【 နိုင်ငံတကာဆောင်းပါး 】 တရုတ်နှစ်သစ်ကူးနဲ့ ရိုးရာအလေ့အထများ

【 နိုင်ငံတကာဆောင်းပါး 】 တရုတ်နှစ်သစ်ကူးနဲ့  ရိုးရာအလေ့အထများ

တရုတ်နှစ်သစ်ကူး (တရုတ်နွေဦးပွဲတော်) ရက်က မြန်မာတွေ သင်္ကြန်ပွဲတော်လိုပဲ နှစ်ကူးမှာ ပြုလုပ်လေ့ရှိတဲ့ ရိုးရာအလေ့အထတွေ ရှိနေပါတယ်။ဒီနှစ်မှာတော့ အားလုံးသိကြတဲ့အတိုင်း တရုတ်ပြက္ခဒိန်အရ နဂါးနှစ်အလှည့်ဖြစ်ပါတယ်။

တရုတ်နှစ်ကူးမှာ ထူးခြားချက်က သူတို့ရဲ့ ပြက္ခဒိန်မှာ တစ်နှစ်ကို သတ္တဝါတစ်မျိုးနဲ့ ကိုယ်စားပြုလေ့ရှိတာဖြစ်ပါတယ်။ ၁၂ လရာသီခွင်ရှိတော့ အဲဒီ ၁၂ မျိုးက တစ်နှစ်စီ အလှည့်ကျ ပြောင်းလဲကျရောက်ပါတယ်။အခုနှစ်မှာတော့ ဒဏ္ဍာရီဆန်တဲ့ နဂါးအမှတ်သင်္ကေတဖြစ်နေပြီး ဒါနဲ့ပတ်သက်လို့ တရုတ်လူမျိုးတွေက အင်အားကောင်းမွန်တဲ့သဘော၊ သစ္စာရှိတဲ့သဘောနဲ့ ကံကောင်းတဲ့သဘောတွေ ဆောင်တယ်လို့ ယုံကြည်ကြပါတယ်။

ဒါက တရုတ်နှစ်သစ်ကူးရဲ့ ရိုးရာအလေ့အထတွေကို မဖော်ပြမီ နှစ်ကူးနဲ့ဆက်စပ်တဲ့ အယူအတစ်ရပ်ကို ကနဦးဖော်ပြပေးခဲ့တာဖြစ်ပါတယ်။နှစ်သစ်ကူးမှာ ပြုလုပ်လေ့ရှိတဲ့ ရိုးရာအလေ့အထတွေမှာတော့ နှစ်စဉ်အပြောင်းအလဲ သိပ်မရှိတဲ့ ရိုးရာဟန်ရှိပါတယ်။တရုတ်နိုင်ငံကလည်း အရှေ့တိုင်းနိုင်ငံဆိုတော့ ဒီနေရာမှာ မြန်မာနဲ့ ရိုးရာချင်း တိုက်ဆိုင်တာတွေ အများအပြားရှိသလို လုံးဝကွဲထွက်တဲ့ အယူအဆတွေလည်းရှိပါတယ်။ဒီလိုဆို တရုတ်နှစ်သစ်ကူးနဲ့ မြန်မာ့ရိုးရာမှာ ဘာတွေကတူလည်း၊ ဘာတွေကကွဲလွဲလည်းဆိုတာ စုစည်းဖော်ပြပေးလိုပါတယ်။

          ရိုးရာအလေ့အထ ဆင်တူမှုများ .....

