【 ပြည်တွင်း 】နှစ်နှစ်ကျော်ရပ်နားခဲ့သော Yangon Water Bus ပြန်လည်ပြေးဆွဲဖို့စီစဉ်နေဟုဆို

【 ပြည်တွင်း 】နှစ်နှစ်ကျော်ရပ်နားခဲ့သော Yangon Water Bus ပြန်လည်ပြေးဆွဲဖို့စီစဉ်နေဟုဆို

ရန်ကုန်မြို့ရဲ့ ရေကြောင်းပို့ဆောင်ရေးကဏ္ဍမှာ ခရီးသည်ဝန်ဆောင်မှုပေးရင်းကနေ နှစ်နှစ်ကျော် ရပ်နားခဲ့တဲ့ Yangon Water Bus ဟာ လာမယ့် အောက်တိုဘာလမှာ ပြန်လည်ပြေးဆွဲနိုင်ဖို့ ပြင်ဆင်နေတယ်လို့ အသိပေးထုတ်ပြန်လာပါတယ်။
 
အဆိုပါပြေးဆွဲမယ့်အစီအစဉ်ကို လာမယ့်အောက်တိုဘာ ၁ ရက်မှာ စတင်ဖို့ စီစဉ်ထားပြီး ပဏာမခရီးစဉ်လမ်းကြောင်းအဖြစ် ဗိုလ်တထောင်၊ ပန်းဆိုးတန်း၊ လမ်းသစ်၊ ဒလဘက်ခြမ်းမှ ဆာပါချောင်နှင့် အံ့ကြီး ဆိပ်ကမ်းတို့ဖြစ်ကြောင်း၊ ထိုသို့သော ခရီးတို လမ်းကြောင်းများကို ပြေးဆွဲပြီးနောက်တွင် ယခင်ကလို အပန်းဖြေခရီးစဉ်များအတွက်လည်း ဆက်လက်စီစဉ် ထားကြောင်း Yangon Water Bus ဘက်က အသိပေးထုတ်ပြန်ထားတာဖြစ်ပါတယ်။
“အရင်က ပြေးဆွဲခဲ့တဲ့အခြေအနေကိုပြန်ကြည့်ရင် ဒလဘက်နဲ့ ရန်ကုန်ဘက်ကမ်းကို စီးတဲ့ခရီးသည်တွေက ပုံမှန်ရှိတာ တွေ့ရတယ်၊ ဒါတောင်မှ ရုံးချိန်တွေလောက်ပဲ စီးနင်းကြပြီး နေ့ခင်းဘက်တွေမှာတော့ စီးတဲ့သူသိပ်မရှိဘူး၊ အဲ့ဒီအတွက် ဘယ်လိုပုံစံနဲ့ လုပ်ကြမလဲဆိုတာတော့ သုံးသပ်ဖို့လိုမယ်”လို့လည်း ဝန်ဆောင်မှုလုပ်ငန်းများလုပ်ကိုင်နေတဲ့ လုပ်ငန်းရှင် တစ်ဦးက ရှင်းပြပါတယ်။
ရန်ကုန်မြို့ခံအများစုဟာ ကုန်းလမ်းပို့ဆောင်ရေးဝန်ဆောင်မှုများအပေါ် အသုံးပြုမှုများပြီး ရေကြောင်းပို့ဆောင်ရေးအတွက် အခြေအနေတွေအရ ရင်းနှီးကျွမ်းဝင်မှုနည်းနေသေးတဲ့ အခြေအနေမျိုးဖြစ်သော်လည်း စနစ်တကျဖြင့်လုပ်ဆောင်နိုင်ပါက တွင်ကျယ်လာနိုင်ကြောင်း၊ ပြန်လည်ပြေးဆွဲမယ့် Yangon Water Bus ကိုလည်း ခရီးတိုစက်ဝိုင်းပုံစံပြုလုပ်ခြင်းဖြင့် နေ့လယ်ဘက် အပျော်လာရောက်စီးနင်းသူများလည်းရှိလာနိုင်သလို နေ့လည်ပိုင်းမှာ ခရီးသည်စီးနင်းမှုနည်းနေတဲ့ အခြေအနေကို ပြန်လည်ကုစားနိုင်မယ့် အခြေအနေကောင်းတွေဖြစ်လာနိုင်တယ်လို့လည်း သုံးသပ်ကြသူတွေရှိပါတယ်။
ထိုပြန်လည်ပြေးဆွဲဖို့စီစဉ်မှုနဲ့အတူ လက်မှတ်တွေကို KPay,CB Pay, Wave Pay တို့နဲ့ ဝယ်ယူနိုင်ဖို့ စီစဉ်ထားသော်လည်း လက်မှတ်ခနှုန်းထားအသေးစိတ်ကိုတော့ ကြိုတင်အသိပေးထားတာမျိုးမရှိသေးကြောင်း သိရပါတယ်။
 
ရန်ကုန်၊ ဇူလိုင် ၂၀