【 ဆောင်းပါး 】 ဒရယ်မြို့ဟောင်းသို့ နှစ်ခေါက်

【 ဆောင်းပါး 】 ဒရယ်မြို့ဟောင်းသို့ နှစ်ခေါက်

တကယ်တော့ ကျနော်တို့ဘီလူးကျွန်းမှာ မပြီးနိုင်မစီးနိုင် သိပ်ကျယ်ဝန်းလွန်းနေတာတော့မဟုတ်။သို့သော် ခေတ်ဟောင်းတိုင်းတာချက်အရ စင်ကာပူထက် အနည်းငယ်ကြီးသဖြင့် အကျယ်အဝန်းနှင့်ပတ်သက်လာလျှင်  မာန်တက်လောက်သည့် အနေအထားတော့ရှိသည်။

ဘီလူးကျွန်းတွင် တောင်နှင့် မြောက်ဟူ၍ နှစ်ပိုင်းသတ်မှတ် ခေါ်ဝေါ်ကြသည်။မြောက်ဘီလူးကျွန်းတွင် မွန်လူမျိုးအများစုနေထိုင်ပြီး မွန်စကားကိုသာပြောကြသည်။ဘီလူးကျွန်းတောင်ပိုင်းတွင် မြန်မာစကားကိုသာပြောကြသော်လည်း နေထိုင်သူများမှာ မွန်-ဗမာ အများဆုံးဖြစ်ပြီးရာခိုင်နှုန်း ၉၀ မကသော မွန်-ဗမာတို့မှာ မွန်စကားလုံးဝမတတ်ကြသူများဖြစ်သည်။

ကျနော်ဆိုလျှင် အဖေဘက်တွင် အညာသား ဗမာသွေး တစ်မတ်သားနှင့် ကျန်သုံးမတ်မှာ မွန်။အမေ ဘက်ဆိုလျှင်လည်း အဘိုးဘက်ခြမ်းမှာ မွန်စကားတတ်သော မွန်စစ်စစ်။အဘွား၏အစဉ်အဆက်မှာ ဟံသာဝတီအပျက်တွင် တိမ်းရှောင်လာသော မွန်၊သို့သော် အဘွားလက်ထက်တွင် မွန်စကားမတတ်တော့။ထို့ကြောင့် ကျနော့်သွေးထဲတွင် မွန်များများနှင့် ဗမာအနည်းငယ် ရောသမထားခြင်းဖြစ်သော်လည်း မွန်စကားမတတ်။မွန်စကားမတတ် ခြင်းသည် မွန်တောထဲသို့ရောက်ရှိချိန်တွင် ရှက်စရာ၊ သိမ်ငယ်စရာကောင်းမှန်း ဟိုး…ငယ်စဉ်ကတည်းက ခံစားခဲ့ရသည်။သို့သော် ကျနော်တို့ငယ်စဉ်က မွန်ဘာသာသင်ကြားရေးမရှိ၊ မွန်စကားပြောသည့်ပတ်ဝန်းကျင်မရှိ။ထို့ကြောင့် ကိုယ့်ကိုယ်ကိုယ် မွန်သွေးများသော တိုင်းရင်းသားဟု ဂုဏ်ယူစွာပြောတတ်သော်လည်း မွန်စကားတတ်လားဟု အမေးခံရမည်ကို သိပ်ကြောက်မိသည်။ပြဿနာက အဆက်အစပ်နည်းခြင်းဖြစ်သည်။

နယ်မြေအတန်အသင့်ကျယ်ဝန်းမှုနှင့် လမ်းပန်း ဆက်သွယ်ရေးမကောင်းခြင်းသည် တောင်ဘီလူးကျွန်းနှင့် မြောက်ဘီလူးကျွန်းကို အဆက်အစပ်နည်း အောင် ကာရံထားသည့် မမြင်ရသောတံတိုင်းကြီးဟု ကျနော်နားလည်မိသည်။

