【 ပြည်တွင်း 】 စစ်ရေးတင်းမာနေလို့ မင်းကွန်းဘက်ကို ညနေပိုင်း မလာကြဖို့ ဒေသခံတွေ သတိပေး

【 ပြည်တွင်း 】 စစ်ရေးတင်းမာနေလို့ မင်းကွန်းဘက်ကို ညနေပိုင်း မလာကြဖို့ ဒေသခံတွေ သတိပေး

မန္တလေး၊ ဧပြီ - ၅

စစ်ကိုင်း-မင်းကွန်း ကားလမ်းပေါ်မှာ အချိန်မရွေးပစ်ခတ်မှုတွေဖြစ်လာနိုင်လို့ အခုရက်ပိုင်းအတွင်း မင်းကွန်းဘက်ကို ညနေပိုင်းအချိန်တွေမှာ မလာရောက်ကြဖို့ ဒေသခံတွေက သတိပေး ပြောဆိုနေကြပါတယ်။

“မနေ့ကစပြီး ညဘက်တွေမှာ မလိုအပ်ဘဲ အပြင်မထွက်ဖို့ သတိပေးမှုတွေရှိတယ်လို့ပြောတယ်၊ အချိန်မရွေး ပစ်ခတ်မှုတွေဖြစ်လာနိုင်တယ်ဆိုပြီး၊ ရွာမှာတော့ အထုပ်အပိုးတွေ ပြင်နေကြတယ်၊ ဘုရားဖူးတွေကိုပြောချင်တာက ညနေပိုင်းမှာ မင်းကွန်းဘက် မလာကြဖို့ပါပဲ” လို့ အမည်မဖော်ပြလိုတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။

မကြာခင်ကျရောက်တော့မယ့်သင်္ကြန်ပွဲတော်ကာလမှာ မန္တလေးမြို့ကနေ စစ်ကိုင်းမြို့ဘက် သွားရောက်လည်ပတ်သူတွေရှိလာမှာဖြစ်ပြီး စစ်ကိုင်းမြို့ကနေတစ်ဆင့် မင်းကွန်းဒေသကို လာရောက်လည်ပတ်လိုသူတွေအနေနဲ့ သတိနဲ့ သွားလာကြဖို့ ဒေသခံတွေဘက်က အချင်းချင်းသတိပေး ပြောဆိုနေကြတာပါ။

ဒေသတွင်း နေထိုင်သူတွေအနေနဲ့လည်း ဧပြီလ ၄ ရက်နေ့ကစပြီး ည ၈ နာရီမှ နောက်တစ်နေ့ မနက် ၅ နာရီအတွင်း အရေးပေါ်ကျန်းမာရေးကိစ္စကလွဲလို့ အသွားအလာမလုပ်ကြဖို့ ဒေသအခြေစိုက်အဖွဲ့အစည်းတွေက သတင်းထုတ်ပြန်တာတွေရှိနေတယ်လို့ သိရပါတယ်။

“ရဲစခန်းတွေမှာ အင်အားဖြည့်ထားတာ တွေ့ရတယ်၊ ဒီဘက်မှာ ကောလာဟလမျိုးစုံ ရိုက်ခတ်နေတာပေါ့နော်၊ ဘာပဲဖြစ်ဖြစ် သတိဆိုတာ ပိုတယ်ရယ်လို့ မရှိပါဘူး၊ အပျော်လွန်ပြီး အချိန်မတော်ရောက်လာမှာစိုးလို့ သတိပေးတာပါ” လို့ နောက်ထပ်ဒေသခံတစ်ဦးကလည်း ပြောပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့အပိုင် နယ်မြေထဲမှာရှိတဲ့ မင်းကွန်းဒေသဟာ ရှေးဟောင်းအမွေအနှစ်တွေနဲ့ ခရီးသွားတွေကို ဆွဲဆောင်နေတဲ့ နေရာတစ်ခုဖြစ်တာကြောင့် နေ့စဉ် ဧည့်သည်မပြတ် သွားလာဝင်ထွက်တတ်တဲ့ နေရာတစ်ခုလည်းဖြစ်ပါတယ်။

ဒီဒေသမှာ ပြီးခဲ့တဲ့နှစ်အစောပိုင်းကစလို့ ပစ်ခတ်တိုက်ခိုက်မှုတွေ ဖြစ်ပွားလေ့ရှိတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ဖြူလုံး
ပုံစာ - စစ်ကိုင်း-မင်းကွန်း ကားလမ်း