【 ပြည်တွင်း 】တရုတ်ခရီးသွားဧည့်သည်များ ရွှေတိဂုံသို့ လာရောက်လေ့လာကြည်ညိုမှုရှိလာ

【 ပြည်တွင်း 】တရုတ်ခရီးသွားဧည့်သည်များ ရွှေတိဂုံသို့ လာရောက်လေ့လာကြည်ညိုမှုရှိလာ

ယခုနောက်ပိုင်းမှာ တရုတ်ခရီးသွားဧည့်သည်တွေအနေနဲ့ ရန်ကုန်မြို့က ရွှေတိဂုံစေတီတော်ကို လာရောက်တာတွေရှိလာတယ်လို့ ဘုရားဖူးတွေဆီက သိရပါတယ်။

“တရုတ်ဧည့်သည်တွေလည်း လာကြတယ်၊ ထိုင်းကတော့ ပိုများတာတွေ့ရတယ်၊ ဒီရက်ပိုင်းထဲ လာတာ ပိုပြီးတွေ့ လာရတာ” လို့လည်း ဘုရားဖူးသွားရောက်ခဲ့တဲ့ ဧည့်လမ်းညွှန်တစ်ဦးက ပြောပါတယ်။

တရုတ်ခရီးသွား ဧည့်သည်တွေဟာ အုပ်စုလိုက်လာရောက်တတ်ကြပေမယ့် လက်ရှိမှာ လေး၊ ငါးဦး ဝန်းကျင်လောက် တစ်စုစီ လာရောက်တာမျိုးဖြစ်တယ်လို့ သိရပါတယ်။

“ရွှေတိဂုံကိုလာတာ တရုတ်နဲ့ ထိုင်းက အမြဲလိုလိုများပါတယ်၊ ဒါကလည်း အရင်ကတည်းကပါ၊ ကိုဗစ်မတိုင်ခင်ကဆိုရင် ပိုလို့တောင်များသေးတယ်၊ စာရင်းအတိအကျကတော့ ပြောပြလို့မရဘူး၊ စာတင်ပြီး မေးရမှာ”လို့လည်း ဂေါပက အဖွဲ့ တာဝန်ရှိသူ တစ်ဦးက ရှင်းပြပါတယ်။

ရွှေတိဂုံစေတီတော်ကို လာရောက်ကြတဲ့ ခရီးသွားဧည့်သည်တွေဟာ ဆီမီး၊ ပန်း၊ ရေချမ်း ကပ်လှူတာတွေ လုပ်ဆောင်လေ့ရှိတတ်ပြီး စေတီတော်ရင်ပြင်က မြန်မာမှုအနုပညာလက်ရာတွေကိုလည်း စိတ်ဝင်တစားကြည့်ရှုလေ့ရှိကြတယ်လို့ သိရပါတယ်။

စီစီ

ရန်ကုန်၊ မေ ၂၅