【 ‌ဆောင်းပါး 】 သစ်ပင်သစ်တောများ ပြန်လည်စိမ်းလန်းစေဖို့

【 ‌ဆောင်းပါး 】 သစ်ပင်သစ်တောများ ပြန်လည်စိမ်းလန်းစေဖို့

မြန်မာနိုင်ငံတွင် တစ်နှစ်ထက် တစ်နှစ် နွေရာသီအပူချိန်များ အလွန်မြင့်တက်လာသောအခါ  စိမ်းလန်းစိုပြေသော သစ်ရိပ်ဝါးရိပ်များသည် အလွန်တန်ဖိုးရှိလာသည်။

ဆယ်စုနှစ်မက သစ်တောပြုန်းတီးလာမှုများ၏ အကျိုးသက်ရောက်မှုကို ခံစားနေရပြီဖြစ်သည်။နွေ၊ မိုး၊ ဆောင်း အစွန်းရောက် ရာသီဥတုများကို လက်မခံချင်ဘဲ လက်ခံနေရပြီဖြစ်သည်။

ရုပ်ကြွင်းလောင်စာများ အသုံးပြုမှု မြင့်တက်လာခြင်း၊ သစ်တောများ ခုတ်ထွင်မှု မြင့်တက်လာခြင်းတို့ကြောင့် ကမ္ဘာကြီးပူနွေးလာမှုများ ပိုပြီးမြင့်တက်လာသည်။လာမည့် ၂၅ နှစ်အတွင်း ရာသီဥတုဖောက်ပြန်မှုများကြောင့် ကမ္ဘာတစ်ဝန်း နိုင်ငံများ၏ ဝင်ငွေများ ကျဆင်းနိုင်ဖွယ်ရှိသည်ဟု ပညာရှင်များ ထောက်ပြထားသည်။

မြန်မာနိုင်ငံ၏ သစ်တောပြုန်းတီးလာမှု အခြေအနေများကိုကြည့်လျှင် ကမ္ဘာ့သစ်တောသယံဇာတ ဆန်းစစ်လေ့လာခြင်း အစီရင်ခံစာ(GFRA 2020) အရ မြန်မာနိုင်ငံ၏ သစ်တောဖုံးလွှမ်းမှုမှာ နိုင်ငံစုစုပေါင်းဧရိယာ၏ ၄၂ ဒသမ ၁၉ ရာခိုင်နှုန်း၊ နိုင်ငံကုန်းမြေဧရိယာ၏ ၄၃ ဒသမ ၇၁ ရာခိုင်နှုန်းသာရှိသည်ဟု ဖော်ပြခဲ့သည်။ ၂၀၂၀ ခုနှစ်က ကမ္ဘာ့သစ်တောပြုန်းတီးမှုဧရိယာများ ဖော်ပြသည့် နိုင်ငံစာရင်းတွင် အဆင့် ၇ တွင် ရှိခဲ့သည်။

မြန်မာနိုင်ငံ၏ သစ်တောဖုံးလွှမ်းမှုဧရိယာသည် ၂၀၀၀ ပြည့်နှစ်က နိုင်ငံဧရိယာ၏ ၅၁ ဒသမ ၅၄ ရာခိုင်နှုန်းရှိခဲ့ပြီး တဖြည်းဖြည်းကျဆင်းလာသော အခြေအနေများဖြစ်သည်။  သစ်တောများ ပြုန်းတီးလာခြင်း၏ အကျိုးဆက်အဖြစ် မြစ်၊ ချောင်း၊ ရေကန်များ ပိုမိုညစ်ညမ်းလာပြီး ရေချိုများ ခန်းခြောက်လာခြင်း၊ မြေဆီလွှာများ ပျက်စီးပြုန်းတီးခြင်း၊ ဇီဝမျိုးစုံမျိုးကွဲများ တဖြည်းဖြည်းလျော့နည်း ပျောက်ကွယ်လာခြင်းနှင့် သဘာဝဘေးအန္တရာယ်များ မကြာခဏကျရောက်ခြင်းတို့ ပိုမိုကြုံတွေ့လာရသည်။

ဖွံ့ဖြိုးပြီး ကမ္ဘာ့နိုင်ငံများတွင် သစ်တောများ ပြန်လည်ဖုံးလွှမ်းရေး၊ ကာဗွန်လျှော့ချရေး အစီအမံများကို ဆောင်ရွက်လာကြသည်။ထိုကဲ့သို့ ပြုပြင်ပြောင်းလဲရေးများကို အရှိန်အဟုန်နှင့်ဆောင်ရွက်နေသော နိုင်ငံများထဲတွင် တရုတ်နိုင်ငံလည်း ပါဝင်သည်။

