【 နိုင်ငံတကာ 】 မြောက်ကိုရီးယား၏ နျူကလီးယား၊ ဒုံးခွင်းဒုံးအစီအစဉ်များအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုအသစ်များ ချမှတ်

【 နိုင်ငံတကာ 】 မြောက်ကိုရီးယား၏ နျူကလီးယား၊ ဒုံးခွင်းဒုံးအစီအစဉ်များအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုအသစ်များ ချမှတ်

ဆိုးလ်၊ စက်တင်ဘာ - ၁

ပြီးခဲ့သည့်သီတင်းပတ်က ပစ်လွှတ်မှု မအောင်မြင်ခဲ့သော သူလျှိုဂြိုဟ်တုကို ပြုံးယမ်းက ပစ်လွှတ်ခဲ့ပြီးနောက် အမေရိကန်၊ တောင်ကိုရီးယားနှင့် ဂျပန်တို့သည် မြောက်ကိုရီးယား၏ အစုလိုက်အပြုံလိုက် ပျက်စီးစေနိုင်သော လက်နက်နှင့် ပဲ့ထိန်းဒုံးကျည်အစီအစဉ်များကို ကူညီဆောင်ရွက်ပေးသည့် လူပုဂ္ဂိုလ်နှင့် ကုမ္ပဏီများအပေါ် ပိတ်ဆို့အရေးယူမှုအသစ်များ ချမှတ်ခဲ့ပါတယ်။

ယင်းပစ်လွှတ်မှုမှာ ယခုနှစ်တွင် ဒုတိယမြောက်ကြိုးပမ်းမှုဖြစ်ပါတယ်။

ယခုသီတင်းပတ်အစောပိုင်းက တောင်ကိုရီးယားပိုင်နက်အားလုံးကို သိမ်းပိုက်သည့် နည်းဗျူဟာမြောက် နျူကလီးယားတိုက်ခိုက်မှု စစ်ရေးလေ့ကျင့်မှု ပြုလုပ်ခဲ့သည့် မြောက်ကိုရီးယား၏ စစ်ရေးလေ့ကျင့်မှုအပြီးတွင်လည်း အဆိုပါအရေးယူမှု ထွက်ပေါ်လာခြင်းဖြစ်ပါတယ်။

မြောက်ကိုရီးယား၏ Ryu Kyong Program Development ကုမ္ပဏီနှင့် ၎င်း၏အကြီးအကဲ ယူကျောင်ချိုးလ်အပါအဝင် ကုမ္ပဏီနှင့် ဆက်စပ်နေသော တရုတ်နိုင်ငံရှိ ဌာနခွဲရုံးများမှ လူငါးဦးကို ပိတ်ဆို့အရေးယူလိုက်ကြောင်း တောင်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီးဌာနက သောကြာနေ့တွင် ပြောကြားခဲ့ပါတယ်။

တောင်ကိုရီးယားသည် မြောက်ကိုရီးယား၏ ဂြိုဟ်တုများနှင့် မောင်းသူမဲ့လေယာဉ်များ တီထွင်နိုင်စေရန် ကူညီပေးသည့် လှုပ်ရှားမှုများပါဝင်သည့် လူပုဂ္ဂိုလ်နှင့် ကုမ္ပဏီကို ပိတ်ဆို့အရေးယူသည့် ပထမဆုံးနိုင်ငံဖြစ်ကြောင်း ဝန်ကြီးဌာနမှ သိရပါတယ်။

မြောက်ကိုရီးယား၏ နျူကလီးယားနှင့် ဒုံးကျည်ဖွံ့ဖြိုးတိုးတက်ရေးတွင် ပါဝင်ပတ်သက်နေသည့် အုပ်စုသုံးစုနှင့် လူလေးဦးကို ပိတ်ဆို့အရေးယူမှုများ ချမှတ်လိုက်ကြောင်း ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနက သောကြာနေ့တွင် ပြောကြားခဲ့ပါတယ်။

ဂျပန်အစိုးရအဖွဲ့အတွင်းဝန် မတ်ဆူနိုဟီရိုကာဇူက ၎င်း၏အစိုးရသည် မြောက်ကိုရီးယား၏ နျူကလီးယားကင်းစင်ရေးကို ဆက်လက်ကြိုးပမ်းသွားမည်ဖြစ်ပြီး အမေရိကန်နှင့် တောင်ကိုရီးယားတို့နှင့် အနီးကပ်ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဝန်ကြီးအဖွဲ့အစည်းအဝေးအပြီးတွင် သတင်းထောက်များအား ပြောကြားခဲ့ပါတယ်။

ဝါရှင်တန်သည်  ကြာသပတေးနေ့က  လူပုဂ္ဂိုလ်နှစ်ဦးနှင့် အဖွဲ့အစည်းတစ်ခုဖြစ်သည့် ရုရှားအခြေစိုက် Jon Jin Yong ၊ Sergey Mikhaylovich Kozlov နှင့် Intellekt LLC တို့ကို အမေရိကန်ဘဏ္ဍာရေးဌာနက ပစ်မှတ်ထားကာ သီးခြားပိတ်ဆို့အရေးယူမှု ကြေညာချက်တစ်ခု ထုတ်ပြန်ခဲ့ပါတယ်။

မကြာသေးမီလများအတွင်း မြောက်ကိုရီးယား၏ ဒုံးကျည်ပစ်လွှတ်မှုသည် သိသာထင်ရှားသော နည်းပညာတိုးတက်မှုကို ညွှန်ပြသည်ဟု လေ့လာသူအချို့က သတိပေးခဲ့ပါတယ်။

ဇူလိုင်လတွင် မြောက်ကိုရီးယားသည် ၎င်း၏ နောက်ဆုံးပေါ် တိုက်ချင်းပစ်ဒုံးကျည် Hwasong-18 ကို အောင်မြင်စွာ စမ်းသပ်နိုင်ခဲ့ပါတယ်။

Linko
Ref - VOA