【 နိုင်ငံတကာဆောင်းပါး 】 နုလူမျိုးတို့ရဲ့ ရိုးရာပန်းပွဲတော် (နတ်သမီးပွဲတော်)

【 နိုင်ငံတကာဆောင်းပါး 】 နုလူမျိုးတို့ရဲ့ ရိုးရာပန်းပွဲတော် (နတ်သမီးပွဲတော်)

လူသားတွေရဲ့ ကမ္ဘာမှာ မတူညီတဲ့ ရိုးရာဓလေ့တွေ၊ ယဉ်ကျေးမှုတွေ၊ သမိုင်းနောက်ခံတွေ၊ ဒဏ္ဍာရီတွေနဲ့အတူ ကမ္ဘာအရပ်ရပ်မှာ ရိုးရာပွဲတော်တွေက အများအပြားရှိကြပါတယ်။

အဲဒီထဲကမှ နိုင်ငံအလိုက် ပွဲတော်တွေကတော့ လူသိများလေ့ရှိကြပြီး တိုင်းရားသားလူမျိုးအလိုက် ကျင်းပပြုလုပ်ကြတဲ့ ရိုးရာပွဲတော်တွေကတော့ လူသိနည်းတတ်ပါတယ်။တစ်ချိန်တည်းမှာပဲ လူသိနည်းတဲ့ တိုင်းရင်းသားတို့ရဲ့ ရိုးရာပွဲတော်တွေဟာ တစ်မူကွဲပြားလေ့ရှိတာကြောင့် ဒီနေ့ခေတ်မှာ ခရီးသွားတွေကို ဖမ်းစားနိုင်စွမ်းရှိတဲ့ ပွဲတော်တွေအဖြစ်လည်း ရှိနေတတ်ပါတယ်။

အခုတစ်ခေါက် ဆောင်းပါးကဏ္ဍမှာတော့ မြန်မာနိုင်ငံနဲ့ သိပ်မဝေးလှတဲ့ ယူနန်ပြည်နယ်က နုတိုင်းရင်းသားလူမျိုးတွေရဲ့ ရိုးရာပွဲတော်တစ်ခုဖြစ်တဲ့ ပန်းပွဲတော် (နတ်သမီးပွဲတော်) အကြောင်းကို တင်ပြပေးလိုပါတယ်။ဒီပွဲတော်ရဲ့အကြောင်းလို့ဆိုရာမှာ အရင်ဆုံး ပွဲတော်ကျင်းပတဲ့ တိုင်းရင်းသားလူမျိုးဖြစ်တဲ့ နုတိုင်းရင်းသားတွေရဲ့အကြောင်း အနည်းငယ်ပြောပြလိုပါသေးတယ်။

           နုတိုင်းရင်းသား

တရုတ်နိုင်ငံမှာတော့ နုလူမျိုး ၉၀ ရာခိုင်နှုန်းဟာ ယူနန်ပြည်နယ်မှာ နေထိုင်ကြပြီး နုကျန်းပြည်နယ်ခွဲရှိ လူရွှေ၊ ဖူကုန့်၊ ကုန့်ရှမ်း၊ လန်ဖင် စတဲ့ ဒေသတွေမှာ နေထိုင်ကြပါတယ်။လူဦးရေ ၂၇,၀၀၀ ရှိပြီး မြောက်ပိုင်း၊ အလယ်ပိုင်းနဲ့ တောင်ပိုင်းအုပ်စုအတွေအဖြစ် ပိုင်းခြားထားပါတယ်။နုလူမျိုးတို့ဟာ တရုတ်နိုင်ငံက အသိအမှတ်ပြုထားတဲ့ တိုင်းရင်းသားလူမျိုး ၅၆ မျိုးအနက် တစ်မျိုးအနေနဲ့ ပါဝင်နေတာလည်းဖြစ်ပါတယ်။

“နု” ဆိုတဲ့ အမည်ဟာ နုဂျန်းမြစ် (Nujiang) အနီးမှာ နေထိုင်တာကြောင့်ဖြစ်ပြီး ၎င်းတို့လူမျိုးစုရဲ့အမည်က အဲဒီနေရာကနေ ဆင်းသက်လာတယ်လို့ ဆိုကြပါတယ်။အခြားတစ်ဖက်မှာတော့ (Nujiang ကို နုမြစ် (သို့မဟုတ်) တရုတ်လို pinyin- Nù Jiāng (သို့မဟုတ်) သံလွင်မြစ်) လို့လည်း ခေါ်ကြတယ်လို့ ဆိုပါတယ်။ဒါကြောင့် နုလူမျိုးတွေဟာ ကချင်ပြည်နယ်နဲ့ ယူနန်ပြည်နယ်တို့မှာ အဓိကနေထိုင်ကြသူတွေဖြစ်တယ်လို့ ဖော်ပြကြပါတယ်။

