【 နိုင်ငံတကာဆောင်းပါး 】 အရောင်အသွေးစုံပျော် ယူနန်င်္သကြန်ပွဲတော်

【 နိုင်ငံတကာဆောင်းပါး 】 အရောင်အသွေးစုံပျော် ယူနန်င်္သကြန်ပွဲတော်

သင်္ကြန်ပွဲကို ဒီနေ့ခေတ်မှာ မြန်မာနဲ့ ထိုင်းနိုင်ငံတို့လို အရှေ့တောင်အာရှနိုင်ငံတွေတင်မဟုတ်တော့ဘဲ အိမ်နီးချင်း တရုတ်နိုင်ငံမှာလည်း ကျော်ကြားတဲ့ ပွဲတော်အခိုက်အတန့်တွေ ရှိနေပါတယ်။
 
ဒီအထဲ ဟိုးအရင်က လမ်းပန်းအခက်အခဲတွေကြောင့် လူသိနည်းခဲ့တဲ့ တိုင်းရင်းသားတွေနေထိုင်ရာ ဒေသတွေက သင်္ကြန်ဟာ ဒီနေ့ ခေတ်မှာတော့ မတူကွဲပြားတဲ့ ရိုးရာဓလေ့ပုံစံပွဲတော်တွေအဖြစ် လူတွေကို ဆွဲဆောင်နေပါတယ်။
 
ဒီအထဲ တိုင်းရင်းသားအများအပြားရှိတဲ့ ယူနန်ပြည်နယ်က သင်္ကြန်ပွဲတွေကိုတော့ အရောင်အသွေးစုံတဲ့ သင်္ကြန်ပွဲတော်လို့ ဆိုကြပါတယ်။အရောင်အသွေးစုံတဲ့ ယူနန်ဟာ ပထဝီတည်နေရာအနေနဲ့လည်း ထူးခြားပါတယ်။မြန်မာအပါအဝင် လာအိုနဲ့ ဗီယက်နမ် စတဲ့ နိုင်ငံတွေနဲ့လည်း နယ်နိမိတ်ချင်း ထိစပ်နေတာဖြစ်ပါတယ်။ဒါကြောင့်လည်း ယူနန်သင်္ကြန်ရဲ့ စည်ကားမှုက နယ်စပ်ဒေသဖြစ်တာနဲ့အညီ လူသိများ ထင်ရှားနေပြီး အခုဆိုရင် ပွဲတော်လဖြစ်တဲ့ ဧပြီလရောက်တိုင်း ယူနန်ဟာ တရုတ်ပြည်တွင်းခရီးသွားတွေအများစုအပါအဝင် ပြည်ပခရီးသွားတွေနဲ့ အတူ ခရီးသွားလုပ်ငန်း တိုးတက်စည်ကားနေတာလည်းဖြစ်ပါတယ်။
 
ဒါကြောင့် ဒီတစ်ခေါက် ဆောင်းပါးကဏ္ဍမှာ တော့ ယူနန်ပြည်နယ် ဘယ်ဒေသတွေကသင်္ကြန်ကို ဘယ်လိုဆင်နွှဲကြလဲဆိုတာကို တင်ဆက်ပေးသွားချင်ပါတယ်။
 
