【 နိုင်ငံတကာ 】 ဂျပန်၊ အမေရိကန်ပြည်ထောင်စုနှင့် ဆက်ဆံရေး တောင့်တင်းရေးသည် အချုပ်အခြာအာဏာပိုင်သည့် ရွေးချယ်မှုဟု ဖိလစ်ပိုင်ပြော

【 နိုင်ငံတကာ 】 ဂျပန်၊ အမေရိကန်ပြည်ထောင်စုနှင့် ဆက်ဆံရေး တောင့်တင်းရေးသည် အချုပ်အခြာအာဏာပိုင်သည့် ရွေးချယ်မှုဟု ဖိလစ်ပိုင်ပြော

မနီလာ၊ ဧပြီ - ၁၉
 
ဂျပန်၊ အမေရိကန်ပြည်ထောင်စုတို့နှင့် ဆက်ဆံရေး ပိုမိုတောင့်တင်းအောင်လုပ်ရန် ဆုံးဖြတ် ချက်သည် အချုပ်အခြာအာဏာပိုင်သည့် ရွေးချယ်မှုဖြစ်ကြောင်း ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးဌာနက ဧပြီလ ၁၈ ရက်နေ့တွင် ပြောကြားလိုက်ပြီး တရုတ်အနေဖြင့် တောင်တရုတ်ပင်လယ်မှ ၎င်း၏လုပ်ရပ်များကို ပြန်လည် သုံးသပ်ရန် တိုက်တွန်းလိုက်ပါတယ်။
 
“မိမိတို့ ဒေသတွင်း တင်းမာမှုများ၏ ရင်းမြစ်ကို အားလုံးကောင်းစွာသိကြသည်” ဟု နိုင်ငံခြားရေး ဝန်ကြီးဌာနက ကြေညာချက်တစ်စောင်တွင် ဖော်ပြခဲ့ပါတယ်။
 
“ဒေသတွင်း ငြိမ်းချမ်းရေးနှင့် တည်ငြိမ်မှုကို ထိခိုက်စေပြီး တင်းမာမှုမြင့်မားစေသည်မှာ တရုတ်၏ အလွန်အကျွံ ရေပိုင်နက်တောင်းဆိုမှုနှင့် ပြန်လည်ဖော်ထုတ်ထားသည် ဒေသများတွင် စစ်ရေးတည်ဆောက်ခြင်းအပါအဝင် ရန်လိုသောအပြုအမူများသာဖြစ်သည်” ဟုလည်း ထိုကြေညာချက်တွင် ဆက်လက်ဖော်ပြထားပါတယ်။
 
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်၊ ဂျပန်ဝန်ကြီးချုပ် ဖူမီယို ကီရှီဒါနှင့် ဖိလစ်ပိုင်သမ္မတ ဖာဒီနန် မားကို့စ် ဂျူနီယာတို့ မကြာသေးမီက ၃ ပွင့်ဆိုင်တွေ့ဆုံခြင်းအပေါ် တရုတ်က ဝေဖန်မှုကို တုံပြန်သည့်အနေဖြင့် အထက်ပါကြေညာချက်ကို ထုတ်ပြန်ခြင်းဖြစ်ပါတယ်။
 
တောင်တရုတ်ပင်လယ်မှ တရုတ်၏ အန္တရာယ်များပြီး ရန်လိုသည့် အပြုအမူများကို အလေးအနက် စိုးရိမ်ပူပန်ကြောင်း ခေါင်းဆောင် ၃ ဦး ပူးတွဲထုတ်ပြန်ခဲ့ပါတယ်။
 
ဒေသတွင်း သီးခြားအုပ်စုငယ်ဖွဲ့ခြင်းကို ပေကျင်းက ဆန့်ကျင်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီး ဌာန ပြောခွင့်ရသူ မော်နင်က လွန်ခဲ့သောအပတ်က ရှင်းလင်းပွဲတစ်ခုတွင် ပြောခဲ့ပါတယ်။
 
တရုတ်၏ လုပ်ရပ်များသည် ဒေသတွင်း ငြိမ်းချမ်းတည်ငြိမ်ရေးကို ထိခိုက်စေပြီး အငြင်းပွားရေလမ်းကြောင်းတွင် တင်းမာမှုမြင့်မားစေသည်ဟု ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောပါတယ်။
 
နှစ်စဉ်ရေကြောင်းကုန်သွယ်မှု အမေရိကန်ဒေါ်လာ ၃ ထရီလီယံ ဖြတ်သန်းသည့် ရေလမ်းကြောင်းဖြစ်သော တောင်တရုတ်ပင်လယ်တစ်ခုလုံးနီးပါးကို တရုတ်က တောင်းဆိုထားပါတယ်။
 
ထိုသို့တောင်းဆိုသောကြောင့် ဖိလစ်ပိုင်၊ ဗီယက်နမ်၊ အင်ဒိုနီးရှား၊ မလေးရှားနှင့် ဘရူနိုင်း ပိုင်နက်များ တရုတ်၏ တောင်းဆိုမှုတွင် ပါဝင်သွားပါတယ်။
 
၂၀၁၆ ခုနှစ်က သည်ဟိဂ်မှ အနုညာတအမြဲတမ်းတရားရုံးက တရုတ်၏ တောင်းဆိုမှုသည် ဥပဒေ အခြေအမြစ်မရှိကြောင်း ဆုံးဖြတ်သော်လည်း ထိုဆုံးဖြတ်ချက်ကို တရုတ်က ပယ်ချခဲ့ပါတယ်။
 
စိုးချစ်
သတင်းရင်းမြစ် - REUTERS