ကတ္တရာလမ်းက လကမ္ဘာပမာ၊ သွားစရာလာစရာက ၂၀၁၀ ပြည့်နှစ်ဝန်းကျင် ကျွန်းလုံးပြည့် ဆိုင်ကယ်စီးနိုင်သည့်ကာလမရောက်ခင် စက်ဘီးခေတ်နှင့် နွားလှည်းခေတ်တွင် ဝေးဝေးလံလံမသွားနိုင် အောင် ရုပ်၀တ္ထုမြန်နှုန်းက ကန့်သတ်ထားပြီးသား။လိုင်းကားမရှိဘူးလားဆိုတော့ ရှိသည်။သို့သော် တောင်နှင့် မြောက်ကို ချိတ်ဆက်ပေးသော လိုင်းကားများသည် မော်လမြိုင်သွား ဇက်သင်္ဘောအချိန်အတိုင်းသာ ပြေးဆွဲသဖြင့် မနက်သွားပြီးလျှင် ညနေကျမှပြန် မလွယ်ကူ။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရလက်ထက်ကျမှသာ သံလွင်မြစ်ကူးတံတား ဖွင့်လှစ်နိုင်ခြင်းနှင့် အတူ လမ်းအပေါင်းတို့သည်လည်း ရောင်စုံပွင့်ခဲ့သည်။ယခင်က ဘီလူးကျွန်း တောင်-မြောက် ချိုင့်ခွက်သရဖူဆောင်းထားသော ကတ္တရာလမ်းတစ်လမ်းသာရှိခဲ့ရာမှ ဒီချုပ်အစိုးရလက်ထက်မှစတင်ကာ အပေါက်အဖာကင်းသော နောက်ထပ်ကတ္တရာလမ်းတစ်လမ်း။

ထို့ပြင် တောင်-မြောက် သွားလမ်းနှစ်လမ်းကို အလယ်ဗဟိုလောက်မှနေ၍ ဖောက်လုပ်ချိတ်ဆက် ထားသော ကွန်ကရစ်လမ်းနှစ်လမ်းကလည်းရှိသေးသည်။ယခင်က လူအသွားအလာနည်းသော မုခနီး-ရှမ်းစု-သက္ကောနှင့် ကမနင်း-ရှမ်းစု-သက္ကော မြေသားလမ်းတို့မှာ ဒီချုပ်အစိုးရလက်ထက်တွင် ကွန်ကရစ်လမ်းများအဖြစ် ထည်ထည်ဝါဝါ။

စကားစပ်လို့ပြောရသော် ရှမ်းစုဆိုသောရွာမှာ ရှေးသရောအခါက ထိုင်းလူမျိုးတို့၏ အစဉ်အဆက်နေထိုင်ရာ ရွာဖြစ်သည်။ရှေးနှစ်ပေါင်းများစွာက သက္ကရာဇ်တချို့တွင် ဘီလူးကျွန်း၌ ထိုင်းလူမျိုးတို့နေထိုင်ခဲ့ကြပြီးနောက် ဆုတ်ခွာထွက်ပြေးသည့်အခါ ထိုင်းလူမျိုးတချို့ ကျန်နေခဲ့ခြင်းဖြစ်သည်။မွန်တို့က ထိုင်းကို ရှမ်းဟုခေါ်သည်။ထို့ကြောင့် ရှမ်းတို့စုဝေးနေထိုင်ရာရွာကို ရှမ်းစုဟုတွင်ခြင်းဖြစ်နိုင်သည်။၎င်းတို့သည် တစ်ခေတ်တစ်ခါက ထိုင်းလူမျိုးဖြစ်ကြောင်း ခိုင်မာသည့်အထောက်အထားများရှိသော်လည်း စနစ်တကျ သုတေသနရလဒ်မရှိသဖြင့် ခေတ်ကာလကို ခိုင်ခိုင်မာမာမပြောနိုင်။ယခုအခါ ထိုင်းလူမျိုးဟူ၍ အမှတ်အသားလက္ခဏာအချို့သာကျန်တော့ပြီး မွန်စကားနှင့် ဗမာစကားကိုသာ ပြောနေကြတော့သည်။

မည်သို့ပင်ဆိုစေ၊ ဘီလူးကျွန်းတွင် မွန်များများ၊မွန်-ဗမာများများ၊ ဗမာနည်းနည်းတင်မက ထိုင်းလူမျိုးတို့လည်း အနည်းငယ်မျှနေထိုင်သည်ဟုဆိုလျှင် မှားမည်မထင်ပေ။