           စစ်ဆောင်ပန္နားသင်္ကြန်
 
ယူနန်ပြည်နယ်ရဲ့ သင်္ကြန်မှာဆိုရင် လူသိများထင်ရှားတဲ့ သင်္ကြန်ပွဲကျင်းပရာ ဒေသတစ်ခုအဖြစ် စစ်ဆောင်ပန္နားဒေသက နာမည်ကြီးပါတယ်။သန်းချီတဲ့ တိုင်လူမျိုးတွေအတွက် သင်္ကြန်ဟာ တရားဝင် အားလပ်ရက်ဖြစ်ပြီး အခြားတစ်ဖက်မှာ သင်္ကြန်ဆိုတာ တိုင်လူမျိုးတွေအတွက် ထင်ရှားတဲ့ ရိုးရာပွဲတော်တစ်ခုလည်း ဖြစ်နေပါတယ်။ဒါကြောင့် ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် သင်္ကြန်ကာလမှာဆိုရင် စစ်ဆောင်ပန္နား၊ ကျင်ဟုံမြို့မှာ မွန်းလွဲပိုင်းကနေ ညပိုင်းအထိ တိုင်ပြက္ခဒိန် ၁၃၈၅ ခုနှစ်အတွက် နှစ်သစ်ကူးပွဲတော် ရေသဘင်ပွဲ (သင်္ကြန်) ကို ဂုဏ်ပြုအခမ်းအနားနဲ့ ဖွင့်လှစ် ကျင်းပခဲ့ကြပါတယ်။အဲဒီမှာဆိုရင် ရိုးရာနဂါးလှေလှော်ပြိုင်ပွဲ၊ တိုင်းရင်းသား ထူးခြားလက္ခဏာတွေပါဝင်တဲ့ သဲပုံပွဲ၊ ကြက်တိုက်ပွဲ စတဲ့ မြင်တွေ့နေကြမဟုတ်တဲ့ ဖျော်ဖြေမှုတွေအပြင် ညအချိန်မှာ လူသောင်းချီက မီးပုံးပျံလွှတ်တာ၊ မီးမျှောတာတွေနဲ့ လှပစည်ကားခဲ့ပါတယ်။
 
           မန်စီမြို့ သင်္ကြန်
 
ယူနန်ပြည်နယ်မှာ သင်္ကြန်ပွဲတော် ကျင်းပတဲ့ ဒေသတွေထဲ တယ်ဟုန်းပြည်နယ်ခွဲမှာရှိတဲ့ မန်စီမြို့ သင်္ကြန်ကလည်း စည်ကားပါတယ်။အဲဒီသင်္ကြန်မှာဆိုရင်တော့ တရုတ်နိုင်ငံအတွင်းမှာရောက်ရှိနေတဲ့ မြန်မာတိုင်းရင်းသားတွေလည်း ပါဝင်ဆင်နွှဲကြပြီး မြန်မာနိုင်ငံတွင်းက တိုင်းရင်းသားတွေလည်း သွားရောက်ဆင်နွှဲကြလေ့ရှိပါတယ်။မန်စီမှာကျင်းပတဲ့ သင်္ကြန်ရဲ့ ထူးခြားချက်ကတော့ ရိုးရာပုံစံအနေနဲ့ မြန်မာသင်္ကြန်မှာ သပြေခက်နဲ့ ရေပက်ကြသလို မန်စီမှာလည်း ဇော်စိမ်းပန်းခတ်နဲ့ ရေပက်ကစားကြတာရှိပါတယ်။ဒါ့အပြင် မန်စီသင်္ကြန်မှာ ပွဲတော်အစီအစဉ်များစွာရှိပြီး ပန်းတွေနဲ့ ရေကန်အလှဆင်တာ၊ လူသောင်းချီစုဝေး ရေပက်တာတွေအပါအ၀င် ဒေသထွက် တိုင်းရင်းသားအစားအစာတွေ မြည်းစမ်းစားသောက်နိုင်တာ စတဲ့ ပွဲတော်အခိုက်အတန့်တွေရှိနေတာဖြစ်ပါတယ်။
 
           ရင်ကျန်းခရိုင် သင်္ကြန်
 
ယူနန်ပြည်နယ်၊ တယ်ဟုန်ပြည်နယ်ခွဲ၊ ရင်ကျန်းခရိုင်အတွင်းမှာလည်း သင်္ကြန်ပွဲတော်ကို ကျင်းပလေ့ရှိတာ တွေ့ ရပါတယ်။ပွဲတော်အခိုက်အတန့်အနေနဲ့ ရေပက်ကစားတာအပြင် အစားအသောက်တည်ခင်း ကျွေးမွေးဧည့်ခံတာ၊ ရှမ်းအိုးစည်တီးမှုတ် ကခုန်တင်ဆက်တာတွေနဲ့အတူ သင်္ကြန်ပွဲတော်ကို ပျော်ပျော်ရွှင်ရွှင် ဆင်နွှဲကြပါတယ်။
 
