【 နိုင်ငံတကာ 】 ဘိုင်ဒင်နှင့် ကီရှီဒါတို့ တရုတ်နှင့် ရုရှားကို ဦးတည်ပြီး မဟာမိတ်သစ်ဖွဲ့

【 နိုင်ငံတကာ 】 ဘိုင်ဒင်နှင့် ကီရှီဒါတို့ တရုတ်နှင့် ရုရှားကို ဦးတည်ပြီး မဟာမိတ်သစ်ဖွဲ့

ဝါရှင်တန်၊ ဧပြီ - ၁၃
 
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်နှင့် ဂျပန်ဝန်ကြီးချုပ် ကီရှီဒါတို့သည် ဒုံးကျည်များမှသည် လပေါ် အတူဆင်းသက်ရေးအထိပါဝင်သည့် စစ်ရေးပူးပေါင်းဆောင်ရွက်မှုများနှင့် စီမံကိန်းများကို ဗုဒ္ဓဟူးနေ့တွင် ထုတ်ပြန်ကြေညာပြီး တရုတ်နှင့် ရုရှားကို တန်ပြန်ရေး မဟာမိတ်တောင့်တင်းအောင် လုပ်ကြပါတယ်။
 
နှစ်နိုင်ငံခေါင်းဆောင်များသည် ဂါဇာနှင့် အစ္စရေး၊ ယူကရိန်းနှင့် ရုရှားနှင့် မြောက်ကိုရီးယားနှင့် ကမ္ဘာတစ်ဝှမ်းမှ ပြဿနာများကို ရင်ဆိုင်ရချိန်တွင် ဂျပန်၏ ကမ္ဘာ့မျက်နှာစာတွင်နှင့် အမေရိကန်ပြည်ထောင်စုအတွက် အရေးပါမှုကြီးထွားလာခြင်းကို ပူးတွဲသတင်းစာရှင်းလင်းပွဲက ထင်ဟပ်နေပါတယ်။
 
ဘိုင်ဒင်နှင့် ကီရှီဒါတို့သည် နိပွန်စတီးက ယူအက်စတီးကို ဝယ်ယူရန် ကမ်းလှမ်းသည့် အငြင်းပွားမှုကို လျှစ်လျူရှုပြီး ထိုကိစ္စသည် အိမ်ဖြူတော်မှ ကြီးကျယ်ခမ်းနားသည် ညစာစားပွဲအခမ်းအနားတွင် အရေးမကြီးကြောင်းပြောခဲ့ပါတယ်။
 
“ဒါဟာ ကျနော်တို့ မဟာမိတ်ထူထောင်ပြီးနောက်ပိုင်း အရေးအပါဆုံး ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ခြင်းဖြစ်တယ်” ဟု မတည်ငြိမ်သည့် အင်ဒို-ပစိဖိတ်ဒေသနှင့် တရုတ်၏ လှုပ်ရှားမှုများကို အာရုံစိုက်သည့် ၂ နာရီခန့်ကြာ ဆွေးနွေးပွဲအပြီးတွင် ဘိုင်ဒင်က ပြောခဲ့ပါတယ်။
 
အမေရိကန်ပြည်ထောင်စုနှင့် ဂျပန်အပါအဝင် မဟာမိတ်များသည် တောင်တရုတ်ပင်လယ်နှင့် အရှေ့တရုတ်ပင်လယ်တွင် ကြီးထွားနေပြီး ထိုင်ဝမ်ကို တရုတ်သိမ်းပိုက်မည့် တရုတ်ခြိမ်းခြောက်မှုဟု ၎င်းတို့ယူဆသော ကိစ္စကို တန်ပြန်ရန် စစ်အင်အား တိုးချဲ့နေပါတယ်။
 
ခေါင်းဆောင် ၂ ဦးတို့သည် ထိုင်ဝမ်နှင့် တရုတ် အကြား တင်းမာသော ဆက်ဆံရေးကိုလည်း ဆွေးနွေးခဲ့ပြီး တရားဥပဒေစိုးမိုးသည့် နိုင်ငံတကာစနစ်ကို ထောက်ခံရန် ကတိပြုခဲ့ပါတယ်။ပြင်ပစွက်ဖက်မှုသည် ထိုင်ဝမ်နှင့် တရုတ်ပြည်မကြီး ပြန်လည်ပေါင်းစည်းရေး မိသားစုကိစ္စကို မဟန့်တားနိုင်ကြောင်း တရုတ် သမ္မတ ရှီကျင့်ဖျင်က မကြာသေးမီက ပြောခဲ့ပါတယ်။
 
စိုးချစ်
သတင်းရင်းမြစ် - Reuters