           ကိုးကွယ်ယုံကြည်မှု

နုလူမျိုးတို့ရဲ့ ရိုးရာပွဲတော်အကြောင်းကို တင်ပြရာမှာ ၎င်းတို့ရဲ့ ကိုးကွယ်ယုံကြည်မှုနဲ့လည်း ဆက်စပ်နေတာကြောင့် ဒီအချက်ကို ထည့်သွင်းဖော်ပြပေးရတာဖြစ်ပါတယ်။နုတိုင်းရင်းသားတွေမှာ တိဗက်ဗုဒ္ဓဘာသာ၊ မျိုးနွယ်စုနတ် ကိုးကွယ်မှုနဲ့ ခရစ်ယာန်ဘာသာကိုးကွယ်သူ အနည်းငယ်ရှိတယ်လို့ ဖော်ပြမှုတွေမှာ တွေ့ရပါတယ်။တိဗက်ဗုဒ္ဓဘာသာကိုတော့ မြောက်ပိုင်းနုတိုင်းရင်းသားတွေက အဓိကကိုးကွယ်တယ်လို့ဆိုပြီး တောင်ပိုင်းနဲ့ အလယ်ပိုင်း အုပ်စုတွေမှာတော့ နတ်ကိုးကွယ်ယုံကြည်မှုနဲ့ ခရစ်ဘာသာကိုးကွယ်မှုတွေ ရှိနေတာဖြစ်ပါတယ်။

ယူနန်ပြည်နယ်၊ နုကျန်းပြည်နယ်ခွဲ၊ ကွန့်ရှမ်းခရိုင်မှာဆိုရင် နုလူမျိုးတွေက ပန်းပွဲတော် (နတ်သမီးပွဲတော်) ကို ကျင်းပကြလေ့ရှိပြီး နတ်ကိုးကွယ်ယုံကြည်မှုနဲ့ ဆက်စပ်တည်ရှိတဲ့ ရိုးရာပွဲတော်လို့ ဖော်ပြကြပါတယ်။နုလူမျိုးတွေရဲ့ ဒီပွဲတော်ဟာ တရုတ်လပြက္ခဒိန်အရ နှစ်စဉ် မတ်လ ၁၅ ရက်နေ့မှာ ကျရောက်ပြီး သုံးရက်ကြာ ကျင်းပကြလေ့ရှိတဲ့ ပွဲတော်ဖြစ်ပါတယ်။ဒီပွဲတော်ရဲ့ ဖြစ်တည်မှုမှာတော့ နောက်ကွယ်မှာ ဒဏ္ဍာရီလာ ဇတ်လမ်းတစ်ပုဒ်ကို အခြေခံထားလို့ စိတ်ဝင်စားဖွယ်ကောင်းပါတယ်။

           ဒဏ္ဍာရီ

အတိတ်တစ်ချိန်က Nujia ရွာမှာ A Rong ဆိုတဲ့ လှပထက်မြက်တဲ့ မိန်းမပျိုတစ်ဦးရှိခဲ့တယ်လို့ ဆိုပါတယ်။တစ်နေ့တော့ သူမအိမ်မှာ ရက်ကန်းခတ်နေရင်း တံစက်မြိတ်အောက်မှာ ပင့်ကူတစ်ကောင်ကို တွေ့ရာကနေ သူမက ကြိုးကို တီထွင်ခဲ့ပါတယ်။အဲဒီနောက် ရွာသားတွေနဲ့အတူ ဝါးတွေ၊ ရက်လုပ်ထားတဲ့ ကြိုးတွေကို အသုံးပြုပြီး ရေစီးသန်တဲ့ Nujiang မြစ်ကို ရွာသားတွေ ဖြတ်သန်းဖို့ ကြိုးတံတားကို ပြုလုပ်ပေးနိုင်ခဲ့ပါတယ်။အဲဒီနောက်မှာတော့ သူမကို နတ်သမီးအဖြစ် လူသိများလာတယ်လို့ ဆိုပါတယ်။