သို့သော် အထက်တွင်ဆိုခဲ့သလို ပြီးခဲ့သည့် ၄-၅နှစ်ဟိုဘက်ကာလများမှာ လမ်းပန်းဆက်သွယ်ရေးမကောင်းသဖြင့် ဘီလူးကျွန်း တောင်နှင့် မြောက် အဆက်အစပ်ရယ် ထဲထဲဝင်ဝင်မရှိ။ထို့ကြောင့် ရှမ်းစုရွာသားတို့၏ မူလအစသည် ထိုင်းလူမျိုးများဖြစ်ကြောင်း ဘီလူးကျွန်းသားများစွာပင် မသိရှိကြ။ဒါ့ထက် ပိုရင်နာစရာကောင်းတာက ဘီလူးကျွန်းတွင် ရှေးဟောင်းမြို့တစ်မြို့ ရှိခဲ့ဖူးကြောင်း ဘီလူးကျွန်းသားများစွာ သေချာမသိရှိခြင်းဖြစ်သည်။

ဒရယ်ရွာဟုခေါ်သည်။မြောက်ဘီလူးကျွန်း အဓိကလမ်းမကြီးအဆုံး ကလွီရွာမှ နောက်ထပ် ၁၀ မိနစ် ခန့် ဆိုင်ကယ်ထပ်မောင်းမှရောက်သော မွန်ရွာကြီးဖြစ်သည်။ဒရယ်ရွာမှ ထပ်သွား၍ရသော ရွာမရှိ။ဒရယ်ရွာနှင့် တစ်ခုတည်းသောဆက်သွယ်ရာမှာ ကလွီရွာ။ဒရယ်ရွာ၏အဆုံးတွင် သံလွင်မြစ်။သံလွင်မြစ်၏ ဟိုဘက်ကမ်းမှာ မုတ္တမအပိုင်၊ အပေါင်မြို့နယ်။ဒရယ်ဘေးရှိ သံလွင်မြစ်သည် သိပ်မကျယ်သဖြင့် ဒရယ်သည် မုတ္တမအပိုင်နှင့်ပင် ပိုနီးသည်။

မွန်ရွာကြီးတစ်ရွာ၏အမည်က ဘာ့ကြောင့် ဒရယ်ဟူ၍ ဗမာသိပ်ဆန်သော အကောင်တစ်ကောင်၏ အမည်ဖြစ်နေရသနည်း။တစ်ချိန်က ကျနော်မေးခဲ့ဖူးသောမေးခွန်းဖြစ်ပြီး ဟုတ်တိပတ်တိပြန်ဖြေပေးနိုင်ခဲ့သူမရှိ။ယခုနောက်ပိုင်းမှသာ မိတ်ဆွေကြီး မွန်တစ်ဦး၏ နှံ့စပ်မှုကြောင့် ဒရယ်၏အဓိပ္ပါယ်ကို နားလည်တော့သည်။

ဒရယ်ဆိုသည်မှာ မွန်အသံထွက် ကွာန်ဒေးကရဲမှ ဆင်းသက်လာခြင်းဖြစ်ပြီး တောင်ကိုလှည့်ပတ် တည်ထားသောရွာ (သို့မဟုတ်) တောင်ပတ်လည်တည်ထားသောရွာဟု ဗမာလိုအဓိပ္ပါယ်ထွက်သည်။ပြောရလျှင် မွန်အသံထွက် ဒေးကရဲကို အားမနာတမ်း ဗမာဆန်ပစ်လိုက်ရာမှ ဒရယ်ဟုတွင်ခြင်းဖြစ်သည်။ကျနော်တို့ ရန်ကုန်တိုင်းထဲရှိ ဒေးဒရဲမြို့နယ်သည်လည်း မွန်အသံထွက်ကို ဗမာလိုအနီးစပ်ဆုံးယူပစ်လိုက်ခြင်းဖြစ်သည်။