တရုတ်နိုင်ငံတွင် ဆင်းရဲနွမ်းပါးမှု ပပျောက်ရေး ဦးတည်ချက် ကြိုးပမ်းမှုများတွင် ဂေဟပတ်ဝန်းကျင် ထိန်းသိမ်းရေး ရန်ပုံငွေဖြင့် ဆင်းရဲနွမ်းပါးမှု ပပျောက်ရေး အစီအစဉ်လည်း ပါဝင်ခဲ့သည်။၎င်းအစီအစဉ်မှာ နိုင်ငံထဲမှ ဆင်းရဲသားပေါင်း ၁၁ သိန်းကျော်ကို သစ်တောထိန်းသိမ်းရေး ဝန်ထမ်းများအဖြစ် ခန့်အပ်ခဲ့ပြီး သစ်ပင်နှင့် မြက်ပင် စိုက်ပျိုးခြင်း အသင်းပေါင်း နှစ်သောင်းကျော် ဖွဲ့စည်းတည်ထောင်ခဲ့ခြင်းဖြစ်သည်။

ခန့်အပ်ခံရသော သစ်တောထိန်းသိမ်းရေးဝန်ထမ်းများက သစ်တော သစ်ပင် စိမ်းလန်းစိုပြေရေး လုပ်ငန်းများတွင် တက်ကြွစွာ ပါဝင်လုပ်ကိုင်ခဲ့ကြသဖြင့် သစ်ပင်များ ပိုမိုဖြစ်ထွန်းလာသလို တစ်ဖက်မှာလည်း စီးပွားဖြစ် သစ်ပင်များ စိုက်ပျိုးကြသဖြင့် ဝင်ငွေများလည်း ကောင်းခဲ့သည်။

၂၀၂၂ ခုနှစ်က တရုတ်နိုင်ငံတွင် သစ်တောဧရိယာ စုစုပေါင်း ဟက်တာ ၃ ဒသမ ၈၃ သန်း၊ မြက်ခင်းပြင် ဟက်တာ ၃ ဒသမ ၂၁ သန်းတို့ကို တိုးချဲ့စိုက်ပျိုးပြီး သစ်တောများ ထိန်းသိမ်းရေးကို အရှိန်အဟုန်နှင့် ဆောင်ရွက်ခဲ့သည်။

ထိုကဲ့သို့ သစ်ပင်များ တိုးချဲ့စိုက်ပျိုးမှု အစီအစဉ်များကြောင့် တရုတ်နိုင်ငံသည် ၁၉၈၀ ပြည့်နှစ်ကာလများက သစ်တောဖုံးလွှမ်းမှု ၁၂ ရာခိုင်နှုန်းသာရှိခဲ့ရာမှ ၂၀၂၂ ခုနှစ်အတွင်း ၂၄ ဒသမ ၀၂ ရာခိုင်နှုန်းအထိ နှစ်ဆတိုး၍ ဖန်တီးနိုင်ခဲ့သည်။မြက်ခင်းပြင် လွှမ်းခြုံမှုသည် ၂၀၂၂ ခုနှစ်တွင် ၅၀ ဒသမ ၃၂ ရာခိုင်နှုန်းအထိ မြင့်တက်လာခဲ့သည်။

တရုတ်နိုင်ငံအနေဖြင့် လာမည့် ၂၀၃၀ ပြည့်နှစ်တွင် ကာဗွန်ဒိုင်အောက်ဆိုဒ် ထုတ်လွှတ်မှု အမြင့်ဆုံးလျှော့ချရေးနှင့် ၂၀၆၀ ပြည့်နှစ်တွင် ကာဗွန်ထုတ်လုပ်မှု အဆုံးသတ်ရေး ကတိကဝတ်များပေးနိုင်ရန် ကြိုးပမ်းဆောင်ရွက်လျက် ရှိကြောင်း သိရသည်

ထို့အပြင် တရုတ်နိုင်ငံ တောင်ပိုင်း၊ Liuzhou မြောက်ဘက်ရှိ Guangxi ဒေသတွင် ကမ္ဘာ့ပထမဆုံး သစ်တောမြို့တော်စီမံကိန်းကို ဆောင်ရွက်ခဲ့သည်။သစ်တောမြို့တော်တွင် စီးပွားရေးလုပ်ငန်းများနှင့် အပန်းဖြေနားနေရန် နေရာများလည်း ဖန်တီးထားပြီး သစ်ပင်ပေါင်း လေးသောင်းကျော်၊ အပင်မျိုးစိတ်ပေါင်း တစ်သန်းကျော်တို့က ဝန်းရံထားသည်။အလားတူ တရုတ်နိုင်ငံရှိ သဲကန္တာရများတွင် တောအုပ်များအဖြစ် ပြောင်းလဲရန် ရေသွင်းခြင်း၊ သစ်ပင်များ စိုက်ပျိုးခြင်းများကို နှစ်စဉ်ပြုလုပ်လာကြသည်။