ဒါကြောင့် ဒေသခံအုပ်စိုးရှင်တစ်ဦးက သူမကို ၎င်းရဲ့ဇနီးအဖြစ် ရွေးချယ်ခဲ့ပြီး သူမကငြင်းဆန်တဲ့အခါ လုယက်ယူဖို့ ကြိုးစားလုပ်ဆောင်ပါတော့တယ်။သူမလည်း ဒါကိုသိပြီး နက်နဲတဲ့ တောင်တန်းတွေပေါ်က ကျောက်စက်ပန်းဆွဲဂူထဲမှာ ပုန်းနေခဲ့ရပါတယ်။နောက်ဆုံး တောင်တွေကို မီးရှို့ခိုင်းလိုက်တဲ့အခါ ကံမကောင်းစွာနဲ့  သူမဟာ သေဆုံးသွားခဲ့ရပါတယ်။သူမသေဆုံးပြီးတဲ့နောက်မှာတော့ တချို့သောလူတွေက သူမကို လရဲ့ သမီးတော် ဖြစ်လာတယ်လို့ ယုံကြည်လာကြပါတယ်။

တချို့ကတော့ သူမဟာ ဒေသခံပြည်သူတွေကို စောင့်ရှောက်ဖို့ ရှိနေတယ်လို့ ဖော်ပြကြပါတယ်။ဒါကြောင့် ဒီနေ့ခေတ်တွေ့ရတဲ့ ပွဲတော်က A Rong ဆိုတဲ့ မိန်းကလေး သေဆုံးတဲ့နေ့ အထိမ်းအမှတ်အနေနဲ့ နုတိုင်းရင်းသားတွေက ပန်းပွဲတော်အဖြစ် သတ်မှတ်လုပ်ဆောင်လာခဲ့ကြတာဖြစ်ပါတယ်။

           လှုပ်ရှားမှုများ

နှစ်စဉ်နှစ်တိုင်း နုလူမျိုးတို့ရဲ့ ပန်းပွဲတော်မှာ ပါဝင်သူ ထောင်ပေါင်းများစွာရှိတယ်လို့ ဆိုပါတယ်။ပွဲတော်ဝတ်စုံကို လူတိုင်းဝတ်ဆင်ကြပြီး ပန်းပွဲတော်ကို ကျင်းပရာမှာ ကျေးရွာအသီးသီးက သဘာဝကျောက်စက်ပန်းဆွဲတွေရှိရာ လိုဏ်ဂူကို နတ်သမီးလိုဏ်ဂူအနေနဲ့ ပူဇော်ကြတာလည်းဖြစ်ပါတယ်။ပူဇော်ဖို့ ပစ္စည်းအနေနဲ့ ဝိုင်၊ အသား၊ ပြောင်းဖူး စတဲ့ လှူဖွယ်ပစ္စည်းတွေနဲ့ ပန်းတွေကို လှိုဏ်ဂူအတွင်း ယူဆောင်ကြပါတယ်။အဲဒီနောက် ပွဲတော်မှာ နတ်သမီးဂူတွေကို ပူဇော်ဆုတောင်းတာ၊ သန့်ရှင်းသောရေ ရယူတာတွေ ပြုလုပ်ကြပါတယ်။

ဂူအပြင်ဘက်မှာတော့ တိဗက်ဘုန်းကြီးတွေက အခမ်းအနားကို ကောင်းချီးပေးကြပြီး ဘာသာရေးဆိုင်ရာ ရွတ်ဆိုမှုတွေ ပြုလုပ်ကြတယ်လို့ ဆိုပါတယ်။ကျောက်စက်ပန်းဆွဲတွေကနေရရှိတဲ့ ရေဟာ နတ်သမီးပေးတဲ့ သန့်ရှင်းသောရေအဖြစ် နုလူမျိုးတို့က အယူရှိကြပါတယ်။

ဒီနေ့ခေတ်မှာဆိုရင် ပန်းပွဲတော် (နတ်သမီးပွဲတော်) မှာ ရိုးရာတေးသီချင်းတွေ သီဆိုတာ၊ တောင်တက်တာနဲ့ ၎င်းတို့ရဲ့ အမျိုးသားအားကစားနည်းဖြစ်တဲ့ လေးထောင့်ပစ်ခတ်တာ စတဲ့ အားကစားပြိုင်ပွဲလှုပ်ရှားမှုတွေလည်း ပါဝင်တာကြောင့် အမြင်ဆန်းကြယ်ပြီး စိတ်ဝင်စားဖွယ်ကောင်းတဲ့ ပွဲတော်ဖြစ်ပါတယ်။ဒါ့အပြင် ညပိုင်းမှာ လူပျို၊ အပျိုတွေက မီးပုံပွဲကျင်းပပြီး ညလုံးပေါက် အားပါးတရ သီဆိုကခုန်ကြ ဆင်နွှဲလေ့ရှိတာကြောင့် ပျော်စရာကောင်းတဲ့ တိုင်းရင်းသားပွဲတော်တစ်ခုအဖြစ်ရှိနေတာလည်း ဖြစ်ပါတော့တယ်။

မိုးသား