ဒရယ်ကို ရှေးဟောင်းမြို့တစ်မြို့ဖြစ်ကြောင်း ခပ်သဲ့သဲ့ကြားဖူးခဲ့သည်မှာ ကျနော်အသက် ၂၀ မပြည့် ခင် ၁၉၉၀ ကျော်ကာလကတည်းကဖြစ်သည်။ထို့ကြောင့် စိတ်ဝင်စားသည်။ရှေးဟောင်းမြို့ဖြစ်ကြောင်း အထောက်အထားများကိုကြည့်ချင်သည်။သို့သော် ဝေးလွန်းသဖြင့် စက်ဘီးနှင့်သွားရန် မည်သို့မျှမဖြစ်နိုင်။ဆိုင်ကယ်မရှိ၊ လိုင်းကားနှစ်ဆင့်စီး၊ ကလွီရောက်။ကလွီမှ ဒရယ်သို့ ကွင်းလမ်းအတိုင်း လမ်းလျှောက်လျှင် နာရီဝက်ကျော်ဆိုတော့ မလွယ်။

၂၀၁၁ ခုနှစ် ဘီလူးကျွန်းသို့ အလည်ရောက်ချိန်ကြမှသာ ချောင်းဆုံမြို့ပေါ်က မိတ်ဆွေကျူရှင်ဆ ဆရာတစ်ဦး၏ အကူအညီကြောင့် ရောက်ဖူးချင်လှသော ဒရယ်သို့ ဆိုင်ကယ်ဖြင့် ပထမဆုံးအကြိမ်ရောက်ရှိခြင်းဖြစ်သည်။ချောင်းဆုံမှ ကလွီသို့ရောက်ဖို့ပင် မိနစ် ၄၀ ကျော်။ကလွီမှ ဒရယ်သို့ ဘေးနှစ်ဖက် လယ်ကွင်းများဝန်းရံထားသော မြေသားလမ်းပေါ် ၁၀ မိနစ်ခန့်ဖြတ်ပြီးနောက် ဒရယ်ရွာထိပ်သို့ရောက်သည်။တောင်ပတ်လည်တွင် ရွာတည်ထားခြင်းကြောင့် ဒရယ်တောင်သည် ရွာ၏အလယ်ခေါင်တွင်။ရွာမြေသားက အနီရောင်ဂဝံမြေမို့ ရေမတင်။လမ်းကျယ်ကျယ် ခြံကျယ်ကျယ်နှင့် အိမ်ကြီးအိမ်ကောင်းတို့သည် မနည်း။ကိုယ့်ဘဝ ကိုယ့်ဘာသာတည်ရသည့် ကျနော်တို့ကျွန်းသားတို့၏ ထုံးစံအတိုင်း လူငယ်များစွာ ထိုင်းသို့သွားအလုပ်လုပ်ကိုင်ခြင်းမှသည် အတန်အသင့်စိုပြေလာကြခြင်းဖြစ်သည်။

ရွာအဝင်မှ ညာဘက်လမ်းအတိုင်း ခပ်ဖြည်းဖြည်းသုံး၊ လေးမိနစ် ဆိုင်ကယ်မောင်းတော့ လှေဆိပ်သို့ ရောက်သည်။ကျနော့်မိတ်ဆွေသည်လည်း ဒရယ်သို့ တစ်ခေါက်သာ ခဏတဖြုတ်ရောက်ခဲ့ဖူးသူမို့ ဧည့်သည်ဝင်လုပ်ရမည့်အိမ်မရှိ။ဒရယ်ဗေဒကို ကျွမ်းကျင်ပိုင်နိုင်စွာ ခင်းကျင်းပြသပေးမည့်သူမရှိ။လှေဆိပ်မှကြည့်လိုက်လျှင် ရွာအဝင်ဝ၌မြင်ရသောမြေသားတံတိုင်းသဏ္ဍာန်သည် မြို့အဝင်တံခါးဟုဆိုသဖြင့် လှေဆိပ်ဆင်းကာ လှမ်းကြည့်ဖြစ်သည်။

