【နိုင်ငံတကာ】ASEAN Media Partners (AMP) “China Up Close” Hainan Tour & Visual Exhibition ဖွင့်လှစ်

【နိုင်ငံတကာ】ASEAN Media Partners (AMP) “China Up Close” Hainan Tour & Visual Exhibition ဖွင့်လှစ်

ASEAN Media Partners (AMP) “China Up Close” Hainan Tour & Visual Exhibition ကို တရုတ်နိုင်ငံ စန်းရာ့မြို့ မှာကျင်းပနေပြီး ဖွင့်ပွဲအခမ်းအနားကို ဧပြီလ ၂၃ ရက်က ကျင်းပခဲ့ကြသည်။
အဆိုပါ အခမ်းအနားကို China Media Group မှ ကြီးမှူးကျင်းပခြင်းဖြစ်ပြီး CMG ၏ CGTN ၊ CMG ဟိုင်နန်ရုံးချုပ်၊ ဟိုင်နန် ပြည်နယ်၊ ပါတီကော်မတီ ပြန်ကြားရေးဝန်ကြီးဌာနနှင့် ဟိုင်နန်အခြေစိုက် ဗဟိုမီဒီယာအဖွဲ့ အစည်းတို့မှ ကိုယ်စားလှယ်များနှင့် အာဆီယံ ၉ နိုင်ငံ၏ ပင်မ မီဒီယာ ၁၁ ခုမှ သတင်းထောက်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
 
ထိုဖွင့်ပွဲအခမ်းအနားတွင် CMG အာရှ-အာဖရိကစင်တာမှ ဒုတိယညွှန်ကြားရေးမှူးချုပ် Zhang Hui , ဟိုင်နန်ပြည်နယ် ပါတီကော်မတီ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး Jiang Jianmin တို့က အဖွင့်မိန့်ခွန်းအသီးသီးပြောကြားခဲ့သလို လာအိုအမျိုးသားရုပ်မြင်သံကြားဌာန ဥက္ကဋ္ဌ AMKHA VONGMEUNKA က ဗီဒီယိုဖြင့် မိန့်ခွန်းပြောကြားခဲ့သည်။ 
 
ရှေးဦးစွာ CMG အာရှ-အာဖရိကစင်တာမှ ဒုတိယညွှန်ကြားရေးမှူးချုပ် Zhang Hui က တရုတ်နိုင်ငံနှင့် အာဆီယံနိုင်ငံအသီးသီးသည် တောတောင်ရေမြေချင်း ထိစပ်နေပြီး ပြည်သူချင်း ခင်မင်ရင်းနှီးမှုရှိကြကြောင်း၊ ဆင်တူသော သမိုင်းအတွေ့အကြုံများနှင့် တူညီသော ရည်မှန်းချက်အိပ်မက်များရှိကြကြောင်း၊ China Media Group သည် အာဆီယံနိုင်ငံများမှ မီဒီယာအဖွဲ့အစည်း ၁၀၀ ကျော်နှင့်အတူ စုံလင်သော ပူးပေါင်းဆောင်ရွက်မှုဆက်ဆံရေးများ ထူထောင်ထားကြောင်း၊ “China Up Close” အစီအစဉ်မှတစ်ဆင့် တရုတ်နိုင်ငံနှင့် အာဆီယံနိုင်ငံများအကြား မီဒီယာပူးပေါင်းဆောင်ရွက်မှုကို ပိုမိုမြှင့်တင်နိုင်ရန် မျှော်လင့်ကြောင်း၊ အရှေ့တောင်အာရှ နိုင်ငံများမှ ပရိသတ်များအား စစ်မှန်သော တရုတ်နိုင်ငံ၏ အသွင်အပြင်ကို ပိုမိုမြင်တွေ့လာစေပြီး ပိုမိုနီးကပ်သော တရုတ်-အာဆီယံ အေးအတူပူအမျှအသိုက်အဝန်း တည်ဆောက်ရေးအတွက် မီဒီယာသတင်းသမားများ၏ ခွန်အားများ ပံ့ပိုးပေးနိုင်ရန် မျှော်လင့်ကြောင်း စသည်ဖြင့် ပြောကြားခဲ့သည်။ 
 