           လင်ချန်းမြို့ သင်္ကြန်
 
ယူနန်ပြည်နယ်၊ လင်ချန်းမြို့မှာလည်း သင်္ကြန်ပွဲတော်ကို အစီအစဉ်တွေများစွာနဲ့ ကျင်းပကြပါတယ်။ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် သင်္ကြန်ကာလမှာဆိုရင် သကြန်ပွဲတော်ရေပက်ကစားတာအပြင် ဖွင့်ပွဲအခမ်းအနားကို စည်စည်ကားကား ကျင်းပတာ၊ တစ်မြို့လုံးမှာ စားသောက်ဖွယ်ရာတွေနဲ့ တည်ခင်းဧည့်ခံတာ၊ ကူးသန်းရောင်းဝယ်ရေးရိုးရာဓလေ့ထုံးတမ်းတွေ၊ ကျေးလက်ခရီးသွားလာရေး စတဲ့ ပွဲတော်အစီအစဉ်တွေကိုလည်း တွဲဖက်လှုပ်ရှား လုပ်ဆောင်ခဲ့ကြတာ တွေ့ရပါတယ်။
 
           ဖူအယ်မြို့ သင်္ကြန်
 
ဆက်လက်ပြီး ယူနန်ပြည်နယ်၊ ဖူအယ်မြို့၊ မုံလျန် တိုင်တိုင်းရင်းသား၊ လားဟူတိုင်းရင်းသား၊ ဝတိုင်းရင်းသား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ခရိုင်မှာလည်း သင်္ကြန်ပွဲတော်ကို ဖွင့်ပွဲအခမ်းအနားနဲ့အတူ စည်စည်ကားကား ကျင်းပကြလေ့ရှိပါတယ်။ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်မှာတော့ တိုင်တိုင်းရင်းသားပြည်သူတွေဟာ ဖူအယ်မြို့မှာ နှစ်သစ်ကူးအခမ်းအနားရေသဘင်ပွဲတော် (သင်္ကြန်) ကို စည်စည်ကားကား ကျင်းပခဲ့ကြပါတယ်။
 
           ကူမင်းမြို့ သင်္ကြန်
 
နောက်ဆုံးတစ်ခုအနေနဲ့‌ ဖော်ပြပေးလိုတာကတော့ ယူနန်ပြည်နယ်ရဲ့ မြို့တော်ဖြစ်တဲ့ ကူမင်းမြို့မှာလည်း သင်္ကြန်ပွဲတော်ကို စည်စည်ကားကား ကျင်းပကြလေ့ရှိပါတယ်။ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် သင်္ကြန်မှာဆိုရင် ကူမင်းမြို့က ယူနန် တိုင်းရင်းသားကျေးရွာမှာ ခရီးသွားဧည့်သည်တွေအတွက် ရေပေါ်ရှိုးပွဲ၊ ရေပက်ဆုမွန်ကောင်းတောင်းပေးတဲ့အစီအစဉ်၊ အဆိုအကအစီအစဉ်၊ ရေကစားရင်း ချန်ပီယံလုတဲ့အစီအစဉ် စတဲ့ ပျော်ပွဲအခမ်းအနားတွေနဲ့အတူ ပွဲတော်ရဲ့ မူလအနှစ်သာရမပျက်တဲ့ ရိုးရာဓလေ့ခံစားမှုတွေကို ပြုလုပ်ခဲ့ကြတာလည်းဖြစ်ပါတယ်။
 
သင်္ကြန်ပွဲတော်ဟာ ရိုးရာယဉ်ကျေးမှုဓလေ့ထုံးတမ်းတွေအရ ကျင်းပပုံကွဲပြားတာတွေရှိပေမယ့် နှစ်ဟောင်းက အညစ်အကြေးတွေကိုဆေးကြောတာ၊ နှစ်သစ်မှာ ကုသိုလ်ပြုတာ၊ ပျော်ရွှင်တာ၊ အောင်မြင်စေဖို့ ရည်ရွယ်ကျင်းပတာ စတဲ့ ခံစားချက်တွေနဲ့အတူ အရှေ့အာရှနဲ့တရုတ်နိုင်ငံတို့မှာ ခမ်းခမ်းနားနား ဆက်လက်တည်ရှိနေခဲ့တာလည်း ဖြစ်ပါတော့တယ်။
 
မိုးသား