【 ပြည်တွင်း 】 စစ်ကူလာစဉ် ကျဆုံးခဲ့သည့် တရုတ်အဝေးရောက် မဟာမိတ်တပ်မှ အာဇာနည်များအား ကန်တော့ပွဲ အခမ်းအနား ကျင်းပ

【 ပြည်တွင်း 】 စစ်ကူလာစဉ် ကျဆုံးခဲ့သည့် တရုတ်အဝေးရောက် မဟာမိတ်တပ်မှ အာဇာနည်များအား ကန်တော့ပွဲ အခမ်းအနား ကျင်းပ

တောင်ငူ၊ ဧပြီ - ၅

ဧပြီလ ၄ ရက်နေ့ ကျရောက်သည့် တရုတ်သင်္ချိုင်းကန်တော့ပွဲ အခါသမယတွင် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Mr. Chen Hai သည် သံရုံးမှ အရာရှိများကို ဦးဆောင်ကာ ပဲခူးတိုင်း၊ တောင်ငူမြို့သို့ ခရီးနှင်၍ မြန်မာနိုင်ငံ တရုတ်လုပ်ငန်းရှင်များအသင်း၊ မြန်မာနိုင်ငံရှိ တရုတ်အဝေးရောက် မဟာမိတ်တပ်၏ မျိုးဆက်များ၊ တရုတ်နွယ်ဖွား ကိုယ်စားလှယ်များနှင့် မြန်မာနိုင်ငံအခြေစိုက် တရုတ်မီဒီယာများနှင့်အတူ မြန်မာနိုင်ငံသို့ စစ်ကူလာစဉ် ကျဆုံးခဲ့သည့် တရုတ်အဝေးရောက် မဟာမိတ်တပ်မှ အာဇာနည်များကို ဦးညွတ်ကန်တော့ခဲ့ကြကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက သတင်းဖော်ပြခဲ့ပါတယ်။

တောင်ငူမြို့သည် ဒုတိယကမ္ဘာစစ်ကာလအတွင်း တရုတ်အဝေးရောက် မဟာမိတ်တပ်က ဖက်ဆစ် ဂျပန်ကို တိုက်ပွဲဝင် ခုခံတိုက်ခိုက်သည့် သမိုင်းဝင်တည်နေရာဖြစ်ပါတယ်။

သံအမတ်ကြီး Mr. Chen Hai နှင့် နယ်ပယ်အသီးသီးမှ ကိုယ်စားလှယ်များက တရုတ်အဝေးရောက် မဟာမိတ်တပ် အမှတ်တရကျောက်တိုင်တွင် ပန်းခြင်း၊ ပန်းခွေများချပြီးနောက် အားလုံးအတူတကွ ငြိမ်သက်၍ ဦးညွတ်ကန်တော့ခဲ့ကြပါတယ်။

သံအမတ်ကြီး Mr. Chen Hai က အမှာစကားပြောကြားရာတွင် လွန်ခဲ့သည့် ၈၂ နှစ်တုန်းက တရုတ်အဝေးရောက် မဟာမိတ်တပ်ပေါင်း သိန်းချီက မြန်မာနိုင်ငံသို့လာရောက် တိုက်ပွဲဝင်ခဲ့ရာ သွေးသားနဲ့ အသက်များဖြင့် တရုတ်နိုင်ငံ၏ ဂျပန်ကျူးကျော်မှု ခုခံရေး စစ်ပွဲသမိုင်းတွင် မော်ကွန်းတင်ထိုက်သော စာမျက်နှာကို ရေးသားခဲ့ပြီး အာရှတိုက် ပစိဖိတ်သမုဒ္ဒရာစစ်ပွဲနှင့် ကမ္ဘာ့ဖက်ဆစ်တော်လှန်ရေးစစ်ပွဲ အောင်နိုင်ရေးအတွက် အရေးပါ အကျိုးထမ်းဆောင်ခဲ့ကြောင်း၊ တရုတ်အဝေးရောက် မဟာမိတ်တပ်များ၏ တိုင်းပြည်ချစ်စိတ်သည် အမြဲထွန်းလင်းတောက်ပနေမည်ဖြစ်ပြီး တရုတ်-မြန်မာ ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေး သံယောဇဉ်သည်လည်း ခေတ်အဆက်ဆက် လက်ဆင့်ကမ်းသွားမည်ဖြစ်ကြောင်း၊ မိမိတို့သည် အာဇာနည်များ၏အမွေကို ဆက်ခံကာ တိုင်းပြည်ချစ်စိတ်ဓာတ် ပြန့်ပွားအောင်လုပ်ဆောင်ပြီး တရုတ်-မြန်မာ အေးအတူပူအမျှအသိုက်အဝန်း တည်ဆောက်ရေး၊ တရုတ်အမျိုးသား ကြီးမြတ်သော ပြန်လည်နိုးထရေး ဖော်ဆောင်ရန်အတွက် ကြိုးပမ်းသွားရမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

အာဇာနည်များအား ဦးညွတ်ကန်တော့သည့် အခမ်းအနားပြီးနောက် တက်ရောက်လာကြသူများက တရုတ်အဝေးရောက် မဟာမိတ်တပ် အထိမ်းအမှတ်ကျောက်တိုင်ကို ဂါရဝပြုပြီး တရုတ်အဝေးရောက် မဟာမိတ်တပ်များ ဂျပန်ကျူးကျော်မှု ခုခံရေး ပြတိုက်ကို လေ့လာကြည့်ရှုကာ တရုတ်အဝေးရောက် မဟာမိတ်တပ် အာဇာနည်များ၏ တရားမျှတမှုအတွက် အသက်ပေးဆပ်ကာ ဖက်ဆစ်ဂျပန်ကို ခုခံသော ထွန်းပြောင်သည့် သမိုင်းကို ပြန်ပြောင်းအောက်မေ့ခဲ့ပါတယ်။

ထိုနေ့တွင် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးနှင့် ကောင်စစ်ဝန်ရုံး၏ တောင်းဆိုချက်အရ မြန်မာနိုင်ငံရှိ တရုတ်လုပ်ငန်းအဖွဲ့အစည်းများနှင့် ဒေသခံ တရုတ်နွယ်ဖွား အသင်းအဖွဲ့များက တရုတ်အဝေးရောက် မဟာမိတ်တပ်များ တိုက်ပွဲဝင်ခဲ့သော ရေနံချောင်းနှင့် မြစ်ကြီးနားမြို့နယ်တို့ရှိ တရုတ်အဝေးရောက် မဟာမိတ်တပ်၏ အောက်မေ့ဖွယ် အထိမ်းအမှတ် အဆောက်အအုံတွင် ပန်းခြင်း၊ ပန်းခွေများချပြီး ကန်တော့ခဲ့ကြကြောင်း သိရပါတယ်။

အောင်အောင်