ထို့အပြင် ဟိုင်နန်သည် တရုတ်နိုင်ငံနှင့် အာဆီယံပူးပေါင်းဆောင်ရွက်မှု၏ အရေးကြီးသောဆုံမှတ်တွင် တည်ရှိနေပြီး အာဆီယံသည် ဟိုင်နန်၏ အကြီးဆုံးကုန်သွယ်ဖက်အဖြစ် နှစ်ပေါင်းများစွာ ဆက်တိုက်ရပ်တည်နေခဲ့ကြောင်း၊ China Media Group နှင့် အာဆီယံနိုင်ငံအသီးသီးမှ မီဒီယာများ ရင်းရင်းနှီးနှီးအတူလက်တွဲ၍ ယခုအကြိမ်အစီအစဉ်ကို အခွင့်အလမ်း အဖြစ်မှတ်ယူပြီး ဟိုင်နန်နှင့် အာဆီယံအကြား အပြန်အလှန်ယုံကြည်မှုနှင့် အပြန်အလှန် ဆက်သွယ်မှု မြှင့်တင်နိုင်ရန်အတွက် ချစ်ကြည်ရေးပေါင်းကူးတံတား တည်ဆောက်ပေးနိုင်မည်ဟု မျှော်လင့်ကြောင်းကိုလည်း ဟိုင်နန်ပြည်နယ်ပါတီကော်မတီ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး Jiang Jianmin က အဖွင့်မိန့်ခွန်းတွင်ပြောကြားခဲ့သည်။
 
လာအိုအမျိုးသားရုပ်မြင်သံကြားဌာန ဥက္ကဌ AMKHA VONGMEUNKA က ‘ကိုယ်တိုင်တွေ့ကြုံခြင်းက ကြားရသိရသည်ထက် များစွာသာလွန်သည်’ ဟု ဆိုရိုး စကားရှိကြောင်း၊ လာအိုသတင်းထောက်သည် နိုင်ငံအသီးသီးမှ မီဒီယာလုပ်ဖော်ကိုင်ဖက် များနှင့်အတူ တရုတ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အတွေးအခေါ် များနှင့် လက်တွေ့ရလဒ်များကို လေ့လာသိရှိနိုင်ရန်၊ တရုတ်နိုင်ငံ၏ ကြွယ်ဝသော ယဉ်ကျေးမှုနှင့် ခရီးသွားအရင်းအမြစ်များကို ကိုယ်တိုင်ကြုံတွေ့နိုင်ရန်၊ ထိုအတွေ့အကြုံများကို ပရိသတ်များထံ မျှဝေပေးနိုင်ရန် မျှော်လင့်နေကြောင်း”စသည်ဖြင့် ဗီဒီယိုစနစ်ဖြင့် ပြောကြားခဲ့သည်။ 
စတင်ဖွင့်လှစ်သည့် အဆိုပါနေ့တွင် လတ်တလောနှစ်များအတွင်းက တရုတ်နိုင်ငံနှင့် အာဆီယံနိုင်ငံများမှ ပင်မမီဒီယာများ ပူးပေါင်းထုတ်လုပ်ပြသခဲ့သော ထူးချွန်ရုပ်သံလက်ရာများကို တစ်စုတစ်စည်းတည်းပြသခဲ့ပြီး ASEAN Media Partners (AMP) “China Up Close” အစီအစဉ်မှ ထုတ်လုပ်သော ပေါင်းစပ်မီဒီယာအစီအစဉ်များကိုလည်း ရှေ့ဆင့်နောက်ဆင့် ပြသသွားမည်ဟုလည်း သိရသည်။ 
ယခု “China Up Close” သည် CMG ၏ CGTN မှထုတ်လုပ်သော မီဒီယာလှုပ်ရှားမှုများ ဖြစ်ပြီး ဟိုင်နန်ခရီးစဉ်သည် လှုပ်ရှားမှုများ၏ ပထမဆုံးအကြိမ်လည်းဖြစ်ကြောင်း၊ အင်ဒိုနီးရှား၊ ထိုင်း၊ လာအို၊ ဗီယက်နမ်၊ မလေးရှား စသည့် အာဆီယံ ၉ နိုင်ငံမှ ပင်မမီဒီယာ ၁၁ ခုဖြင့် ဖွဲ့စည်းထားသော လူဦးရေ ၅၀ ကျော် ပါဝင်သည့် ပြည်တွင်း ပြည်ပ သတင်းထောက်အဖွဲ့သည် CMG နှင့်အတူ ဟိုင်နန်ကျွန်းပတ် ခရီးသွားလမ်းမကြီးတစ်လျှောက် စန်းရာ့၊ လိန်ဆွေ၊ ဝမ့်နင်၊ ချုံဟိုင်နှင့် ဟိုင်ခို စသည့်နေရာများသို့ ဧပြီလ ၂၂ ရက်မှ ၂၈ ရက်အတွင်း သွားရောက်ကြမည်ဖြစ် ကြောင်း၊ ခရီးစဉ်တစ်လျှောက်တွင် အင်တာဗျူးများ ပြုလုပ်ပြီး ယင်းပေါင်းစပ် မီဒီယာအစီအစဉ်ကို အာဆီယံနိုင်ငံများမှ မီဒီယာပလက်ဖောင်းများတွင် ထုတ်လွှင့်သွားမည်ဟုလည်း သိရသည်။