အာဆီယံနိုင်ငံများတွင် မလေးရှားနိုင်ငံကလည်း သစ်တော်မြို့တော် စီမံကိန်းကို ဆောင်ရွက်နေပြီး စင်ကာပူနိုင်ငံကလည်း သစ်တောထိန်းသိမ်းရေးအစီအမံများကို တမူထူးခြားစွာ ဆောင်ရွက်လျက်ရှိသည်။

မြန်မာနိုင်ငံအနေဖြင့် သစ်တောပြုန်းတီးမှု လျှော့ချရေးနှင့် ထိန်းသိမ်းရေး အစီအစဉ်များကို ဆောင်ရွက်လျက် ရှိကြောင်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနမှ သိရသည်။သစ်တောများ ပြန်လည်တည်ထောင်ရေး စီမံကိန်းအဖြစ် ၂၀၁၇ ခုနှစ်မှ ၂၀၂၇ ခုနှစ်အထိ ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် အကောင်အထည်ဖော်ခြင်း၊  တောရိုင်းတိရစ္ဆာန်များ၏ နေရင်းဒေသများ ပြန်လည်တည်ထောင်ခြင်း စီမံကိန်း၊ ဇီဝမျိုးစုံမျိုးကွဲများ ထိန်းသိမ်းရေး စီမံကိန်း၊ ရေဝေရေလဲဒေသများ၊ ကမ်းရိုးတန်းဒေသများ၊ ဒီရေတောများနှင့် တောင်တန်းဒေသကြီးများ အပူပိုင်းဒေသရှိ တောင်တန်းများအပါအဝင် ရေဝေရေလဲ သစ်တောထိန်းသိမ်းရေးလုပ်ငန်း ပါဝင်ကြောင်း သိရသည်။

ပြည်တွင်း၌ သစ်တောများပြုန်းတီးမှု လျှော့ချရေးနှင့် ထိန်းသိမ်းရေး အစီအစဉ်များတွင် မြန်မာ-တရုတ် နှစ်နိုင်ငံ ချစ်ကြည်ရေး သစ်တောစိုက်ခင်း စီမံကိန်းများလည်း တစ်စိတ်တစ်ဒေသပါဝင်ခဲ့သည်။၎င်းစီမံကိန်း သည် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်မှ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်အထိ စီမံချက်ဖြင့် ကျွန်း၊ မဟော်ဂနီ၊ သင်းဝင်၊ ပိတောက်၊ ခရေနှင့် စိန်ပန်းပင်များကို စိုက်ပျိုးခဲ့သည်ဟု သိရသည်။

ဖွံ့ဖြိုးပြီးနိုင်ငံ တော်တော်များများ၌ သစ်တောများ တည်တံ့အောင် စီမံအုပ်ချုပ်ခြင်း ဆောင်ရွက်ချက်များတွင် ခေတ်မီနည်းပညာများစွာဖြင့် အသုံးပြုလျက်ရှိသဖြင့် ပိုမိုတွင်ကျယ်လျက်ရှိသည်။ဒရုန်းနည်းပညာများဖြင့် သစ်တောစီမံအုပ်ချုပ်ခြင်းများ ဆောင်ရွက်ခြင်းနှင့် ဇီဝမျိုးစုံမျိုးကွဲ ထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ သစ်တောဖုံးလွှမ်းမှုများကို ဆန်းစစ်လေ့လာ တွက်ချက်ခြင်း၊ ခေတ်မီဂြိုဟ်တုဓာတ်ပုံများဖြင့် စောင့်ကြည့်လေ့လာခြင်း၊ ပထဝီသတင်းအချက်အလက် နည်းပညာများကို ရယူခြင်း စသဖြင့် နည်းပညာများ စုံလင်လာသဖြင့် ပိုမိုထိရောက်သော ထိန်းသိမ်းမှုများကို ဆောင်ရွက်လာနိုင်သည်။ထို့အပြင် ယနေ့ကမ္ဘာတွင် လွှမ်းမိုးလာသော ဉာဏ်ရည်တုနည်းပညာ (AI) ကလည်း သစ်တောများ စောင့်ကြည့်လေ့လာရာတွင် များစွာအသုံးဝင်လာသည်ဟု သိရသည်။

သစ်တောသစ်ပင်များ ပြုန်းတီးလာခြင်း၏ ဆိုးကျိုးများကို သိရှိလာပြီးနောက်  ပြန်လည်ကုစားနိုင်အောင် ဆောင်ရွက်ခြင်းသည် လူတိုင်းအတွက် တာဝန်တစ်ရပ်ဖြစ်လာသည်။အထူးသဖြင့် ကာဗွန်ဒိုင်အောက်ဆိုဒ် ထွက်ရှိမှု မြင့်မားသော မြို့ပြဒေသများတွင် သစ်ပင်များကို စနစ်တကျစိုက်ပျိုးမှုများ ပိုများလာသည်။