မကြာမီ ကျနော်တို့နားရောက်လာသော ဒရယ်သားတစ်ဦးကို စကားစပ်ကြည့်သည်။လှေဆိပ်မှ ကြည့်လျှင်မြင်ရသော ရွာအဝင်ဘယ်ဘက်ခြမ်း တောင်ကုန်းကို လွန်ခဲ့သော ၁၀ နှစ်ခန့်က သမိုင်းပညာရှင်တစ်ဦး လာရောက်လေ့လာခဲ့သည်ဟု ၎င်းကဆိုသည်။သမိုင်းပညာရှင်၏အမည်ကို မေးကြည့်တော့မသိ။ဘာတွေလေ့လာပြီး ဘာတွေတွေ့ရှိခဲ့သလဲဟု မေးကြည့်တော့လည်း မသိ။ရွာတွင်း တစ်ခုခုလုပ်ရန် မြေသားတူးသည့်အခါ ရှေးဟောင်းအိုးခွက်များကို မကြာခဏရရှိသည်ဟု ဒရယ်ရွာသားက ပြောပြသော်လည်း မည်သူ့ထံသွားကြည့်ရမည်လဲမသိ။အကယ်၍ ရှေးဟောင်းလက်ရာများကိုမြင်ခွင့်ရသည့်တိုင် ကျနော်က သာမန်စာရေးသူတစ်ဦးသာမို့ ကြည့်ရရုံကလွဲ ဘာမှသိမည်မဟုတ်။

ပြောရလျှင် ကျနော်၏ ပထမအခေါက် ဒရယ်ရွာခရီးသည် ရွာထဲဝင်၊ လှေဆိပ်နားရောက်၊ မြို့တံခါး ဟုထင်ရသောနေရာကိုကြည့်၊ ပြီးတော့ ရွာတစ်ပတ်ပတ်ပြီးပြန်။သို့သော် ရောက်ဖူးချင်သောရွာသို့ ရောက်ရှိခဲ့သဖြင့် လိုက်ပို့ပေးသောမိတ်ဆွေအား ကျေးဇူးတင်ရသည်။

၂၀၁၉ ခုနှစ် သင်္ကြန် ဘီလူးကျွန်းပြန်တော့ မိတ်ဆွေကြီး ဒေါက်တာအောင်နိုင်ဦး က လိုက်ပို့သဖြင့် ဒုတိယအကြိမ်မြောက် ဒရယ်သို့ ထပ်ရောက်သည်။

ဒေါက်တာအောင်နိုင်ဦးမှာ ထိုအချိန်က မွန်ပြည်နယ်လွှတ်တော် ဒုဥက္ကဋ္ဌ။ပြီးတော့ ဒရယ်သည် ၎င်းအနိုင်ရရှိခဲ့သော မဲဆန္ဒနယ်ထဲက ရွာ။မွန်လူထုအပေါ် ထိုက်သင့်သည့်သြဇာလည်းရှိ၊ ဒရယ်ရွာသားများစွာနှင့်လည်း ကျွမ်းဝင်ပြီးသားမို့ အိုကေ။

ဒရယ်ရွာသို့ရောက်တာနဲ့ မည်သူ့ကိုမှ မေးစရာမလို။ဒရယ်ရွာထွက် ရှေးဟောင်းပစ္စည်းများကို ဇွဲကြီး ကြီးဖြင့် စုဆောင်းနေသူ ကိုသန်းထိုက်အိမ်သို့ တန်းသွားခဲ့သည်။ကိုသန်းထိုက်မှာ အသက် ၅၀ ကျော်အရွယ် အိမ်ထောင်သည်။သူ့အိမ်ဝရောက်သည်နှင့် သစ်သားပန်းပုများက ဆီးကြိုလို့နေသည်။မေးကြည့်တော့ သူကိုယ်တိုင်ထုထားသော ပန်းပုထည်များ။ပန်းပုထုသည့်သစ်များသည် သံလွင်မြစ်ထဲမျောပါလာသောသစ်များဖြစ်ပြီး ၎င်းကိုယ်တိုင်ဆယ်ယူခြင်းဟု သိရသည်။ထုလုပ်မည့် သစ်သားထည်ကိုက ခက်ခက်ခဲခဲ လှလှပပ အနုပညာဖြစ်နေသည့်သဘော။ကိုသန်းထိုက်၏ အိမ်အောက်ထပ်တစ်ခုလုံးသည် ဒရယ်ရွာအတွင်း မြေတူးရင်း တွေ့ရှိခဲ့သော ရှေးဟောင်းပစ္စည်းများဖြင့် ပြည့်နှက်နေသည်။

“ကျနော့်ဝါသနာအရ စုဆောင်းထားတာ။ရွာက ရှေးဟောင်းပစ္စည်းတွေ့သမျှ ကျနော့်ဆီလာပေးကြ တယ်။ပေးသမျှ ကျနော်စုဆောင်းထားတယ်” ဟု ၎င်းကပြောသည်။

