【 ပြည်တွင်း 】စားအုန်းဆီ တစ်ပိဿာလက်ကားရည်ညွှန်းစျေး ကျပ် ၃၆၆၅ လို့ ထုတ်ပြန်ထားပေမယ့် စျေးကွက်ထဲ ၇၅ဝဝ ဝန်းကျင်ပေးဝယ်နေရ

【 ပြည်တွင်း 】စားအုန်းဆီ တစ်ပိဿာလက်ကားရည်ညွှန်းစျေး ကျပ် ၃၆၆၅ လို့ ထုတ်ပြန်ထားပေမယ့် စျေးကွက်ထဲ ၇၅ဝဝ ဝန်းကျင်ပေးဝယ်နေရ

စားအုန်းဆီတစ်ပိဿာကို ရန်ကုန်စျေးကွက်အတွင်း ကျပ် ၇၅၀၀ ဝန်းကျင်နဲ့ ရောင်း၊ ဝယ်နေကြရပေမယ့် စစ်ကောင်စီလက်အောက်ခံ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနကတော့ ရန်ကုန်အထိုင်စျေး အခြေခံ လက်ကားရည်ညွှန်းစျေးမှာ စားအုန်းဆီ တစ်ပိဿာကို ကျပ် ၃၆၆၅ ကျပ် ဖြစ်တယ်လို့ ဇူလိုင် ၁၇ ရက်စွဲနဲ့ ထုတ်ပြန်ထားပါတယ်။ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ ဒီ စားအုန်းဆီ စျေးနှုန်းကတော့ ဇူလိုင် ၁၈ ကနေ ဇူလိုင် ၂၄ ရက်အထိ ရောင်းဝယ်ရမယ့် ရန်ကုန်အထိုင်စျေး အခြေခံ လက်ကားရည်ညွှန်း စျေးနှုန်းဖြစ်တယ် လို့ သိရပါတယ်။

ဒီစျေးနှုန်းအပေါ် မေးခွန်းထုတ်တာတွေရှိနေသလို ဝေဖန်မှုတွေလည်း မြင့်တက်နေပါတယ်။ “အစိုးရကထုတ်ပြန်ထားတဲ့ရည်ညွှန်းစျေးက လက်ရှိပြင်ပမှာ စားဆီဝယ်မယ်ဆိုရင် ၅ ဆယ်သားတောင်မရဘူး။ တစ်ခါတလေမှာ စဉ်းစားမိတာက စာစီထားတာ မှားတာလား။ ရည်ညွှန်းစျေးထက် နှစ်ဆပေးဝယ်စားတဲ့ စားသုံးသူတွေကပဲ ရူးနေသလား။ သိရှိသူများဖြေကြားပေးပါဗျာ။”လို့ လူမှုကွန်ရက်ပေါ်မှာ ပြည်သူတစ်ဦးက မေးမြန်းထားပါတယ်။

လက်ရှိ ထုတ်ပြန်ထားတဲ့ စားအုန်းဆီ စျေးနှုန်းကို အခြေခံပြီး ရောင်းချနိုင်အောင် ဆီဆိုင်ပိုင်ရှင်တွေကို ခွဲတမ်း ထုတ်ပေးရင်တော့ ဒီစျေးနှုန်း ရောင်းချနိုင်မယ့် အခြေအနေရှိတယ်လို့ ကျောက်တံတားမြို့နယ်က ဆီဆိုင်ပိုင်ရှင်တစ်ဦးက အခုလို ပြောပါတယ်။ “အခု လက်ကားစျေးတောင် မနည်းပေးဝယ်နေရတာ။ ထုတ်ပြန်ထားတဲ့ စျေးနဲ့ တွက်ချက်ရောင်းမယ်ဆိုရင်တော့ သူတို့ ဆီတွေ ခွဲတမ်းထုတ်ရောင်းပေးရင်တော့ရတာပေါ့။ ဒါဆိုရင် ကျွန်တော်တို့ လက်လီ၊ လက်ကားရောင်းတဲ့ သူတွေ ကလည်း အရင်းအနှီးဝယ်စျေးနဲ့ ပြန်တွက်ချက် လျှော့ရောင်းမှာပေါ့။ အခုက အလကားရတာမှ မဟုတ်တာ ထုတ်ပြန်တဲ့အတိုင်းရောင်းရအောင်။”လို့ ပြောပါတယ်။

လက်ရှိမှာတော့ မြန်မာနိုင်ငံဆီကုန်သည်နဲ့ ဆီလုပ်ငန်းရှင်များအသင်းရဲ့ အစီအစဉ်နဲ့ ကုမ္ပဏီတချို့ကတော့ မြို့နယ်တချို့မှာ စားအုန်းဆီ တစ်ပိဿာကို ကျပ် ၃၈၀၀၊ ၃၉၀၀၊ ၄၂၀၀ စတဲ့ စျေးတွေနဲ့ တန်းစီစနစ်နဲ့ ရောင်းချပေးနေတာကို လူမှုကွန်ရက်မှာ တွေ့ရပါတယ်။ ဒီလို တန်းစီဝယ်ယူရာမှာလည်း တစ်ဦးကို ဆီ ၅၀ သားပဲ ရောင်းချပေးတာဖြစ်တယ်လို့ သွားဝယ်သူတွေ ပြောပြချက်အရ သိရပါတယ်။

လီလီ

ရန်ကုန်၊ ဇူလိုင်၂၀