အိမ်သန့်ရှင်းရေး

ဒီလို အိမ်သန့်ရှင်းရေး အလေ့အထကိုတော့ မြန်မာနှစ်သစ်ကူး သင်္ကြန်ကာလမှာ ပြုလုပ်လေ့ရှိတဲ့ ရိုးရာအလေ့အထနဲ့ ဆင်တယ်လို့ ရိပ်စားမိကြမယ် ထင်ပါတယ်။နှစ်သစ်မရောက်ခင် အိမ်တိုင်းဟာ သန့်ရှင်းရေးလုပ်ကြတဲ့ အလေ့အထဖြစ်ပြီး တရုတ်လူမျိုးတွေရဲ့ အိမ်သန့်ရှင်းရေးလုပ်တဲ့ ဓလေ့မှာဆိုရင်လည်း အိမ်မှာရှိတဲ့ မကောင်းတဲ့ နိမိတ်တွေ၊ မကောင်းတဲ့ စိတ်အညစ်ကြေးတွေကို ဖယ်ရှားဖို့အတွက်ဆိုတဲ့ ယူဆချက်ရှိကြပါတယ်။

နှစ်ဆန်း (၁) ရက် ကောင်းမှုကုသိုလ်

တရုတ်လူမျိုးတွေကလည်း နှစ်သစ်ကူး နှစ်ဆန်း (၁) ရက်နေ့မှာဆိုရင် မိသားစုအလိုက် ဘုရားကျောင်းတွေကို သွားရောက်ပြီး ဆုတောင်းဝတ်ပြု ကုသိုလ်ယူကြပါတယ်။ဒီနေရာမှာ အလှူအတန်းတွေလည်းပါဝင်လို့ နှစ်ကူးမှာ ဒါနပြုတာ၊ ကုသိုလ်ပြုတာချင်းလည်း တူညီတဲ့ အလေ့အထရှိကြပါတယ်။

မုန့်လုံးရေပေါ် လုပ်စားခြင်း

မြန်မာတွေ သင်္ကြန်မှာ မုန့်လုံးရေပေါ် လုပ်စားကြသလို တရုတ်လူမျိုးတွေကလည်း နှစ်သစ်ကူးလရဲ့ နှစ်ဆန်း (၁၅) ရက်နေ့ ရောက်တဲ့အခါမှာတော့ မိသားစုလိုက် မုန့်လုံးရေပေါ် လုပ်စားကြလေ့ရှိပါတယ်။ဒီနေရာမှာ မုန့်လုံးရေပေါ် လုပ်စားကြတဲ့အခါ မြန်မာတွေက အလှူဒါနပြုဖို့ လုပ်ကိုင်ကြသလို လူအချင်းချင်း ချစ်ခင်ရင်းနှီးစေလိုတာအပြင် ဗေဒင်အယူအဆိုင်ရာ အတိတ်ဆောင်တဲ့ အချက်တွေလည်း ပါဝင်ပါတယ်။တူညီတာက တရုတ်လူမျိုးတို့ကလည်း ဒီလိုမုန့်လုပ်စားတာမှာ မိသားစုစည်းလုံးညီညွတ်မှုကို ဖြစ်စေတယ်လို့ ယူဆကြတာဖြစ်ပါတယ်။

သက်ကြီးဝါကြီး ကန်တော့ခြင်းနဲ့ အန်ပေါင်းပေးခြင်း

ဒီနေရာမှာတော့ နှစ်သစ်ကူးဓလေ့အနေနဲ့ သိပ်မတူဘဲ အခြားမြန်မာ့ပွဲတော်ကာလနဲ့ ဆင်တူမယ်ထင်ပါတယ်။မြန်မာတွေကတော့ သက်ကြီးဝါကြီး ဘိုးဘွား၊ မိဘ၊ ဆရာ ကန်တော့တဲ့အချိန်အခါအနေနဲ့ သီတင်းကျွတ်နဲ့ တန်ဆောင်တိုင် ပွဲတော်လတွေမှာ ပြုလုပ်တာများပြီး တရုတ်လူမျိုးတွေကတော့ နှစ်ကူးမှာ ပြုလုပ်ကြတာဖြစ်ပါတယ်။အန်ပေါင်းကတော့ တရုတ်အယူအဆမှာ အန္တရယ်ကင်းစေဖို့ ‘သက်စောင့်ငွေ’ အဖြစ် စာအိတ်နီနဲ့ ထည့်ပေးတဲ့ ငွေကြေးဖြစ်ပါတယ်။မြန်မာမှာလည်း သက်ကြီးဝါကြီး ဘိုးဘွား၊ မိဘ၊ ဆရာတွေကို ကန်တော့ရင်း မုန့်ဖိုးပြန်ရလေ့ရှိတာကို သတိရမိကြမယ် ထင်ပါတယ်။