များသောအားဖြင့် စုဆောင်းရရှိထားသည်မှာ ရှေးဟောင်းအိုးမျိုးစုံအပဲ့များဖြစ်ပြီး တချို့မှာအ ကောင်းနီးပါး ရှေးဟောင်းအိုးများဖြစ်သည်။အိမ်အပေါ်ထပ် ဧည့်ခန်းတွင်လည်း မှန်ဗီရိုထဲ ထည့်သွင်းပြသထားသော အိုးခြမ်းပဲ့များကိုလည်း တွေ့ရသည်။မြင်လိုက်ရုံဖြင့် ရှေးဟောင်းပစ္စည်းမှန်း မည်သူမဆိုပြောနိုင်သည့် အိုးခြမ်းပဲ့များ။ဘယ်ခေတ်ကာလက အိုးများလဲဆိုတာတော့ ကိုသန်းထိုက်လည်းမသိ။

‘ကျနော်က သမိုင်းပညာရှင်မဟုတ်တော့ မသိဘူး။ဒရယ်ကိုလာတဲ့ သမိုင်းပညာရှင်တွေကိုပြတယ်။သူတို့က ဒရယ်ကို မြို့ဟောင်းလို့ပြောပေမယ့် ဘယ်ခေတ်ကာလကလဲဆိုတာတော့ သေချာမပြောဘူး’ ဟု ကိုသန်းထိုက် က ဆက်ပြောသည်။

ထို့နောက် သံလွင်မြစ်နားရှိ ဘုန်းကြီးကျောင်းတစ်ကျောင်းသို့ လိုက်ပို့သည်။ထိုဘုန်းကြီးကျောင်း  အဝနားတွင် မြို့ရိုးအပိုင်းအပြတ်ကို တွေ့ရသည်။ထို့နောက် ဘုန်းကြီးကျောင်းဝင်းထဲရှိ တောင်ပေါ်သို့ တက်။တောင်ပေါ်တွင် မြို့ရိုးပေါ်တည်ဆောက်ထားသော ကင်းမျှော်စင်နှစ်ခု။တောင်၏ ဟိုဘက်တွင် သံလွင်မြစ်မို့ မြစ်အတွင်းမှလာမည့်ရန်သူကို ကာကွယ်ရန်နှင့် စောင့်ကြည့်ရန် တည်ဆောက်ထားသည့် မြို့ရိုးနှင့် ကင်းမျှော်စင်ဖြစ်ဟန်တူသည်။ယင်းကင်းမျှော်စင်နှစ်ခုစလုံးတွင် ရှေးဟောင်းအုတ်ချပ်ပြားကြီးများကို တွေ့နေရဆဲဖြစ်သည်။

ကျနော်၏ ဒုတိယအကြိမ်မြောက် ဒရယ်မြို့ဟောင်းခရီးသည် ၃ နာရီကျော်ကြာပြီး ကျွန်းသားတစ်ဦး အနေနှင့် မြင်သင့်မြင်အပ်သော ရှေးဟောင်းပစ္စည်းများကို အသေအချာမြင်ခွင့်ရခဲ့သဖြင့် ကျေနပ်ခဲ့ရသော ခရီးစဉ်ဖြစ်သည်။ကိုသန်းထိုက် စုဆောင်းထားသော ရှေးဟောင်းပစ္စည်းများကို မြင်ရုံဖြင့်ပင် ဒရယ်မြို့ဟောင်းသည် အမှန်တကယ်ရှိခဲ့ကြောင်း ယုံကြည်ထိုက်သည်ဟု ကျနော်ခံစားမိသည်။ကိုယ့်ဘီလူးကျွန်းတွင် မြို့ဟောင်းတစ်ခုရှိခဲ့ခြင်းအတွက် ကျနော်ဂုဏ်ယူမိသည်။သို့သော် မြို့ဟောင်းကြီးပေါ် ငုတ်တုပ်ထိုင်ပြီး ဘယ်ခေတ်ကမြို့ဟောင်းလဲဆိုသည်ကို ကျနော်တို့သေချာမပြောနိုင်သေးခြင်းမှာ ရှက်စရာကောင်းလှပေသည်။

ငြိမ်းဆက်
ဇူလိုင် - ၁၇