မြို့ပြဒေသများ၌ ပန်းခြံများသည် စိမ်းလန်းစိုပြေခြင်းနှင့် လူသားတို့၏ ကျန်းမာရေးအတွက် အရေးပါသော နေရာတစ်နေရာဖြစ်သည်။မြန်မာနိုင်ငံရှိ မြို့ကြီးများတွင် ပန်းခြံများနှင့် သစ်ပင်များ ဝေဆာနေခြင်းသည် မြို့ပြနေထိုင်သူများကို များစွာအကျိုးပြုသည့်အတွက် စနစ်တကျ တိုးချဲ့စိုက်ပျိုးရန် လိုအပ်နေပါသည်။

လူသားတို့ ရှင်သန်နိုင်ဖို့အတွက် သစ်ပင်များ၏ အကျိုးကျေးဇူးများသည် များစွာအရေးပါလျက်ရှိနေသည့်အတွက် သစ်ပင်များကို လူသားတိုင်း တတ်စွမ်းသမျှ စိုက်ပျိုးရန် လိုအပ်လာသည်။ထို့ကြောင့်ပင် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့၊ ကမ္ဘာမြေနေ့၊ ကမ္ဘာ့မြေဆီလွှာနေ့ အစရှိသည့် အပြည်ပြည်ဆိုင်ရာ သတ်မှတ်ထားသော နေ့ရက်များတွင် လူမှုအဖွဲ့အစည်းများက သစ်ပင်များစိုက်ပျိုးကြရန် နှိုးဆော်ကြပြီး အစုအဖွဲ့များဖြင့် သစ်ပင်ပန်းမန် စိုက်ပျိုးခြင်းများ ပြုလုပ်ကြလေ့ရှိသည်

သစ်ပင်သစ်တောများကို ရေရှည်စီမံကိန်းများဖြင့် လူတိုင်း စွမ်းစွမ်းတမံ အလေးထားစိုက်ပျိုးခြင်း၊ ထိန်းသိမ်းခြင်းများကို ဆောင်ရွက်နိုင်မည်ဆိုလျှင် မုန်တိုင်းရေစီးကြောင်းနှင့် မြေဆီလွှာတိုက်စားမှုများကို လျှော့ချနိုင်ပြီး ရုတ်တရက်ရေလွှမ်းမိုးခြင်းများမှ ကာကွယ်ပေးနိုင်သဖြင့် မြေအောက်ရေကို ပြန်လည်ဖြည့် တင်းပေးနိုင်မည်ဖြစ်သည်။

သစ်ပင်များက ရေနှင့် မြေဆီလွှာမှ ဓာတုပစ္စည်းများနှင့် အခြားညစ်ညမ်းမှုများကို စစ်ထုတ်ပေးနိုင်သဖြင့် ကျန်းမာရေးအကျိုးကျေးဇူးများကိုလည်း  များစွာရရှိနိုင်မည်ဖြစ်သည်။သစ်ပင်များသည် တိုက်စားမှုများကို ထိန်းချုပ်ရန် တောင်များနှင့် ကမ်းရိုးတန်းများကို တည်ငြိမ်အောင် ကူညီပေးနိုင်သဖြင့် သဘာဝဘေးအန္တရာယ်များ မကြာခဏဖြစ်ပေါ်မှုကို တားဆီးပေးနိုင်သည်။

ကမ္ဘာပေါ်တွင် ရာသီဥတုဖောက်ပြန် ပြောင်းလဲမှုများသည် လူသားတိုင်းအတွက် ခြိမ်းခြောက်မှုတစ်ခုဖြစ်လာပြီး ယင်းသို့ဖြစ်ပေါ်ရခြင်း၏ အကြောင်းအရင်းများစွာကို ဖြေရှင်းနိုင်ဖို့လည်း တချို့နိုင်ငံများ တစ်ဖက်တစ်လမ်းက ဆောင်ရွက်နေကြပြီဖြစ်သည်။

မြန်မာနိုင်ငံအနေဖြင့်လည်း သဘာဝပတ်ဝန်းကျင် ယိုယွင်းပျက်စီးလာသည့် အခြေအနေများကို အရေးတကြီးဆောင်ရွက်ရမည့် အချိန်ကာလသို့ ရောက်ရှိလာပြီဖြစ်သည်။

သစ်ပင်များကို အရှိန်အဟုန်ဖြင့် ပြန်လည်စိုက်ပျိုးပြီး ကုစားနေသော နိုင်ငံများ၏ နည်းလမ်းများကို လေ့လာ၍ လူတိုင်းပါဝင်ဆောင်ရွက်ကြဖို့ လိုအပ်နေပြီဖြစ်သည်။

အမွန်