနေ ၆ နာရီကြားပဲ ရရှိနေတာကြောင့် အပူချိန်လွန်ကဲမှုကို သိသိသာသာ ခံစားနေရတယ်လို့ ဒေသခံတွေကဆိုပါတယ်။

အဲဒီအပြင် သောက်သုံးရေပြတ်လပ်မှုတွေကိုလည်း အောင်မြေသာစံ၊ မဟာအောင်မြေ၊ ချမ်းမြသာစည်၊ ပြည်ကြီးတံခွန်မြို့နယ်တွေမှာ အများအပြားရင်ဆိုင်နေရပြီး ပရဟိတအသင်းတချို့ရဲ့ လာရောက်ရေလှူဒါန်းမှုတွေကိုပဲ မှီခိုနေရတဲ့ ရပ်ကွက်တွေရှိနေတာ တွေ့ရပါတယ်။