ဖက်ထုပ်လုပ်စားခြင်း

ဒီအလေ့အထကလည်း မြန်မာနှစ်သစ်ကူးမှာ ပြုလုပ်တဲ့ အလေ့အထမဟုတ်သလို အစားအစာချင်းလည်း ကွဲပြားပါတယ်။ဒါပေမဲ့ တရုတ်လူမျိုးတွေက ဖက်ထုပ်ကို နှစ်သစ်ကူးည (၁၂) နာရီအတိမှာ လုပ်စားကြလေ့ရှိပါတယ်။ရောဂါဘယတွေ ကင်းဝေးဖို့ ယူဆကြပါတယ်။ဒီလိုဆိုရင်တော့ တန်ဆောင်မုန်းလပြည့်ည ဆေးပေါင်းခတဲ့အချိန် မြန်မာတွေရဲ့ မယ်ဇလီဖူးသုပ်တဲ့ အလေ့အထကို မြင်ယောင်မိကြမယ် ထင်ပါတယ်။

မီးရှူးမီးပန်းပစ်လွှတ်ခြင်းနဲ့ ဗျောက်အိုး

ဒီအလေ့အထကတော့ မြန်မာမှာရော တရုတ်မှာပါ လက်ရှိမှာ နည်းနည်းတင်းကျပ်မှုတွေရှိလာတဲ့ အလေ့အထဖြစ်ပါတယ်။ဒီအထဲ ဗျောက်အိုးကို တရုတ်မှာဆိုရင်လည်း ဆင်ခြေဖုံးတွေမှာပဲ ခွင့်ပြုတာတွေရှိနေပြီး မြန်မာမှာလည်း တရုတ်နှစ်သစ်ကူးနဲ့ မြန်မာသီတင်းကျွတ်တွေမှာ မြို့ထဲ၊ ရပ်ထဲ ဖောက်ဖို့ ကန့်သတ်ချက်တွေရှိပါတယ်။တရုတ်လူမျိုးတွေကတော့ ရှေးဒဏ္ဏာရီပုံပြင်တွေက ဆင်းသက်လာတဲ့ အယူအဆအရ ဘေးအန္တရာယ်အပေါင်းကနေ ကင်းဝေးစေဖို့နဲ့ မကောင်းတဲ့ မိစ္ဆာနိမိတ်တွေ ပျောက်ကွယ်စေဖို့ရ ည်ရွယ်ပြုလုပ်ကြပြီး မြန်မာမှာတော့ အပျော်သဘော ပြုလုပ်ကြလေ့ရှိပါတယ်။

          ကွဲထွက်တဲ့ အလေ့အထ

အခြားတစ်ဖက်မှာတော့ တရုတ်နှစ်ကူးအလေ့အထတွေထဲ ပန်းချီကားချိတ်ဆွဲတာ၊ အနီရောင်စာတမ်း၊ အနီရောင်မီးပုံးတွေ ချိတ်ဆွဲတာတွေက မြန်မာတွေနဲ့ မတူကွဲပြားတဲ့ အလေ့အထတွေဖြစ်ပါတယ်။ဒါ့အပြင်  တရုတ်လူမျိုးတို့မှာ နှစ်သစ်ကူးကာလ သီးသန့်အချိန်ပေးပြီး မိသားစုနဲ့ မိတ်ဆွေတွေနဲ့ ပြုလုပ်ကြတဲ့ မိတ်ဆုံစားပွဲတွေလည်း ပြုလုပ်လေ့ရှိကြပါတယ်ဆိုတဲ့အကြောင်း ဖော်ပြပေးလိုက်ရပါတယ်။

မိုးသား